ချော့ကလက်အညိုနှင့် နှလုံးကျန်းမာရေး ဆက်စပ်မှုအကြောင်းရင်း တွေ့ရှိ

ဒဲလက်စ်တွင် အခြေစိုက်သည့် အမေရိကန် ဓာတုသိပ္ပံ ဌာန (ACS)သည် ချော့ကလက် အညိုများ က နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေကြောင်း ယေဘုယျ လက်ခံထားသည့် အဆိုအတွက် တိတိ ကျကျ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။



အခါးဓာတ်များသည့် ချော့ကလက် အညိုများသည် နှလုံးသွေးကြောများအတွက် အမှန်တကယ် ကောင်း မွန်သည့် အကျိုးအာနိသင် သက်ရောက်စေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ က ထောက်ခံခဲ့သည်။ ဒဲလက်စ်တွင် အခြေစိုက်သည့် အမေရိကန် ဓာတုသိပ္ပံ ဌာန (ACS) သည် ချော့ကလက် အညိုများက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေကြောင်း ယေဘုယျ လက်ခံထားသည့် အဆိုအတွက် တိတိကျကျ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။

ယခင်က ချော့ကလက် အညိုသည် နှလုံးကျန်းမာရေးအတွက် သင့်တော်ကြောင်း ပညာရှင်များက လက်ခံထားသော်လည်း အကြောင်းရင်းကို အဖြေရှာရန် ခက်ခဲနေခဲ့သည်။ သို့သော်လည်း ACSက ယင်းသည် ဘက်တီးရီးယားဖြစ်စဉ် ပြောင်းလဲမှုများကြောင့်ဟု ရှာဖွေ တွေ့ရှိခဲ့သည်။
ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ ချော့ကလက်အညိုတောင့်များကို စားသုံးလိုက်သည့်အခါ လူ့ခန္ဓာကိုယ် အတွင်းပိုင်း အစာချေအင်္ဂါများမှ ဘက်တီးရီးယား တစ်မျိုးသည် ယင်းတို့ကို ဝါးမြိုကာ ရောင်ရမ်းနာကျင် မှု လျော့ပါးစေသည့် အာနိသင်ရှိသော ဓာတ်ပေါင်းတစ်မျိုးကို ပြန်လည် ထုတ်ပေးလိုက်ကြောင်း သိရသည်။ ယင်းဓာတ်ပေါင်းသည် နှလုံးကျန်းမာရေးအတွက် သိသာစွာ အထောက်အကူ ပေးလျှက်ရှိသည်။ အဆိုပါ ဓာတ်ပေါင်းသည် နှလုံးသွေးကြောများအတွင်း ရောင်ရမ်းမှုများ ဖြစ်ပေါ်နိုင်သည့် အခြေအနေကို လျော့ပါး သွားစေသည်။ အကျိုးဆက်အနေဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့ ရုတ်တရက် ဖြစ်ပေါ်လာမည့် အနေအထားကို တားဆီးပေးနေကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ဦးဆောင် သုတေသီ တစ်ဦးဖြစ်သည့် ဂျွန်ဖင်လီက “ဘက်တီးရီးယား တစ်မျိုးက ချော့ကလက်ကနေ တစ်ဆင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဓာတ်ပေါင်းပုံစံ တစ်မျိုးကို ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီ ဓာတ်ပေါင်းက နှလုံးသွေးကြောတွေကို အထောက်အကူ ကောင်းကောင်းပေးနိုင်ပါတယ်”ဟု ဆိုသည်။

၎င်းက အဆိုပါ ဓာတ်ပေါင်းကို လေ့လာနေဆဲဖြစ်ပြီး တစ်နေ့နေ့တွင် ဆေးတောင့်အဖြစ် ထုတ်လုပ်ပေးနိုင် ရန် မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့သေးသည်။

“ဒါဟာ နှလုံးအားဖြည့် ဆေးတစ်လက် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဆေးတွေစားပြီး ဘာလုပ်မှာလဲ။ ကျွန်တော်သာဆို ချော့ကလက်အညိုနဲ့ ကွတ်ကီးပဲစားမယ်၊ ဒါမှမဟုတ် ချော့ကလက်ပြင်းပြင်းနဲ့ ကိုကိုးပဲ သောက်တော့မှာပေါ့”ဟုလည်း ၎င်းက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...