တောင်ပြာတန်းနှင့် သေရွာပြန်ည



ကားပေါ်တွင် အိပ်ပျော်နေသော မသန်းသန်းဝင်း တစ်ယောက် ကမ္ဘာပျက်သည့်အလား အော်ဟစ်ဆူညံ သံများကြောင့် လန့်နိုးလာသည်။ အိပ်ရာမှ နိုးနိုးချင်း ၎င်းတို့ဇနီးမောင်နှံ စီးနင်းလာ သော ခရီးသည်တင် ယာဉ် မီးစလောင်နေသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။

ကားဦးခေါင်းပိုင်း မီးလောင်နေ၍ အောက်သို့ အမြန်ဆင်း နိုင်ရန် ကားမှန်များကို မသန်းသန်းဝင်းတို့ ဇနီးမောင်နှံ ရိုက်ခွဲသည်။ သို့သော် မကွဲပါ။ ၎င်းတို့သာမက ကားပေါ်တွင်ပါလာသော လူလေးဆယ်ကျော် သည် ထိုကားမှန်ကို မည်သူမျှ ရိုက်မခွဲနိုင်။ မီးအရှိန် ပြင်းစွာ လောင်နေသောကြောင့် မသန်းသန်းဝင်းတို့ ဇနီးမောင်နှံ အပါအ၀င်ခရီးသည် လေးဆယ် ကျော်မှာ အသက်ရှင်ရန် အလုံပိတ်ထားသော ကားအတွင်းမှ အမြန်ဆုံးထွက်ရန် လိုအပ်နေသည်။ ထိုအချိန်တွင် ခုံနံပါတ်လေးဆယ်ကျော်မှ လူငယ်နှစ်ဦးသည် ကားနောက်ပိုင်းတွင် တစ်ပေခွဲ ပတ်လည်အပေါက်တစ် ပေါက်ကို ဖွင့်ဟနိုင်ခဲ့သည်။ ခရီးသည် သုံးဆယ်ကျော်သည် ထိုအပေါက် တစ်ပေါက်တည်းမှ အပြင်သို့ထွက်ခဲ့ရခြင်း ဖြစ်သည်။

မသန်းသန်းဝင်းသည်လည်း ခုနစ်ဦးမြောက်အဖြစ် ကားပေါ်မှ ခုန်ချလွတ်မြောက်သူဖြစ်သည်။ ၎င်းရှေ့တွင် အမျိုးသားခြောက်ဦးက ဦးစွာထွက်နိုင်ခဲ့သည်။ မသန်းသန်းဝင်း၏ ခင်ပွန်း ကိုအောင်မင်းသိန်းမှာ ကားပေါ် မှ ကိုးဦးမြောက် ဆင်းနိုင်ခဲ့သည်။ သို့သော် ကိုအောင်မင်းသိန်းမှာ မြေပြင်သို့ ဦးခေါင်းဖြင့်ကျသော ကြောင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ သွေးခဲမှုဖြစ်ပေါ်နေ၍ ရန်ကုန်ဆေးရုံကြီးတွင် အရေး ပေါ်ကုသနေရသည်။ မသန်းသန်း ၀င်းသည်လည်း ခြေထောက်တွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

၎င်းတို့ဇနီးမောင်နှံ နှစ်ဦးအပါအ၀င် ခရီးသည် ၃၈ ဦး၏ ကံ ကောင်းစွာဖြင့် အသက်ဘေးမှ လွတ်မြောက် ခဲ့သော်လည်း ၁၂ ဦးမှာ ကံမကောင်းခဲ့ပါ။ သင်္ကြန် မတိုင်မီတစ်ရက် ဧပြီလ ၁၂ ရက် နံနက် ၂ နာရီအချိန် မိုင်တိုင် ၁၁၆ အနီးတွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော ခရီးသည် ၄၄ ဦးပါရှိသည့် တောင်ပြာတန်းခရီး သည်တင်ယာဉ်နှင့် အိမ်စီးကား ငယ်တစ်ဦး တိုက်မှုဖြစ်ပွားပြီး ကားနှစ်စီးလုံး မီးလောင်ခဲ့ရာ တောင်ပြာ တန်း ခရီးသည် တင်ယာဉ်ပေါ်မှ ခရီးသည် ခြောက်ဦးနှင့် ကားငယ်ပေါ်တွင် လိုက်ပါလာသူ ခြောက်ဦး စုစုပေါင်း ၁၂ ဦးမှာ ကားမီးလောင်သေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သော အဖြစ် ဆိုးကြီး၏ အခိုက်အတန့် တစ်ခု ဖြစ်သည်။

‘‘ကားကလည်း မီးလောင် နေပြီ။ ကားကိုယ်လည်း အလုံ ပိတ်ထားခဲ့တော့ သေပြီလို့တောင်တွေးထား တာ။ သေရွာက ပြန်လွတ်လာတာပဲ’’ ဟု အသက်ဘေးအန္တရာယ်မှ လွတ်မြောက် လာသော၊ ကလေးနှစ်ဦး ၏ မိခင်ဖြစ်သူ အသက်(၃၀)နှစ်အရွယ် မသန်းသန်းဝင်းက အဖြစ်အပျက် ကို ထိတ်လန့်စွာပြန်ပြောပြသည်။

ကိုအောင်မင်းသိန်းသည် တောင်ကြီးမြို့ရှိ မက်စ်မြန်မာ ကျောက်မီးသွေးကုမ္ပဏီတွင် လုပ်ကိုင်နေသူဖြစ် သည်။ ခင်ပွန်းဖြစ်သူဆီ အလည်သွားရာမှ သင်္ကြန်အလုပ်နားရပ် ၎င်းတို့အိမ်ရှိသော ရန်ကုန်မြို့သို့ ပြန်လာ ရာတွင် ထိုအဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ သူတို့တွင် ခုနစ်နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ နွေရာ သီ ကျူရှင်ရှိသောကြောင့် ရန်ကုန်ရှိအိမ်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်မနိုးတော့ ကားက အလုံပိတ်နေပြီ။ ကျန်တဲ့သူတွေ ပြောတာတော့ ဒရိုင်ဘာရယ်၊ စပယ်ယာရယ်၊ ယာဉ်မယ်ရယ် သူတို့ သုံးဦးထွက်ပြေးသွားကြတယ် လို့ ပြောကြတယ်။ တံခါးဖွင့်ပေးခဲ့ရင် အဲဒီလောက်ကြီး မသေ လောက်ဘူး။ မိန်းမကြီးတစ် ယောက်ဆို သူ့ရှစ်နှစ်အရွယ် သမီးလေးကားပေါ် ကျန်နေလို့ ငိုနေတာ။ ကျွန်မလည်း ဘယ်လိုမှ မကယ်နိုင်ဘူး’’ ဟု မသန်းသန်း ၀င်းက ပြောသည်။

တောင်ပြာတန်းခရီးသည် တင်ယာဉ်ပေါ်မှ ခြောက်ဦး သေ ဆုံးမှုသည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့မှာ ကားတံခါးပိတ်ခဲ့ပြီး ထွက်ပြေးသောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ကိုယ် တွေ့ကြုံခဲ့ရပြီး လွတ်မြောက်ခဲ့သူ များက ပြောသည်။ သေဆုံးသူများတွင် အသက်ရှစ်နှစ်အရွယ် ကလေးငယ်နှင့် အိမ်စီးကားပေါ်တွင် အသက်ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦး ပါဝင်သည်။

ခရီးလမ်းတစ်လျှောက်၌ ကိုအောင်မင်းသိန်းမှာ အိပ်မပျော် ခဲ့ဘဲ ည ၁၂ နာရီအချိန်တွင် ကားစက်သံပြောင်း သွားပြီး ကားတစ်ချက်ယိမ်းလိုက်သည်ကို သတိထားမိခဲ့သည်ဟု မသန်းသန်းဝင်းက ပြန်ပြောပြသည်။

‘‘သူက ကားစက်သံ မမှန် တော့လို့ ကားမောင်းသမားချိန်း လိုက်တယ် ထင်တယ်လို့ ကျွန်မ ကိုပြောတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ ကားမီးလောင်ကျွမ်း သော နေရာသို့ အမြန်လမ်းရဲတပ် ဖွဲ့က ငါးမိနစ်အတွင်း အရောက် သွားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံ လိုင်းတွင် ပြောဆိုထားသည်။ ထိုသို့အရောက် သွားခဲ့သော်လည်း မီးလောင်ခံရသူများကို ကယ်တင်နိုင်ခြင်းမရှိဘဲ ကားနှစ်စီးလုံး အရိုးတံဖြစ်သည်အထိ မီး လောင်ကျွမ်းခံခဲ့ရ သည်။ ကားမီး လောင်ကျွမ်းရာတွင် တောင်ပြာတန်းကားကြီးက ရှေ့မှကားငယ် အားတိုက်မိပြီး ကားငယ်၏ တစ်ဝက်ထိ ဖိထားမိရာ ကားငယ်၏ ဆီတိုင်ကီပေါက်ကွဲရာမှ မီးစတင် လောင်ကျွမ်းခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ရောက်သွား တော့ မီးငြိမ်းစပြုနေပါပြီ။ ငါး မိနစ်အတွင်း ရောက်တဲ့ရဲတွေလည်း ရှိမှာပါ။ ကျွန်တော်တို့က နည်းနည်းဝေးတယ်။ ထွက်ပြေး နေတဲ့သူတွေကိုလည်း အမြန်ဖမ်း မိအောင် လုပ်နေပါတယ်’’ ဟု မိုင်တိုင် ၂၁၆ အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။

ကားမီးလောင်ကျွမ်းမှုမှာ တစ်နာရီဝန်းကျင် ကြာမြင့်ပြီး ထိုအချိန်အတွင်း လူ ၁၂ ဦး မီး လောင်၍ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။ အမြန်လမ်းရဲတပ်ဖွဲ့သည် ကားထဲတွင် မီးလောင်ခံနေရ သည့်သူများကို ကယ်တင်နိုင်ခြင်း မရှိဘဲ ကားအပြင်သို့ရောက်ရှိ၍ ဒဏ်ရာရရှိသောသူများကိုသာ ဖြူးမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

နေပြည်တော်-ရန်ကုန် အ မြန်လမ်းပိုင်းကို ၂၀၀၉ ခုနှစ်၊ မတ်လ ၆ ရက်နှင့် နေပြည်တော် - မန္တလေးအမြန် လမ်းပိုင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် က ဖွင့်လှစ်ခဲ့သည်။ လမ်းမကြီး ပေါ်၌ ဖောက်လုပ်ဆဲကာလမှ ၂၀၁၂ ခုနှစ်ထိ ယာဉ်မတော်တ ဆမှု ၃၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၈၀ ဦးကျော် သေဆုံးခဲ့ကာ ၅၆၆ ဦး ဒဏ်ရာရရှိသည်။ ၂၀၁၃ ခုနှစ် တွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်တိုက်မှု ပေါင်း ၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ၆၀၀ ကျော်ဒဏ်ရာရရှိကာ ၁၁၃ ဦး သေဆုံးခဲ့သည်။

‘‘ဒီလောက်လူအများကြီး မီး လောင်သေတာကို တစ်ခါမှ မမြင် ဖူးဘူး။ ဒါပထမဆုံးမြင်ဘူးတာပဲ’’ ဟု ဒုရဲအုပ်စိုးဝင်းက အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

အထက်ပါယာဉ်တိုက်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် မိုင်တိုင် ၃၁၆ ၌ စက်ပျက်၍ ရပ်ထားသော နေလ ခရီးသည်တင်ယာဉ်ကို တက်လမ်းခရီးသည်တင်ယာဉ်ကမှ ၀င်တိုက်ရာ တက်လမ်းခရီးသည်တင် ယာဉ်ပေါ် မှ လူနှစ်ဦးသေဆုံးခဲ့သည်။

ကားမီးလောင်ခံရမှုကြောင့် မသန်းသန်းဝင်း၏ အ၀တ်အထည်အိတ်၊ ကိုအောင်မင်းသိန်း၏ လုပ်ငန်း ပိုက်ဆံများနှင့် အရေးကြီးစာရွက်စာတန်းများ မီး လောင်ရာတွင် ပါသွားခဲ့သည်။ သင်္ကြန်အခါရက်များတွင် မိသားစုနှင့်အတူ ပျော်ရွှင်စွာ အနားယူရန် ဆုံးဖြတ်ထားသော မသန်းသန်းဝင်းတစ်ယောက် ရန်ကုန် ဆေးရုံကြီးတွင် လူနာစောင့်အဖြစ် သင်္ကြန်ကာလကို ဖြတ်သန်း ခဲ့ရသည်။

‘‘ကားမောင်းသမားတွေလည်း သတိနဲ့မောင်းစေချင်တယ်။ တိုက်မှုဖြစ်ပွားပြီး ထွက်မပြေးစေ ချင်ဘူး။ ကားဂိတ်တွေကလည်း တာဝန်ယူမှု အပြည့်ရှိစေချင်တယ်။ အမြန်လမ်းမှာ အရေးပေါ် ဖုန်းနံပါတ်တွေ၊ မီးသတ်ကားတွေ နေရာအနှံ့ထားစေချင်တယ်။ ဒီလိုမှမဟုတ်ရင် ပြည်သူတွေ ခရီးသွားရတာ မလွယ်ဘူး’’ ဟု မသန်းသန်းဝင်းက ချောက်ချားဖွယ်ဖြစ် ရပ်ကြုံတွေ့ရပြီးနောက် ၎င်း၏ အမြင်ကိုပြောသည်။

‘‘အခုအချိန်မှာ အမြန်လမ်း မကြီးကနေ ခရီးမသွားရဲဘူး။ အဝေးပြေးကားစီးရမှာ ကို တော် တော်ကြောက်နေပြီ’’ ဟု မသန်းသန်းဝင်းက ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက် ခဲ့ပြီးနောက် သူ၏ခံစားချက်ကို ပြောသည်။

7Day Daily
No.352 Friday, April 18, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...