ဘယ်လိုနွှဲမလဲ . . . ဒီသင်္ကြန်

နှစ်စဉ်တန်ခူးလ ရောက်ပြီ ဆိုသည်နှင့် မြန်မာလူမျိုးတိုင်း၏ နှလုံးသားထဲတွင် တစ်နှစ်တာလုံး ငုပ်လျှိုးနေခဲ့သော သင်္ကြန်ပိုးလေးက ခေါင်းပြူလာစမြဲ။ မြန်မာမှန်လျှင် သင်္ကြန်ကို ချစ်ကြသည်ပင်။ ဘဝ၀မ်းရေး၊ ပညာရေး၊ စီးပွားရေး စသည့် ရည်မှန်းချက် အသီးသီးအတွက် ပြည်ပနိုင်ငံများတွင် ရုန်းကန် လှုပ်ရှားနေကြရသော ရွှေမြန်မာများ ဆိုလျှင်လည်း သင်္ကြန်ပွဲတော် နီးလာသည်နှင့် အမိမြေကို ပြန်ချင် သည့်စိတ်က ပိုမိုထက်သန် ပြင်းပြလာကြမည်မှာ အမှန်။



လူငယ်အများစု အတွက်ကတော့ သင်္ကြန်ပွဲတော်သည် ပျော်ရွှင်စရာ အကောင်းဆုံး ရိုးရာပွဲတော်တစ်ခု ဖြစ် သည်။ သင်္ကြန်ကာလတွင် တရားစခန်းဝင်သူ လူငယ်အချို့ ရှိနိုင်သော်လည်း အများစုကတော့ သူငယ်ချင်းများနှင့်အတူ ကားများဖြင့် လှည့်လည်၍ ရေပက်ခံထွက်ခြင်း၊ သင်္ကြန်မဏ္ဍပ်များ တွင် ရေပက် ကစားခြင်းတို့ဖြင့် သင်္ကြန်ပွဲတော်ကို ဖြတ်သန်းကြလေ့ ရှိကြရာ လည်ပတ်မည့် သူများအတွက် အသုံးဝင်မည့် အချက်အလက်များ သတင်းပါးလိုက်ပါသည်။

မဏ္ဍပ်တိုးထားသည့် ရန်ကုန်သင်္ကြန်မှာ ပျော်ချင်သူ လူငယ်များအတွက် ယခုနှစ် ရန်ကုန် သင်္ကြန်ကလည်း ယခင်နှစ်ကထက် ပိုမိုစည်ကားဖွယ် ရှိသည်။ ယမန်နှစ်က ရန်ကုန်မြို့တော်တွင် ပေ ၁၀၀ အထက် မဏ္ဍပ်ကြီး ၄၁ ခုသာ ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် သင်္ကြန်ပွဲတော်ကို ပိုမို စည်ကားစေရန် အတွက် ရေကစားမဏ္ဍပ်ကြီး ဆောက်လုပ်ခွင့်ကို ၁၆ ခုတိုးကာ ၅၆ ခုအထိ တိုးမြှင့်ခွင့် ပြုပေးထား သည်။ ရေကစား မဏ္ဍပ်ကြီးများကို ကန်တော်ကြီး ပတ်လမ်းတွင် ၁၆ ခု၊ ကမ္ဘာအေး ဘုရားလမ်းတွင် ၁၀ခု၊ ပြည်လမ်းတွင် နှစ်ခု၊ ပါရမီလမ်းနှင့် ဆရာစံလမ်းတွင် လေးခုစီ၊ ကမ်းနားလမ်းတွင် နှစ်ခု၊ အထက်ကြည့်မြင်တိုင်လမ်းတွင် တစ်ခုနှင့် ကျန်မြို့နယ် အသီးသီးတွင်လည်း ပေ ၁၀၀ နှင့် ပေ ၅၀ ကြား မဏ္ဍပ် အလတ် ၃၆ ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ခွင့်ပြုပေးခဲ့သည်။

သင်္ကြန်မဏ္ဍပ် များထဲတွင်လည်း နာမည်ကျော် အနုပညာရှင်များ သီဆို ဖျော်ဖြေပေးကြမည့် မဏ္ဍပ်များမှာ ကျန်မဏ္ဍပ်များထက် ပိုမိုစည်ကားဖွယ် ရှိသည်။ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်တွင် Lazy Club တီးဝိုင်းနှင့် တွဲဖက်ပြီး တေးသံရှင် မြန်မာပြည်သိန်းတန်၊ ဂရေဟမ်၊ လွှမ်းပိုင်၊ ထက်နေကြည်၊ ကောင်းကောင်း၊ ယုဇန၊ မို့မို့လွင်၊ ရွှေရည် ဖြိုးမောင်၊ အိုင်ရင်းဇင်မာမြင့်၊ Bobby Soxer တို့က သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။ ကန်တော်ကြီး မျှော်စင်ကျွန်းထဲရှိ Grand Royal မဏ္ဍပ်တွင်တော့ Dream Lover တီးဝိုင်းနှင့် တွဲဖက်ပြီး တေးသံရှင် လင်းလင်း၊ ချစ်ကောင်း၊ ဆိုတေး၊ ဇွဲပြည့်၊ အလင်းရောင်၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အိုင်ရင်းဇင်မာမြင့်၊ လိမ္မော်သီး စသူတို့အပြင် ဂျပန်နိုင်ငံမှ Pinky Doodle Poodle တီးဝိုင်းကလည်း သီချင်းများနှင့် သီဆို ဖျော်ဖြေပေးကြမည် ဖြစ် သည်။ တေးသံရှင် များ၏ သီဆိုဖျော်ဖြေမှုအပြင် ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်များ၊ နိုင်ငံခြားမှ အကပညာရှင်များ၏ ထူးခြားဆန်းပြားသော ကကွက်များ၊ ဒီဂျေသော်သော်၊ သြစတြေးလျနိုင်ငံမှ ဒီဂျေ Shane OB နှင့် ဒီဂျေ Fred Junko တို့၏ မြူးကြွသော ဂီတသံစဉ်များကြားတွင် ပျော်ရွှင်စွာ ကခုန် ပျော်ပါးနိုင်ကြမည် ဖြစ်သည်။

ပြည်လမ်းပေါ်ရှိ အင်းလျားကန်နှင့် မျက်နှာချင်းဆိုင် လမ်းမပေါ်တွင်တော့ AGD ဘဏ်မဏ္ဍပ်တွင် Iron Cross တီးဝိုင်းက သီဆိုဖျော်ဖြေမည် ဖြစ်သလို Alpine မဏ္ဍပ်တွင်မူ လူငယ်ပရိသတ်ကြိုက် ဟစ်ပ်ဟော့ပ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် အနုပညာ သူငယ်ချင်းများက သီဆိုဖျော်ဖြေကြ မည် ဖြစ်သည်။ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ Myanmar Event Park တွင်တော့ Index Creative Village နှင့် နာမည်ကျော် အချိုရည် ကုမ္ပဏီ ကိုကာကိုလာတို့ ပူးပေါင်း စီစဉ်သည့် Myanmar Summer Festival ၂၀၁၄ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။ ယင်းပွဲတော်တွင် ဝင်ရောက် ဆင်နွှဲလိုသူများအတွက် ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ကျပ် ၃၀၀၀ သတ်မှတ်ထားပြီး ပျော်ရွှင်ဖွယ်ရာ ကစားနည်းမျိုးစုံကို ကစားနိုင်ကြမည် ဖြစ်သည်။

သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေပက် ကစားချင်သူများအတွက် သင်္ကြန်မဏ္ဍပ် များကလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆွဲဆောင်နေကြပြီ ဖြစ်သည်။ မဏ္ဍပ် အများစုတွင် လက်မှတ်ဈေးနှုန်းများမှာ သင်္ကြန်ရက် အားလုံးအတွက် အနိမ့်ဆုံး ကျပ် ၄၅,၀၀၀ မှ အမြင့်ဆုံး ကျပ် ၅၀,၀၀၀ အထိရှိပြီး သင်္ကြန်ရက် တစ်ရက်ချင်းစီ အတွက်မူ အနိမ့်ဆုံး ကျပ် ၁၅,၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၀,၀၀၀ အထိရှိကြသည်။ ရေပိုက် အရေအတွက်၊ မဏ္ဍပ် တည်ရှိသည့်နေရာ၊ အကျယ်အဝန်း၊ ခေါ်ယူ ငှားရမ်းထားသည့် ဒီဂျေ ဦးရေနှင့် အစားအသောက်များပေါ် မူတည်ပြီး မဏ္ဍပ်တစ်ခုနှင့်တစ်ခု လက်မှတ်ဈေးနှုန်း ကွာခြားသွားခြင်း ဖြစ်သည်။ သင်္ကြန်ရေပက်ခံ ထွက်ချင်သူများ အတွက်မူ ကားငှားရမ်းခမှာ ကားအမျိုးအစားနှင့် လူဝင်ဆံ့မှုပေါ် မူတည်ပြီး အနိမ့်ဆုံး ကျပ်တစ်သိန်းမှ အမြင့်ဆုံး ကျပ်တစ်သိန်းခွဲအထိ ဈေးပေါက်လျက် ရှိကြောင်း ဟင်္သာကားအငှားလုပ်ငန်း လုပ်ကိုင်သူ ကိုအောင်ဇော်ဦးက ပြောကြားသည်။

သင်္ကြန်ပွဲတော်သည် လူငယ်များအတွက် သူ့ထက်ငါ ဖက်ရှင် ဒီဇိုင်းဆန်းများကို ဝတ်ဆင်ပြသခွင့်ရသည့် အချိန်အခါ တစ်ခုလည်း ဖြစ်သည်။ လူငယ်နှင့် ဖက်ရှင် ဆိုသည်မှာ ခွဲခြားမရသော်လည်း ယမန်နှစ် သင်္ကြန်ပွဲတော် ကာလတွင် ရေကစားမဏ္ဍပ်များ၊ ရေပက်ခံကား များပေါ်မှ အမျိုးသမီးငယ် အချို့၏ အမြင်ရိုင်းစေသော ဝတ်စားဆင်ယင်မှု များကြောင့် Facebook လူမှုကွန်ရက် စာမျက်နှာများ တွင် ဝေဖန်သံများ ညံခဲ့ဖူးသည်။ ထို့အတွက် ယခုနှစ် သင်္ကြန်ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ကော်မတီ ၁၀ ရပ်အနက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မဆီလျော်သော ဝတ်စားဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီမှ မဏ္ဍပ်တိုင်းတွင် တာဝန်ရှိသူ တစ်ဦးစီထားကာ ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်၍ ခေါ်ယူသတိပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

“သင်္ကြန်ပွဲတော်က မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူစရာ ရိုးရာပွဲတော် တစ်ခုပါ။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင် မှုကြောင့် ကိုယ့်တစ်မျိုးသားလုံး အထင်အမြင် သေးခံရမယ့် အဖြစ်မျိုး မရောက်အောင် အဝတ်အစား ဝတ်တဲ့နေရာမှာ ခေတ်နဲ့လည်း လျော်ညီပြီး မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှု မျိုး ဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်” ဟု မြန်မာ့ဂုဏ်ဆောင် အလှမယ် တစ်ဦးဖြစ်သူ နန်းခင်ဇေယျာ က ပြောကြားသည်။

သင်္ကြန်ပွဲတော် ကာလတွင် လွတ်လပ် ပျော်ရွှင်စွာ ဆင်နွှဲလိုသည့် လူငယ်တို့၏ စိတ်ကို အပြစ်မပြော လိုသော်လည်း အပျော်လွန်ကဲပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ ယာဉ်တိုက်မှု များကြောင့် မလိုလား အပ်သည့် နောက်ဆက်တွဲ အကျိုးဆက် ပြဿနာများ မဖြစ်ပွားအောင်တော့ လူငယ်တိုင်း ဆင်ခြင်ကြစေ ချင်ကြောင်း၊ ၎င်းတို့ လူငယ်ဘဝတုန်းကလည်း သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ဖူးသော်လည်း ခိုက်ရန် ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ သင်္ကြန်ပွဲတော်တွင် လည်ပတ်ကြမည့် သူငယ်ချင်းအချင်းချင်း တစ်ဦးကို တစ်ဦး ထိန်းပေးပြီး အန္တရာယ် မဖြစ်အောင် ပျော်ကြစေလိုကြောင်း Idiots တီးဝိုင်းမှ တေးသံရှင် ရေမွန် က ပြောကြားသည်။

နှစ်စဉ်သင်္ကြန် အလှပြယာဉ်များ၊ ရေပက်ခံ ကားများဖြင့် စည်ကားမြဲ ဖြစ်သော အစဉ်အလာကြီးသည့် မန္တလေး သင်္ကြန်တွင်လည်း လည်ပတ်မည့်သူများ ပြင်ဆင်သင့်သည့်၊ သိရှိသင့်သည့် အချက်အလက်များ ကို ဖော်ပြလိုက်ပါသည်။

မန္တလေးသင်္ကြန်ကို ပါဝင်ဆင်နွှဲရန် မဏ္ဍပ်တွင် သူငယ်ချင်းများနှင့်အတူ ရေကစား လိုသူများအတွက် ကျုံးဘေးတွင် အစည်ကားဆုံး နေရာဖြစ်သည့် ကျုံးတောင်ဘက် ၇၈ လမ်းထောင့်တွင် ဒိုမီနို ရေကစား မဏ္ဍပ်၊ နွေရတီ ရေကစားမဏ္ဍပ် တို့မှာလည်း ရေကစားနိုင်သည်။ မန္တလေးမြို့ ကျုံးအရှေ့ဘက် ရှိ မြူးကြွသော ဒီဂျေ သီချင်းများနှင့်အတူ ပျော်ရွှင်စွာ ရေကစားနိုင်မည့် SMART BAR ရေကစား မဏ္ဍပ်သို့ လည်း သွားရောက်နိုင်သည်။

မဏ္ဍပ်တွင် ရေပက်မည်ဆိုပါက ပျမ်းမျှဈေးနှုန်းမှာ သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက် တစ်ဦး လျှင် ၃၀၀၀၀ ကျပ်၊ အကြိုနေ့ တစ်ရက်တည်း ၅၀၀၀ ကျပ်၊ အကျနေ့ ၁၀၀၀၀ ကျပ်၊ အကြတ်နေ့နှင့် အတက်နေ့ ၂၀၀၀၀ ကျပ်တို့ ဖြစ်သည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် ကားဖြင့် လည်ပတ်မည့်သူများ၊ မဏ္ဍပ်ထိုင်သူများအတွက် ကျုံးတောင်ဘက်ရှိ Alpine မဏ္ဍပ်တွင် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ မြို့တော်ဝန်မဏ္ဍပ်တွင် ဖြိုးကြီး၊ ဇော်ပိုင်၊ ဂျက်မြသောင်း၊ ကြည်သာ (ပွဲကြိုက်ခင်)၊ ဝေလျှံ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ မိစန္ဒီ၊ စန္ဒီမြင့်လွင်၊ မေခလာ၊ ခင်စုစုနိုင်၊ မှူးရတနာတို့ လာရောက် ဖျော်ဖြေမည်ဖြစ်ပြီး ကျုံးမြောက် ဘက်ခြမ်းတွင် S.I.R အဖွဲ့မှ BIG BAG၊ WANTED၊ IDIOT အဖွဲ့တို့မှ ဖျော်ဖြေမှုများ ပြုလုပ်သွားမည် ဖြစ် သည်။

သင်္ကြန်ကာလအတွင်း ရေပက်ခံ လည်ပတ်ကြရန် မော်တော်ယာဉ် ငှားရမ်းသူ များပြားခြင်းကြောင့် ဈေးနှုန်း များ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်။ လာမည့် သင်္ကြန်ကာလအတွင်း တစ်ရက်လျှင် ကျပ်သုံးသိန်းခန့်အထိ မော်တော်ယာဉ် ငှားရမ်းမှု ဈေးမြင့်တက်လာပြီး Light Truct အငှားဈေးကွက်မှာ လည်း တစ်ရက်လျှင် ကျပ်နှစ်သိန်း နီးပါးခန့် ရှိသည်။

သင်္ကြန်ကာလအတွက် အထူးလျှော့ဈေးအနေနှင့် ထိုင်းနိုင်ငံဘက်မှ နောက်ဆုံးပေါ် ဖက်ရှင်များကို လမ်း ၃၀၊ ၇၃ လမ်းထောင့်ရှိ Miss Thailand တွင် ရောင်းချလျက်ရှိရာ ဆယ်ကျော်သက် မိန်းကလေးများ အကြိုက် ဖက်ရှင်အင်္ကျီများ၊ ဒီဇိုင်းဆန်းသော ဖိနပ်များကို သင်္ကြန်ဖက်ရှင်အတွက် ဝယ်ယူရရှိနိုင် မည် ဖြစ်သည်။ သင်္ကြန်အတွင်း ဝတ်စားဆင်ယင်ရန် အဝတ်အစားနှင့် အသုံးအဆောင်များ တစ်နေရာ တည်း ရရှိနိုင်သည့် ၇၃ လမ်း၊ ၂၇ လမ်းတွင် ဖွင့်လှစ်ထားသော Little Things She Needs ဖက်ရှင်ဆိုင် လည်း ရှိသေးသည်။

မြန်မာတို့၏ နှစ်သစ်ကူး သင်္ကြန်တွင် လူကြီးမိဘများကို ကန်တော့ကြသည်များလည်း ရှိသည်။ ယင်းအတွက် အသုံးအဆောင် ပစ္စည်းများလည်း မန္တလေးမြို့ လမ်း ၈၀ တစ်ဝိုက်ရှိ အဝတ်အထည် ဆိုင်များတွင် လျှော့ဈေးဖြင့် ရောင်းချမှုများလည်း ရှိသည်။

မန္တလေးသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်များတွင် ရေကစားပြီး ဝင်ရောက် အပန်းဖြေ အနားယူလို သူများနှင့် ကလေးငယ်ရှိသည့် မိသားစုများ ပျော်ရွှင်စွာ ဆော့ကစားနိုင်မည့် အပန်းဖြေ ဥယျာဉ်နေရာ နှစ်ခုရှိသည်။

အဆိုပါ နေရာများအနက် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ကမ်းနားလမ်းထိပ်တွင် ရှိသည့် မြို့တော် ဥယျာဉ်တွင် အပန်းဖြေအနားယူရင်း ပျော်ရွှင်စွာ ဆော့ကစားနိုင်မည် ဖြစ်သည်။

မြို့တော်ဥယျာဉ်သည် မြေနေရာ ကျယ်ဝန်းပြီး အရိပ်ကောင်းကောင်း နေရာများအပြင် အဆာပြေ စားသောက်နိုင်သည့် စားသောက်ဆိုင်ငယ်များလည်း ရှိသည့်အတွက် သင်္ကြန်ရေပက်ခံ ထွက်သည့် ကားများ ရပ်နားကာ သူငယ်ချင်းများ ပျော်ပျော်ပါးပါး နေ့လယ်စာ စားနိုင်မည် ဖြစ်သည်။ သင်္ကြန်တွင်း မလည်ရ၍ ဂျီကျနေသည့် သားသားမီးမီးများ အတွက်လည်း ပျော်ရွှင်စွာ ဆော့ကစားနိုင်မည့် ပျော့ပျော့ အိအိ ကလေးကစားကွင်း၊ ပင်လယ်ဓားပြနှင့် မိုးပျံရထားများ ရှိသည့်အတွက် သင်္ကြန်တွင်း သွားရောက် သင့်သည့် နေရာကောင်းတစ်ခု ဖြစ်သည်။

နောက်ထပ် အပန်းဖြေအနား ယူစရာနေရာ တစ်ခုမှာ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်တွင် တည်ရှိသည့် မနော်ရမ္မံ ဥယျာဉ် ဖြစ်သည်။ ယာဉ်အသွားအလာ ရှုပ်ထွေးမှု နည်းပါးသည့် နေရာတွင် တည်ရှိသည့်အပြင် မန္တလေးမြို့သစ်နှင့် နီးပြီး မန္တလေးမြို့လယ်ဘက်မှ လာမည် ဆိုလျှင်လည်း မိနစ် အနည်းငယ်ဖြင့် ရောက် ရှိနိုင်သည်။ ယင်းအပြင် မန္တလေးမြို့ အရှေ့ဘက်ရှိ ပုသိမ်ကြီးမြို့၊ တောင်ဘက်ရှိ အမရပူရမြို့နယ်နှင့် ပလိပ်မြို့တို့မှ လာရောက် အပန်းဖြေ လိုသူများလည်း နာရီဝက်အတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

နှစ်စဉ် သင်္ကြန်ရက်တိုင်း ပိတ်ရက်မရှိ ဖွင့်လှစ်လေ့ ရှိသည့် မနော်ရမ္မံ ဥယျာဉ်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

မည်သို့ဆိုစေ မြန်မာ့ရိုးရာ ပွဲတော်များတွင် လူအများဆုံး အစည်ကားဆုံး ရက်အရှည်ဆုံး ပွဲတော်ဖြစ်သည့် မဟာသင်္ကြန် ပွဲတော်မှာ ကျရောက်တော့မည် ဖြစ်သည်။ ထို့အတူ မန္တလေးမြို့တော်တွင်လည်း ယခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေး ကျုံးမြို့ရိုး ပတ်လည်တွင် သင်္ကြန် မဏ္ဍပ်ပေါင်း ၃၃ ခု၊ မန္တလေးမြို့တွင်း တွင် ရှစ်ခုနှင့် မန္တလေးကန်တော်ကြီး ပတ်လမ်းတွင် ကိုးခု ဆောက်လုပ်မည် ဖြစ်သည်။

ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ်များ၊ ပဋိပက္ခ ဖြစ်မှုများဖြင့် အပူလှိုင်း စီးနေသော မြန်မာလူမျိုးများ အတွက် လာမည့် အတာသင်္ကြန်သည် ခဏမျှ အပူများ ငြိမ်းအေးစေမည်ဟု ယုံကြည်ပါသည်။ ပျော်ကြ၊ ပါးကြမည့်သူများအတွက် ပျော်ရွှင်ဖွယ် အတိပြီးသော သင်္ကြန်ကို ကြိုရန် စိုင်းပြင်းနေကြပြီ ဖြစ်သည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...