ပြောင်းလဲမှုများနဲ့ မြန်မာတို့ရဲ့သင်္ကြန်



ယမန်နှစ် သင်္ကြန်ကာလအတွင်း အညာဒေသတွင် သက်ကြီးရွယ်အိုများအား ခြေသည်းလက်သည်း ညှပ်ပေးနေကြစဉ်

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အချိန်အခါကြီးသို့ ရောက်ရှိလာခဲ့ပြန်ပါပြီ။

မြန်မာနိုင်ငံမှာ ၁၂ လရာသီလုံး ပျော်ရွှင်စရာပွဲတော်များ၊ အထိမ်းအမှတ်နေ့များနဲ့ ပြည့်နေပြီး အခုလည်း မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ၊ တန်ဖိုးထားမြတ်နိုးရတဲ့ နှစ်တစ်နှစ်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး သင်္ကြန်ပွဲတော်နေ့ရက်များကို ထပ်မံရောက်ရှိလာခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

တစ်နှစ်တာပတ်လုံး ကျောင်းသင်ခန်းစာတွေ၊ အလုပ်တွေနဲ့လုံးပန်းလာခဲ့ရသူတွေအတွက် ဒီသင်္ကြန်အချိန်အခါလေးဟာ မိမိရဲ့အိမ်မှာပဲဖြစ်ဖြစ်၊ ခရီးထွက်ပြီးတော့ပဲဖြစ်ဖြစ် အနားယူအပန်းဖြေဖို့ အကောင်းဆုံးအချိန်အခါလေးတစ်ခုလည်း ဖြစ်ပါတယ်။ တစ်နှစ်တာပတ်လုံး စိတ်ညစ်ညူးခဲ့ရသမျှတွေ၊ စိတ်ပင်ပန်းစွာနဲ့ကျောင်းစာတွေ၊ အလုပ်တွေကို အပြိုင်အဆိုင် အားသွန်ခွန်စိုက် လုပ်လာခဲ့ရတာကြောင့် စိတ်ပင်ပန်းနေသူများကလည်း အေးချမ်းတည်ငြိမ်ပြီး ငြိမ်းချမ်းစွာကုသိုလ်ယူနိုင်ဖို့အတွက် တရားစခန်းဝင်ကြသူများ၊ ဥပုသ်စောင့်ကြသူများလည်း ရှိပါတယ်။ အလုပ်လုပ်ပြီး စုဆောင်းထားသည့် ငွေကြေးများနှင့် မိမိတတ်နိုင်သလောက် စတုဒိသာအလှူလုပ်ကြသူများရှိသလို၊ အလှူကြီးလှူနိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုတင်စုဆောင်းထားပြီး သင်္ကြန်ချိန်ခါရောက်မှ လှူဒါန်းမှုများကို ပြုလုပ်ကြသူများလည်း ရှိနေပြန်ပါတယ်။

သက်ကြီးရွယ်အိုတွေ၊ လူကြီးမိဘတွေကို ခေါင်းလျှော်ပေး၊ ခြေသည်းလက်သည်းညှပ်ပေးရင်း ကုသိုလ်ယူကြပြီး၊ သင်္ကြန်ရဲ့သဏ္ဌာန်ကို ပိုမိုပီပြင်အောင် ပုံဖော်ပေးနေကြတဲ့သူတွေလည်း ရှိနေပါတယ်။

ခေတ်စနစ် တိုးတက်လာတာနဲ့အမျှ သင်္ကြန်ရေကစားကြတဲ့ပုံစံ၊ လူအများရဲ့သင်္ကြန်ကို ဖြတ်သန်းကြတဲ့ပုံစံတွေကလည်း အဆင့်ဆင့် ကွဲပြားလာခဲ့ပါတယ်။ ကလေးတွေကတော့ မိမိတို့ရပ်ကွက်တွေထဲမှာ ရေခွက်နဲ့ ရေပြွတ်တွေနဲ့ ရေပက်ကြ၊ စက်ဘီးလေးတွေ ကိုယ်စီစီးလို့ ရေပက်ခံထွက်ကြတာကလည်း နှစ်စဉ်သင်္ကြန်မှာ မြင်တွေ့နေကြ ကလေးတို့ရဲ့ ပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းလေးတစ်ခုပဲ ဖြစ်ပါတယ်

ခေတ်စနစ် တိုးတက်လာတာနဲ့အမျှ သင်္ကြန်ရေကစားကြတဲ့ပုံစံ၊ လူအများရဲ့သင်္ကြန်ကို ဖြတ်သန်းကြတဲ့ပုံစံတွေကလည်း အဆင့်ဆင့် ကွဲပြားလာခဲ့ပါတယ်။ ကလေးတွေကတော့ မိမိတို့ရပ်ကွက်တွေထဲမှာ ရေခွက်နဲ့ ရေပြွတ်တွေနဲ့ ရေပက်ကြ၊ စက်ဘီးလေးတွေ ကိုယ်စီစီးလို့ ရေပက်ခံထွက်ကြတာကလည်း နှစ်စဉ်သင်္ကြန်မှာ မြင်တွေ့နေကြ ကလေးတို့ရဲ့ ပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

သင်္ကြန်ရောက်ပြီဆိုတာနဲ့ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ဖြစ်စေ ရေပက်ခံထွက်ဖို့အတွက် သင်္ကြန်ကားများ ငှားလာကြသူများရှိသလို၊ ရွေးချယ်စရာတွေများလာတဲ့ မဏ္ဍပ်တွေထဲကမှ အပေါင်းအသင်းတွေနဲ့တိုင်ပင်ပြီး ဘယ်မဏ္ဍပ်ထိုင်ကြမလဲ။ ဒီနှစ်သင်္ကြန်မှာ ဘယ်လိုဖက်ရှင်တွေ ၀တ်ဆင်ကြမလဲဆိုတာကလည်း သင်္ကြန်ရောက်ခါနီးပြီဆိုရင် လူငယ်တွေကြားထဲမှာ အရေးပါတဲ့ အလုပ်ကြီးတစ်ခုလို ဆွေးနွေးတိုင်ပင်ကြလာကြတာပဲ ဖြစ်ပါတယ်။

ခေတ်မီတိုးတက်မှုတွေ၊ သင်္ကြန်ဆင်နွှဲတဲ့ပုံစံတွေဟာ ကောင်းတဲ့တိုးတက်ပြောင်းလဲမှုတွေရှိသလို၊ အဆိုးဘက်ကိုပြောင်းလဲသွားတဲ့ ပြောင်းလဲမှုတွေလည်း များစွာရှိလို့လာပါတယ်။ အရင်ခေတ်အဆက်ဆက်က သင်္ကြန်ပွဲတော်ရက်များမှာ သပြေခက်နဲ့ ရေပက်ခဲ့ရာကနေ ဒီကနေ့ခေတ်မှာတော့ မီးသတ်ပိုက်နဲ့ ရေပက်ကြတဲ့အထိ ခေတ်ကတိုးတက်ပြောင်းလဲလာခဲ့သလို၊ လူတွေရဲ့သင်္ကြန်ပွဲတော်ကို ဆင်နွှဲတဲ့ပုံစံတွေကလည်း အဆင့်ဆင့်ပြောင်းလဲလို့လာခဲ့ပါတယ်။ သင်္ကြန်ပွဲတော်မှာ တစ်ဦးနဲ့တစ်ဦး ယဉ်ယဉ်ကျေးကျေးခွင့်တောင်းပြီး ရေဖလားနဲ့ ရေပက်လာတဲ့ခေတ်ကနေ နှမသားချင်းစာနာစိတ်မဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ စနောက်ကြရင်း မိန်းကလေးတွေ ဣနြေ္ဒပျက်ပြားစေလောက်တဲ့ပုံစံမျိုးနဲ့ ခွက်စောင်းခုတ်ပြီး ရေလောင်းတဲ့ခေတ်ကို ရောက်ရှိလာခဲ့ပါတယ်။ ယခင်က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ရက်တွေမှာ စတုဒိသာအလှူတွေ လုပ်ကြပြီး၊ ယဉ်ကျေးတဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ ပျော်ရွှင်စွာ ရေကစားကြပေမယ့်လည်း ဒီကနေ့ခေတ်မှာတော့ စတုဒိသာအလှူတော့ ပြုလုပ်ကြပေမယ့်လည်း လူမြင်မတင့်တယ်တဲ့ ၀တ်စားဆင်ယင်မှုတွေ ၀တ်ဆင်လို့ မျက်စိပသာဒမဖြစ်တဲ့အပြင် အဆင်မျိုးတွေနဲ့ မြန်မာ့ယဉ်ကျေးမှုရဲသရုပ်ကို ဖျက်ဆီးလာကြတာကိုလည်း တွေ့နေရပါတယ်။ သင်္ကြန်ကိုအကြောင်းပြပြီး သာမန်ထက်လွန်ကဲတဲ့ ပျော်ရွှင်မှုတွေနဲ့ အရက်သေစာမူးယစ်သောက်စား၊ အချင်းချင်းရန်ဖြစ်ကြနဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို ပိုမိုအကျည်းတန်လာအောင် လုပ်လာကြပါတယ်။

သင်္ကြန်ရဲ့ အနှစ်သာရ၊ သင်္ကြန်ရဲ့တန်ဖိုးတွေဟာ ပိုမိုကျဆင်းလာခဲ့ပြီး၊ သင်္ကြန်ဟာ တချို့သောလူငယ်တွေရဲ့ အတိုင်းအဆမဲ့ လွတ်လပ်ခွင့်ရဖို့ အချိန်အခါကောင်းတစ်ခု ဖြစ်လို့လာခဲ့ပါတယ်။

သင်္ကြန်ကိုအကြောင်းပြပြီး လွတ်လပ်မှုရှာဖွေချင်တဲ့ လူငယ်တွေရှိသလို၊ တစ်ဖက်မှာလည်း မြန်မာ့ရိုးရာသင်္ကြန်ကို တန်ဖိုးထားထိန်းသိမ်းနေကြတဲ့၊ အထိန်းအကွပ်နဲ့ ပျော်ရွှင်တတ်ကြတဲ့ လူငယ်တွေလည်း ရှိနေပြန်တာကို တွေ့မြင်နေကြရပါ။

သင်္ကြန်ပွဲတော်ရက်များမှာ မဏ္ဍပ်တွေရဲ့ ၀န်ဆောင်မှုကောင်းတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ၊ သံချပ်လှည့်လည်ဖျော်ဖြေမှုတွေလည်းရှိလာတာကြောင့် ဒီနေ့ခေတ်သင်္ကြန်ချိန်ခါဟာ ပျော်ရွှင်စရာကောင်းလာတာနဲ့အညီ သင်္ကြန်ရက်များမှာ အပေါင်းအသင်းများနဲ့ အပြင်ထွက်ရေကစားကြမယ့် သားသမီးတွေအတွက် မိဘတွေမှာတော့ ပူပင်သောကတွေနဲ့ စိုးရိမ်နေကြရပါတယ်။ သားယောက်ျားလေးများကိုတော့ အရက်သေစာ မူးယစ်သောက်စားပြီး၊ ခိုက်ရန်ဖြစ်ပွားမှာ စိုးရိမ်ရသလို၊ သမီးမိန်းကလေးမိဘများကတော့ သူတို့သမီးလေးတွေဘ၀အတွက်တောင် စိုးရိမ်နေကြရတဲ့ခေတ်ကြီးလည်း ဖြစ်လို့နေတာပါ။

သင်္ကြန်မှာ ရေကစားကြတာ အပြစ်မဟုတ်ပါဘူး။ အသက်အရွယ်ရလာတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်အိမ်ရှေ့မှာ ရေစည်တွေချပြီး အိမ်ရှေ့ကဖြတ်သွားတဲ့သူတွေကို ရေလောင်းရတာမျိုးကိုလည်း လုပ်ချင်တော့မှာ မဟုတ်ပါဘူး။ ပြောင်းလဲ အခကြေးငွေပေးပြီး ဖက်ရှင်လန်းလန်းတွေနဲ့ ရေကစားလို့ရတဲ့ မြို့ထဲကမဏ္ဍပ်ကြီးတွေမှာ ရေကစားချင်ကြတာ အပြစ်မဟုတ်ပါဘူး။ ဒါဟာ ခေတ်စနစ်နဲ့ အချိန်အခါရဲ့ပြောင်းလဲမှုအောက်မှာ လိုက်ပါစီးမျောသွားတဲ့ သင်္ကြန်ရဲ့ပြောင်းလဲမှု ပုံစံသစ်ပါပဲ။ ဒါပေမဲ့ သင်္ကြန်ရဲ့သရုပ်ကို ပျက်ပြားစေပြီး၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေမယ့် ပျော်ရွှင်မှုပုံစံမျိုးတော့မဖြစ်ဖို့ လိုအပ်ပါတယ်။

သင်္ကြန်ကိုဆင်နွှဲတဲ့ပုံစံတွေ ပြောင်းလဲလာပေမယ့်လည်း သင်္ကြန်ရဲ့တန်ဖိုးနဲ့ အနှစ်သာရမပျောက် ပျက်အောင် ထိန်းသိမ်းဖို့တော့ လိုပါတယ်။ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်ကနေ ယဉ်ကျေးမှုပျက်ပြားတဲ့ ပွဲတော်တစ်ခု ဖြစ်မသွားဖို့အတွက်တော့ ထိန်းသိမ်းပျော်ရွှင်သင့်ပါတယ်ဆိုတာ အကြံပြုအပ်ပါတယ်။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...