မယ်ပြိုင်ပွဲ ၊ရေကူးဝတ်စုံ ၊ကမ္ဘာကြည့် နဲ့ ယဉ်ကျေးမှု



Miss Supranational Myanmar Organization က ရွေးချယ် လိုက်တဲ့ အလှမယ် ခင်ဝင့်ဝါ ဟာ Belarus နိုင်ငံမှာ ကျင်းပနေတဲ့ Miss Supernational 2013 ပြိုင်ပွဲမှာ ရေကူးဝတ်စုံ နဲ့ ယှဉ်ပြိုင် ရတဲ့ ပြိုင်ပွဲဝင် ဓါတ်ပုံ အပေါ် မြန်မာ့ ယဉ်ကျေးမှု စံနှုန်းများနဲ့ တိုင်းတာလို့ တစ်ဖုံ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်လို့ တစ် သွယ် ပြောဆို ဝေဖန်မှုတွေ ညံဆာလို့ လာပြန်တဲ့ အတွက် နိုင်ငံတကာ မယ်ပြိုင်ပွဲ များနဲ့ ရေကူး ၀တ်စုံ ၀တ်ဆင် ယှဉ်ပြိုင်ရမှု အပေါ်ပြိုင်ပွဲ စည်းကမ်း သဘာဝ အကြောင်း သဘောထား အမြင် တချို့ကို မေးမြန်း တင်ဆက်ဖို့ ဖြစ်လာပါတယ်။

Miss Supranational Myanmar Organization မှ National Director (Pageant Franchisee) ကိုဝေယံအောင် က Miss မခင်ဝင့်ဝါ အပေါ် သူ့ရဲ့ အမြင် နဲ့ မျှော်လင့်ချက်ကို ဖွင့်ဟပြောကြားတာက “အခု Miss Supranational Myanmar 2013 ခင်ဝင့်ဝါ ကို အွန်လိုင်း စာမျက်နှာ ကနေ ပရိသတ်တွေကို တိုတ် ရိုက်မြင်တွေ့ရပါတယ်။ အွန်လိုင်း ကနေ အားပေးတဲ့ မိဘပြည်သူ ပရိသတ်တွေကြောင့် သူလည်း နေရာ တစ်ခု ရထားပါပြီ။ အဲဒီ အွန်လိုင်းပေါ်က ရေကူးဝတ်စုံ ကိစ္စတွေကို အနည်းငယ် ပြောချင်မိတာက၊ ဒီလိုဝတ်ပြီး ပြိုင်ရတာက”

ခင်ဝင့်ဝါရဲ့ ဝတ်စုံက ပြိုင်ပွဲဝင် စည်းကမ်းအတိုင်း ဝတ်ဆင် ထားခြင်းပဲဖြစ်
ကိုဝေယံ အောင်(National Director) မှ

” ကျန်းမာရေး၊ အသားအရေ၊ ကိုယ် ကာယ အလှတွေကို စစ်ဆေးတဲ့ သဘောပါ။ ဒါကလည်း miss ပြိုင်ပွဲ တွေရဲ့ ထုံးစံအရပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ လိင် အသား ပေး ဆွဲဆောင်တာကြောင့် ဝတ်ပြီး ပြိုင်တာ မဟုတ်ပါဘူး။ ပြိုင်ပွဲကို စိတ်ဝင်စားမှု များလာအောင်လည်း ဝတ်ပြီးပြိုင်တာ မဟုတ်ပါဘူး။ ဒါက ကိုယ်တစ် ကိုယ်လုံး ရဲ့ ကိုယ်နေ ကိုယ်ဟန်၊ အသားအရေ ကျန်းမာရေး၊ အမာရွတ်တွေ စစ်ဆေးနေတဲ့ အနေအထားမှာ ဒီရေကူး ဝတ်စုံကို ဝတ်ပြီး ယှဉ်ပြိုင် ရတာကို အမြင် တစ်မျိုး နဲ့ မမြင်စေချင်ပါဘူး။ ဥပမာ အလုပ်တစ်ခု လုပ်ပြီဆိုရင် ဒီအလုပ်ရဲ့ သဘော သဘာဝ၊ ဒီအလုပ်ရဲ့ စည်းမျဉ်း စည်းကမ်းတိုင်း လုပ်ရသလိုမျိုး။ ဒီပြိုင်ပွဲ ဟာလည်း ပြိုင်ပွဲရဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း လုပ်ရတာပဲလေ။ ခုက ခင်ဝင့်ဝါ မြန်မာ Miss တစ်ယောက် တည်း ဒီလို ဝတ်စား ထားတာ မဟုတ်ပါဘူး။ အားလုံးက ပြိုင်ပွဲ စည်း ကမ်းပါ အတိုင်း ဝတ်စားကြတာပါ။ ပြီးတော့ ယဉ်ကျေး မှုကို ဆန့်ကျင်ပြီး ဝတ်တာလည်း မဟုတ်ပါဘူး။ ဒါက ပြိုင်ပွဲ တစ်ခုရဲ့ စည်းကမ်း အဆင့်ဆင့်ကို ကျော်ဖြတ် ပြီးလို့ ဒါဝတ် ရမယ့် အဆင့် ရောက်လာလို့ ဝတ်ပြီး ပြိုင်ရတာပါ။ ပြိုင်ပွဲ အဆင့် ဆင့်တွေမှာလည်း သူ့ဝတ်ပုံ စားပုံ နေပုံ ထိုင်ပုံတွေကို ဒီရေကူး ဝတ်စုံ၊ ကိုယ်ကာယ အလှ စစ်ဆေးတဲ့ ဝတ်စုံ တစ်စုံပဲ အသားပေး ပြီးတော့ ပရိသတ်၊ မိဘပြည်သူတွေ အနေနဲ့ မပြောစေချင်ဘူး။ ဒါကို ပြိုင်ပွဲ တစ် ခုအနေပဲ မြင်ပေးစေချင်ပါတယ်။ ကိုယ့်တိုင်းပြည် အတွက် အခွင့် အလမ်းတွေ လက်လွတ် မခံဘဲ ပြိုင်ပွဲမှာ ရေကူး ဝတ်စုံကို မဝတ်ချင် ပေမယ့် ပြိုင်ပွဲ စည်းကမ်းအရ ခင်ဝင့်ဝါ ကဝတ်ခဲ့တာပါ။ ဝေဖန်မှုတွေက သူ့အတွက် စိတ် အနှောင့် အယှက် ဖြစ်မှာထက် စိတ်ဓာတ် ကျမှာကို မလိုလားဘူး။ သူက ၁၉နှစ် ပဲ ရှိသေးတယ်။ အသက်လည်း ငယ်သေးတဲ့ အတွက် စိတ်တော့ ထိခိုက် ခံစား ရတယ်။ ဒါပေမဲ့ ကျွန်တော် တို့က သူ့အတွက် မဟုတ်ဘဲ တိုင်းပြည် အတွက် လို့ရှင်းပြပြီး ခွန်အားပေးပါတယ်”လို့ ပြောပြခဲ့ပါတယ်။

နိုင်ငံတစ်ကာမှာ သွားပြိုင်ရင် ပြိုင်ပွဲရဲ့ ဝတ်စား ဆင်ယင်မှုအရပြိုင်ရ
ဒေါ်ရီရီဝင်း -ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်အမှုဆောင်
(အပြည်ပြည်ဆိုင်ရာဒိုင်လူ ကြီး)

ဒီ့နောက် နိုင်ငံတကာကို ဝင်ပြိုင်တဲ့ အခါ ဝတ်စား ဆင်ယင်မှု အပိုင်းနဲ့ ပတ် သက် ပြီး အခက်အခဲ တွေ အများ ကြီးရှိကြောင်းကို ကာယဗလနှင့် ကာယ ကြံ့ခိုင် မှု အဖွဲ့ ချုပ် အမှုဆောင် (အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး) ဒေါ်ရီရီဝင်းက ” နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့ ပေမယ့် သိပ်ပြီး အသိအမှတ်ပြု မခံရသေးပါဘူး။ နိုင်ငံ တကာမှာ သွားပြိုင် ရင် ပြိုင်ပွဲ ရဲ့ ဝတ်စား ဆင်ယင်မှုအရ ဝတ်စားပြီး ပြိုင်ရပေမယ့် သွားပြိုင်၊ သိသာ သိစေမမြင်စေ နဲ့ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ကိုယ့် တိုင်းပြည်ရဲ့ ခွင့်ပြုနိုင်တဲ့ အနေအထား အရ အားကစား ဝတ်စုံနဲ့ ဘောင်းဘီကို ဝတ်ရတယ်။ အောင်မြင်မှု တွေရလာပေမယ့် ထင်ထင်ပေါ်ပေါ်ကြီး မလုပ်နိုင်သေးဘူးလေ။ တစ်ချိန် ကျရင် တော့ ထင်ထင်ပေါ်ပေါ် နဲ့ မြန်မာ အမျိုးသမီးတွေ ဒီအားကစား နည်းမှာ နိုင်ငံ့ဂုဏ်ကို ဘယ်လိုဆောင်တယ် ဆိုတာ တိုင်းပြည်က ပိုပြီးသိလာ၊ လက်ခံလာနိုင်မှာပါ” လို့ပြောပြခဲ့ပါတယ်။

Miss တွေ အနေနဲ့ သွားရင်တော့ ခွင့်ပြုရတော့မယ်။
ဒါရိုက်တာသီဟတင်သန်း

International သွားရင်တော့ သူ့ အရပ် နဲ့ သူ့ဇာတ်၊ ကိုယ်ရောက်တဲ့ အရပ် က ဇာတ်ကို တော့ ကိုယ်နိုင်အောင် ကရလိမ့်မယ်လို့ ပြောလာပြန်တဲ့ ဒါရိုက်တာ သီဟ တင်သန်း က “ဥပမာ ကမ္ဘာက ရိုက်တာ “Memory of Asia” မင်းသမီး က ဂေရှားမယ် တစ်ယောက် ဂျပန်မှာ ဂေရှား ဆိုတာ Lower Standard ပေါ့။ ကီမိုနို ဝတ်စုံ ကို ဝတ်တတ်ဖို့ သင်တယ်။ ဇာတ်ကတော့ ဂေရှားမယ်ဇာတ်၊ အနုပညာလား၊ ယဉ်ကျေးမှုလား၊ တစ်ခုစီ လည်း သတ်သတ်စီပဲပါ။ ပေါင်းလည်း ပေါင်းသင့်တယ်။ မပေါင်း လို့လည်း မရဘူး။ ရပြီဟေ့ဆို တိုင်း နင်းကန် လုပ်သွားရင်တော့ လုပ်တဲ့ သူပေါ်ပဲ ပြန်မူတည် လိမ့်မယ်။ ပြေးဆိုတိုင်း ဘယ်လောက် ပြေးရမှာလဲ။ ပြေးတာတောင် လက် ဆင့်ကမ်းလား။ အများကြီး ရှိတယ်။ အဲဒါလေးတွေ ထည့် တွက်ရ လိမ့်မယ်။ ဒါ ကျွန်တော့် အယူအဆပါ။ မှန်ရင် မှန်မယ်။ မှား ရင်မှားမယ်။ ယဉ်ကျေးမှုနဲ့ အနုပညာ အတူတူပဲ။ လူတွေ အတွက် ဖျော်ဖြေမှုက ဒီနှစ်ခုကပဲ ထွက် လာတာ။ အနုပညာ ဖြစ်ဖို့ ယဉ်ကျေးမှု ရှိမှ ထွက်လို့ရသလို ယဉ်ကျေးမှုကြောင့်လည်း ဖြစ်လာတာ။ ဖန်တီးတဲ့ သူကသာလျှင် လိုတယ်။ ပါဝင် သရုပ်ဆောင်တဲ့ သူကလည်း မိုင်းကွန်းဆက်က မှန်ကန်တယ် ဆို သူဘယ်လောက် ဝတ်သင့်တယ်လို့ တွက်လို့ရ လိမ့်မယ်။ ရေကူး ဝတ်စုံ တိုင်းလည်း တစ်ကိုယ်လုံး မပေါ်ဘူးလေ။ လုံခြုံတဲ့ ဝတ်စုံတွေ ရှိတယ်။ ဥပမာ အင်ဒိုနီးရှင် လိုပေါ့။ ကိုယ့်နိုင်ငံမှာ လာလုပ်တဲ့ ပွဲ ဆိုရင်တော့ ဒါလက်မခံဘူး။ ဒါ ယဉ် ကျေး မှုပေတံ နဲ့ ကြည့်တော့ မှန်တယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ ယဉ်ကျေးမှု ဆိုတာကို ခဏဖယ် ထားရမယ်။ ဒါမှမဟုတ် ရင် ရှုတ်ကုန်မယ်။ အဲဒီနှစ်ခုက အမြဲတမ်းကွန် ဖလစ် ဖြစ်တော့မယ်လို့ ကျွန်တော်တော့ ယူဆတယ်”လို့ အခု လက်ရှိပြိုင် ပွဲဝင်နေတဲ့ ခင်ဝင့်ဝါနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။


အမြင်ကျဉ်းမှုတွေ နဲ့ဆိုရင် တိုင်းပြည်မတိုးတက်ပါဘူး
ဒေါ်ဆွေဇင်ထိုက်

ပြိုင်ပွဲ စည်းကမ်း အရ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ရခြင်းပဲ ဖြစ်တဲ့ အတွက် ထူးဆန်းမှု မရှိပါကြောင်းကို ဒေါ်ဆွေဇင်ထိုက်က “ကျွန်မ တို့တွေက သူများတကာရဲ့ ပင်မရေ စီး ကြောင်း ထဲကို ဝင်ချင်တယ် ဆိုရင်တော့ သူများ တကာတွေ ပင်မရေ စီးကြောင်း ထဲကို ရောက် အောင်သွားရမှာပဲ။ အစကတည်းက ကိုယ့် ယဉ်ကျေးမှု ကိုယ်တန်ဖိုး ထားလို့ ရှိရင် သျှောင် ထုံးတွေ နဲ့ ပုဆိုးတွေက တောင်းကျိုက်ပြီး နေကြပေါ့။ ဘာလို့ ဘောင်းဘီတွေ ဝတ်ပြီး အပြင်သွားနေမလဲ။ ပြိုင်ပွဲ စည်းကမ်း အရ သူဝတ်ရမယ် ဆိုရင် သူဝတ် တာပဲလေ။ ဒါဘာမှ မထူးဆန်းပါဘူး။ ကျွန်မ အစကတည်းက ဒီမှာ ရှိနေတဲ့ ဒိုင်တွေရဲ့ မျက်စိတွေ မြင်နိုင်ဖို့အတွက် မတင်မိုးလွင်ကိုတောင် ဒိုင်လူကြီး သင်တန်း တစ်ခုပို့ ဖို့အတွက် စီစဉ်တယ်။ သူက ၃လတိတိ အဝေးကြီးကို သွားနေရမှာ ဆိုတော့ မသွားနိုင်ပါ ဘူးလို့ ပြောတယ်။ ဘယ်သူ့ကို လွှတ်ရမလဲ ဆိုပြီး လိုက် ကြည့်တော့ သင်တန်းကို သွားတက်တဲ့ အခါ အင်္ဂလိပ်စာ အခြေခံ ရှိရမယ်။ အတွေ့ အကြုံ တွေ လည်း ရှိရမယ် ဆိုတော့ ကျွန်မ လူရှာလို့ မရတော့ မပို့လိုက်ရဘူး။ အဲဒီ တုန်းကသာ နိုင်ငံတကာ ဒိုင် တစ်ယောက်ရဲ့ ပုံစံက ဘယ်လို ရှိရသလဲ ဆိုတာ တစ်ယောက် သွားတက် နိုင်ရင် ဒီမှာပြန်လာပြီး Workshop တွေ၊ သင်တန်းတွေပေး မယ် ဆိုရင် ဒီကလူတွေ လည်း နည်းနည်းတော့ အမြင်ကျယ် သွားမယ်လို့ ထင်တယ်။ အနုပညာ ဆိုလို့ ရှိရင် သစ္စာ ရှိရမယ်။ အနုပညာ ကို သစ္စာ မရှိဘဲ စီးပွားဖြစ် ကော်မာ ရှယ် လုပ်တာတို့ နိုင်ငံရေး အရ အသုံးပြု တာတို့ အဲဒီ အချက်နှစ် ချက်ဟာ အနုပညာ လောကကြီး တစ်ခုလုံးကို ဖျက်ဆီးနေတာပဲ။ ဒါကိုမြင်အောင် ကြည့်ရ မယ်။ ကိုယ်ကျိုး စီးပွားတွေနဲ့ မနာလိုတဲ့ စိတ်တွေနဲ့ အမြင်ကျဉ်း မှုတွေနဲ့ ဆိုရင် ဒီတိုင်းပြည် ဘယ်တော့မှ မတိုးတက်ပါဘူး” လို့သူ့ရဲ့ အမြင်ကို ပြော ပြပါတယ်။

ရေကူးဝတ်စုံနဲ့ ပါဝင် ယှဉ်ပြိုင် ရခြင်းမှာလည်း Physical Body Beauty, Fitness, Complexion တို့ကို စစ်ဆေးဖို့ အတွက် ယှဉ်ပြိုင်ရ ခြင်းဖြစ်ပါတယ်။

Belarus နိုင်ငံမှာ သြဂုတ်လ ၁၇ ရက်နေ့ မှ စက်တင်ဘာ လ ၈ ရက်နေ့ အထိ ကျင်းပတဲ့ Miss supranational 2013 ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါဟာ သြ ဂုတ် ၂၈ ရက်နေ့မှာ အဆိုပါ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ ရ ခြင်းဖြစ်ပြီး သြဂုတ်လ၂၉ ရက်နေ့ မှာတော့ Talent Show အတွက် အပျိုတော် အကဖြင့် တင်ဆက်ခဲ့ကာ အဆိုပါ ပြိုင်ပွဲရဲ့ အဓိက အမျိုးသား ဝတ်စုံ ယှဉ်ပြိုင်မှုဖြစ်တဲ့ National Costume တွင် ပျူခေတ် ဝတ်စုံနဲ့လည်း နိုင်ငံ့ ဂုဏ်ဆောင် ဝတ်ဆင် ယှဉ်ပြိုင် ခဲ့ပါတယ်။ ပြိုင်ပွဲကြီးရဲ့ ရင်ခုန်ဖွယ် နောက်ဆုံး ဆန်ခါတင် အဆင့်ကိုတော့ စက်တင်ဘာ ၆ ရက်နေ့ မှာ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဆုတွေ ကတော့ Miss supranational 2013၊ First Runner up?Second Runner Up၊ Third Runner Up၊ Fouth Runner Up၊ Top 10 (in order)၊ Top 20(in order) တို့ကို ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံများကို Miss supranational 2013 ဖေ့စ်ဘုတ်မှရယူဖော်ပြပါသည်)

Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...