မျိုးဗီဇ ပြောင်းလဲမှုကြောင့် သန်းများဆေးယဉ်ပါးလာ


Health Updates Journal No. 112

မြောက်အမေရိကတိုက်တွင် အများစုတွေ့ရသည့် သန်းများသည် မျိုးဗီဇပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာပြီး သန်းပျောက်ဆေးများကို ခံနိုင် ရည်ရှိလာကြောင်း သုတေသနတစ်ခု အရသိရသည်။

ဦးခေါင်းသန်းတွယ်သည့် ပြဿနာသည် အဖြစ်များသည့် ပြည်သူ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ကျောင်းနေအရွယ် ကလေးများ၏ (၁၀) ရာခိုင်နှုန်းမှာ သန်းတွယ်ခံရပြီး ယားယံခြင်း၊ ရောဂါပိုးဆင့်ကဲ ကူးစက်ခံရခြင်းတို့ ကြောင့်ကျောင်းပျက်လျက် ရှိသည်ဟု ဆိုသည်။
သန်းသတ်ဆေးတစ်မျိုးတည်းကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သောကြောင့် ဆေးဒဏ် ခံနိုင်ရည်ရှိလာပြီး သန်းများပွားများလျက်ရှိသည်။ သန်း ၏အာရုံကြေားစနစ်ကို ဖျက်ဆီးတတ်သည့် permethrin ဒြပ်ပေါင်း အခြေခံသန်းသတ်ဆေး တစ်မျိုးတည်းကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရာမှ ယခုအခါ ဆေးယဉ်ပါးလာခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ခံစားခဲ့ရပြီး သန်းတွယ်နေသည့် စစ်ဘေးဒုက္ခသည်များကို DDT ပိုးသတ်ဆေးနှင့် အစုလိုက်အပြုံလိုက် သန်းရှင်းလင်းခဲ့ရာမှ သန်းမျိုးဗီဇပြောင်းလဲမှု စတင်ဖြစ်ပေါ်ခဲ့နိုင်ကြောင်း သုတေသီများက ယူဆကြသည်။

မြောက်အမေရိကတိုက်မှ အမေရိကန်နှင့် ကနေဒါနိုင်ငံများမှ မြို့ပြ ဒေသ (၃၂) ခုနေ လူထုထံတွင် သန်းနမူနာများ ရယူခဲ့ပြီး မျိုးဗီဇစစ်ဆေး ခဲ့ရာ နှစ်နိုင်ငံစလုံးမှရသည့် သန်းများ၏ (၈၈) ရာနှုန်းကျော်တွင် TI မျိုးဗီဇ၌ ချွတ်ယွင်းမှုဖြစ်ပေါ်လျက် ရှိပြီး အဆိုပါပြောင်းလဲမှုကြောင့် permethrin အခြေခံသန်းသတ် ဆေးများကို ခံနိုင်ရည်ရှိစေသည်ကို တွေ့ရသည်။

ဥရောပနှင့် တောင်အမေရိကတိုက်များတွင် permethrin သန်းသတ်ဆေးအသုံးမပြုတော့ဘဲ ဓါတုဆေးသစ်လေးမျိုးမှငါးမျိုး ထပ်မံ တီထွင်အသုံးပြုလျက်ရှိသည်။
“သုတေသနအဖွဲ့ရဲ့တွေ့ရှိချက်ကို လက်ခံပါတယ်။

သန်းသတ်ဆေးသစ်တွေကို ဆေးလက်တွေ့စမ်းသပ်မှုတွေပြုလုပ်ခဲ့တဲ့အခါ permethrin ထက် ပိုထိရောက်တာကိုတွေ့ရပါတယ်” ဟု Eastern Virginia ဆေးတက္ကသိုလ်မှ အရေပြားပါမောက္ခ David Pariser က ဆိုသည်။

သီဟ
Ref:NMD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...