နွမ်းလျခြင်းမှာ အဖြေရှာ

ရံဖန်ရံခါ လူပင်ပန်းစိတ်ပင်ပန်းတဲ့အခါ နုံးချည့်မောနွမ်းတတ်ကြတာဓမ္မတာပါ။ ဒါပေမယ့် ရံဖန်ရံခါထက် ပိုလာပြီး ဒီလိုခံစားမှုမျိုးကို မကြာခဏဖြစ်နေ တတ်တယ်ဆိုရင်တော့ သတိပြုရမယ့် အနေအထားပါပဲ။


(photo by XElimoX)

ကြီးကြီးမားမား ရောဂါတခုခုရှိရင် လူကအလိုလို နုံးချည့်နွမ်းလျနေတတ်လေ့ရှိသလို တခါတလေမှာ သာမန် ကျန်းမာရေး ပြဿနာလေးတွေကလည်း လူကိုနွမ်းမောနုံးချည့်စေတတ်တာပါပဲ။

အူလမ်းကြောင်းဆိုင်ရာရောဂါ
ပေါင်မုန့်၊ ကိတ်မုန့်နဲ့ စီရီယယ်တွေမှာပါဝင်တဲ့ Gluten ဓာတ်ကို ခံနိုင်ရည်မရှိသူတွေမှာ ပြင်းထန်တဲ့ ဓာတ်ပြုတုံ့ပြန်မှု ဖြစ်တတ်ပါတယ်။ သာမန်ဝမ်းလျှောတာကအစ သွေးအားနည်းတာ၊ ကိုယ်အလေးချိန် ကျလာတာတွေနဲ့အတူ မောနုံးနေတတ်ပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေပြုပြီး ကုသရတဲ့ရောဂါပါ။

သွေးအားနည်းရောဂါ
မောပန်းနွမ်းလျမှုနဲ့ပတ်သက်ရင်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ရောဂါက သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါ ပါပဲ။ ယောင်္ကျားတွေနဲ့  သွေးဆုံးပြီးမိန်းမတွေ မှာ လူ ၂၀ ကို ၁ ယောက်လောက် ဖြစ်တတ်သလို ဓမ္မတာ လစဉ် လာနေသူ အမျိုးသမီးတွေမှာတော့ ပိုဖြစ်တတ်ပါတယ်။ ရာသီသွေး ဆင်းတာ များတတ်တဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ်။

နာတာရှည်နွမ်းလျခြင်း လက္ခဏာစု
ဒါကတော့ အနည်းဆုံး ၆ လလောက်အထိ ခံစားရတတ်ပြီး ပြင်းထန်တဲ့၊ ဒုက္ခိတတယောက်လိုပဲလို့ ညည်းတွားချင်ရအောင် စိတ်ညစ်ရတဲ့ရောဂါပါ။ လည်ချောင်းနာတာ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်တာ၊ ခေါင်းကိုက်တာတွေ တွဲပြီးဖြစ်ပါတယ်။

အိပ်နေစဉ် အသက်ရှူရပ်သွားတတ်ခြင်း
အိပ်နေစဉ်မှာ လည်ချောင်းကျဉ်းတာ၊ ပိတ်တာကြောင့် အသက်ရှူရခက်ပြီး မကြာခဏ အနှောင့် အယှက်ဖြစ်ရတာမျိုးပါ။ ဟောက်သံ ကျယ်ကျယ်ထွက်ပြီး သွေးထဲမှာအောက်ဆီဂျင်လျော့သွားစေတဲ့ အခြေအနေပေါ့။ အသက်ရှူရခက်တော့ ခဏခဏ ပြန်နိုးရပြီး နောက်နေ့ အိပ်ရေးမ ဝနုံးချည့်နေ တတ်တာမျိုးပါ။ အဝလွန်သူ သက်လတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အရက်သောက်၊ ဆေးလိပ်သောက်သူတွေ ဆိုရင်တော့ ပိုဆိုးစေတတ်ပါတယ်။

သိုင်းရွိုက်ဂလင်း စွမ်းအင်နည်းခြင်း

သိုင်းရွိုက်ဂလင်းက ဟော်မုန်းထုတ်လုပ်မှု ကျဆင်းတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ လူက မောပန်းနွမ်းလျလွယ်လာပါတယ်။ ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ကြွက်သားတွေ နာကျင် ကိုက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက်ကြီးလေ ဆိုးလေပါပဲ။ ဒါကတော့ ဂရုတစိုက် ကုသမှုခံယူရမယ့်ရောဂါပါ။

ဆီးချိုရောဂါ
သွေးထဲမှာ သကြားဓာတ်များနေတဲ့ ဒီရောဂါမှာတော့ မောပန်းနုံးချည့်ခြင်းက အဓိက လက္ခဏာလို ဖြစ်နေ တတ်ပါတယ်။ ရေငတ်လွန်တာ၊ ဆီး မကြာခဏ သွားတာ၊ ကိုယ်အလေးချိန် ကျဆင်းလာတာ တွေကြုံတွေ့ ရပါလိမ့်မယ်။ ဂရုစိုက်ရမယ့် ရောဂါပါ။

အကျိတ်ရောင်ဖျား
ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်တတ်ပြီး အတွေ့ရများတဲ့ရောဂါတခုပါ။ အာသီးရောင်ပြီး အကျိတ်တွေပါ ရောင် တတ်ပါတယ်။ နာတာရှည် နုံးချည့် ပန်းလျနေတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ တွေ့ရတာ များပါတယ်။ ပုံမှန်လေးပတ်ကနေ ခြောက်ပတ်လောက်မှာ ကျန်တဲ့လက္ခဏာတွေ ပျောက်သွားပေမယ့် လပေါင်းများစွာ နွမ်းလျနေတတ်ပါတယ်။

စိတ်ကျရောဂါ
ဝမ်းနည်းပူဆွေးတာ၊ စိတ်ဓာတ်ကျတာတွေ ကလည်း ကိုယ်တွင်းမှာ စွမ်းအင်တွေ ကုန်ခန်းစေပါ တယ်။ တော်တော်နဲ့ အိပ်မပျော်တာ၊ အစောကြီးနိုးနေတာတွေဖြစ်ပြီး နေ့ပိုင်းတွေမှာ နုံးချည့်နေတတ် ပါတယ်။

ဆေးခန်းပြသင့်တဲ့ အခြေအနေများ
အိပ်ရေးဝပါလျက် နုံးချည့်နွမ်းလျနေရင်၊ စိတ်တွေရှုပ်ထွေးနေရင် ၊ မူးဝေနေရင်၊ အမြင်အာရုံဝေ၀ါးလာရင်၊ အကြောင်းမဲ့ ကိုယ်အလေးချိန် အတက်အကျဖြစ်လာရင်၊ အလုံးအကျိတ်တွေ ပေါ်လာရင်၊ ဝမ်းချုပ်ရင်၊ ခေါင်းကိုက်၊ အိပ်မပျော်၊ စိတ်ကျအစ ရှိတဲ့လက္ခဏာတွေ တွေ့လာရင်တော့ ကျွမ်းကျင်သူ ဆရာဝန်ထံမှာ အကြံဥာဏ်ယူရပါလိမ့်မယ်။

ဒေါက်တာသက်ဦး
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...