လူကုန်ကူခံရသူ အမျိုးသမီးနှစ်ဦးအား တရုတ်နိုင်ငံမှ လွှဲပြောင်းပေး


နေပြည်တော် ဧပြီ ၁၉

တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသူရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှမြန်မာ အမျိုးသမီး နှစ်ဦးအား ဧပြီ ၁၁ ရက်နံနက် ၁၀ နာရီတွင် ရွှေလီလူကုန်ကူးအထူးအဖွဲ့မှ မူဆယ်မြို့ နန်းတော်စစ်ဆေးရေး ဂိတ်သို့ လွှဲပြောင်း ပေးသဖြင့် လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(မူဆယ်)မှ လက်ခံခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံရသူနှစ်ဦး အနက် ရှမ်းပြည်နယ် နမ္မတူမြို့မှ အမျိုးသမီးမှာ ယခင်က တရုတ် နိုင်ငံသို့ လူကုန် ကူးခံရသဖြင့် ၂၀၀၉ ခုနှစ်တွင် တရုတ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(မူဆယ်) သို့လွှဲပြောင်းပေးခဲ့သူဖြစ်သည်။ ထိုစဉ် ၎င်းသည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ တရုတ်အမျိုးသား ရန်ဖန်ဟုန် ဆိုသူထံ ပို့ဆောင်ရောင်းစားခံရ ၍ နှစ်နှစ် ပေါင်းသင်းကာ ကလေး တစ်ဦးရရှိခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့မှစစ်ဆေးတွေ့ရှိကာ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် တရုတ် အမျိုးသား ခင်ပွန်းနှင့် ပြန်လည်ပေါင်းသင်းရန် စီချွမ်ပြည်နယ်သို့ လိုက်သွား ခဲ့ပြီး သုံးနှစ်ကျော် ပေါင်းသင်းနေထိုင်ခဲ့ရာ ရန်ဖန်ဟုန်က မကြာခဏ ရိုက်နှက်ဆဲ ဆိုကြိမ်းမောင်းခြင်း ပြုလုပ် သဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ထွက်ပြေးစဉ် အခြားတရုတ် အမျိုးသား ဝမ်ချန်ကွေဆိုသူနှင့်တွေ့ရှိကာ နှစ်ဦး သဘောတူ ချစ်ကြိုက်ပေါင်း သင်းနေထိုင်ခဲ့ကြောင်း၊ သုံးလခန့် အကြာတွင်ယခင် ယောက်ျား ရန်ဖန်ဟုန်က ပြန်လည်ပေါင်းသင်းရန် လာရောက် ခေါ်ဆောင် သည်ကို ၎င်းကလက်မခံသဖြင့် ရန်ဖန်ဟုန်က တရုတ်ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်တန်းခဲ့၍ မတ် ၆ ရက် တွင် တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး တရုတ်အချုပ် ထောင်တွင် တစ်လ ထိန်းသိမ်း ခံရပြီးနောက် မြန် မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခြင်းခံရကြောင်း သိရသည်။

လူကုန်းကူးခံရသူနောက်တစ်ဦးမှာ ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှဖြစ်ပြီး ၎င်းသည် ခင်ပွန်းဖြစ် သူနှင့်အတူ ၂၀၁၁ ခုနှစ်တွင် မူဆယ်သို့ သွားရောက် ကာ ရွှေလီတွင် ကျောက်သွေးလုပ်ငန်း လုပ်ကိုင်စဉ် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် မအေးရင်ဆိုသူနှင့်တွေ့ရှိခင်မင်ခဲ့ပြီး မအေးရင်က တရုတ်နိုင်ငံတွင် တရုတ်ယောကျာ်း ယူပါက အဆင်ပြေကြောင်း၊ တရုတ်ငွေယွမ် ၁၀၀၀၀ ရမည်၊ တရုတ်ယောက်ျားနှင့် ပေါင်း လိုက ပေါင်း နိုင်ကြောင်း မပေါင်းလိုက ပြန်ထွက်ပြေးလာနိုင်ကြောင်း စည်းရုံးပြောဆိုပြီး ဇန်နဝါရီ ၁၉ ရက် တွင် မအေးရင်က တရုတ်နိုင်ငံ ပန်ပုံရွာသို့ခေါ်ဆောင်သွားကာ အမည်မသိတရုတ် နိုင်ငံသား နှစ်ဦးမှ တစ်ဆင့် ၎င်းအား တရုတ် အမျိုးသား တစ်ဦးနှင့် ထည့်ပေးလိုက်ကြောင်း၊ အဆိုပါ တရုတ်အမျိုးသားက ရှမ်းမနှစ်ဦးနှင့် မအေးရင်တို့အား ယွမ် ၂၇၀၀၀ ပေးခဲ့ပြီး ၎င်းအား စီချွမ်ပြည်နယ် မင်ရန်မြို့သို့ ခေါ်ဆောင် သွားကြောင်း တရုတ်အမျိုးသားနှင့် ၁၅ ရက်ခန့် ပေါင်းသင်နေထိုင်ပြီးနောက် ဆပ်မပေါင်းလို၍ ထွက်ပြေးခဲ့ ရာ တရုတ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်း ခံရပြီး အချုပ်ထောင် တစ်ခုတွင် နှစ်လကျော်ထိန်းသိမ်းခံရကြောင်း ထိုနောက် ရှမ်းပြည်နယ်နမ္မတူမြို့မှ အမျိုးသမီးနှင့် အတူ မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးခြင်း ခံရကြောင်းသိရသည်။

ရှမ်းပြည်နယ် နမ္မတူမှ လူကုန်ကူးခံရသူ အမျိုးသမီးသည် ယခင်က လူကုန်ကူခံရသူဖြစ်သော်လည်း ၎င်းအား ရောင်းစားခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်း မပြောပြ နိုင်ခြင်းကြောင့် တရားခံအား အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့ နယ်မှ လူကုန်ကူးခံရသူ အမျိုးသမီးအား တရုတ်ငွေယွမ် ၂၇၀၀၀ ဖြင့် ရောင်းစားခဲ့သူ မအေးရင် လားရှိုးမြို့ နေသူနှင့် မနန်းမြအောင် (တရုတ်ယောက်ျားနှင့် အိမ်ထောင်ကျနေသူ)တို့အား မူဆယ်မြို့မ ရဲစခန်းက (ပ)၈၁/၂၀၁၄၊လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ၂၄ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

MOI Webportal Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...