ရေသန့်ပေးခြင်းဖြင့် ကလေးသောင်းဂဏန်းကို ကယ်ပါ

သံဆန်ခါခြားနေသည့် ကလေးငယ်နှစ်ဦး ကြင်ကြင်နာနာဖြင့် ရေတိုက်နေသည်ကို ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်း ကူးတို့သင်္ဘောပေါ် တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

မတ်လပိုင်းမှစ၍ အပူချိန် မြင့်တက်လာမှုနှင့် အတူ ကလေးသူငယ်များ ၀မ်းပျက် ၀မ်းလျှော ရောဂါများ ဖြစ်ပွားလျက်ရှိပြီး အများစုမှာ ရေရှားပါးပြီး ရေသန့် မရရှိသေးသော အရပ်ဒေသများ မှဖြစ်သည်။ ရေပြဿနာကို အစိုးရအနေဖြင့် ကောင်းစွာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု အားနည်းနေသလို လူမှုအဖွဲ့အစည်း အသီးသီးက လှူဒါန်းရာ၌လည်း ရေရှည်စီမံကိန်း မဖြစ်ခြင်းကြောင့် ထိရောက်မှုမရှိဘဲ ရေပြဿနာ အခက်အခဲမှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ဒေသခံများ ခံစားနေကြရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးရှိ ရေရှားပါးသော အရပ်ဒေသများ၌ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသကဲ့သို့ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မြို့နယ်၊ ကျေးရွာများ၌လည်း အဆိုပါရောဂါများ ဖြစ်ပွားနေကြောင်း နိုင်ငံပိုင် သတင်းစာအချို့၏ ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် တစ်နှစ်လျှင် ကလေးသူငယ်ပေါင်း ၁၂,၀၀၀ ခန့်မှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးနေကြပြီး ငါးနှစ်အောက် ကလေး သူငယ်များ သေဆုံးမှု၏ ဒုတိယအများဆုံးမှာလည်း ၎င်းရောဂါကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သတင်းထုတ်ပြန်ထားသည်။

‘‘ကလေးက ငါးလသားပဲ ရှိသေးတယ်။ နို့ဘူးထဲကိုရောတဲ့ရေ မသန့်လို့ ၀မ်းပျက်ဝမ်းလျှောဖြစ်တာလို့ ဆရာဝန်က ပြောတယ်’’ ဟု လှိုင်သာယာမြို့နယ်ရှိ ရွှေ လင်ပန်းရွာ၊ ၁၅ ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ကလေးမိခင် မစောမွန်မွန်အေးကဆိုသည်။

အိမ်ထောင်စုပေါင်း ငါးသောင်းကျော်နေထိုင်သည့် လှိုင်သာယာမြို့နယ်တွင် ခုတင်အလုံး ၂၀ ၀န်းကျင် ရှိသော ဆေးရုံအဆောက်အအုံထဲ၌ ၎င်း၏ ရင်ခွင်ပိုက် ကလေးငယ်တစ်ဦးအား ဇွန်းဖြင့် ရေတိုက်နေရင်း ပြောပြနေခြင်းဖြစ်သည်။

ရေကောင်းရေသန့်မရရှိမှု နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုနည်းခြင်း၊ အစားအစာမသန့်ရှင်းမှုများက ၀မ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းများဖြစ်၍ ယင်းရောဂါဖြစ်ပွားပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းများ ဖြစ်ပွားစေပြီး အသက်ပင် ဆုံးရှုံးနိုင်သည်။

‘‘ကလေးသူငယ်တွေက အရည်ခန်းခြောက်မှုဒဏ်ကို ခံနိုင်ရည်အားနည်းတဲ့အတွက် သေဆုံးမှု ပိုများတာပါ။ အများစုကတော့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေမသန့်တာတွေကြောင့်မို့ အဖြစ်များတယ်။ ပြီးတော့ လသားကလေးတွေဆိုရင် နို့ဖျော်တဲ့ရေ မသန့်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်’’ ဟု မြောက်ဒဂုံမြို့နယ်မှ အထွေထွေရောဂါကု ဒေါက်တာအောင်အောင်က ပြောသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်က လေးသူငယ်ပေါင်း တစ်သန်းကျော်မှာ ၀မ်းပျက်ဝမ်းလျှော ရောဂါကြောင့် အသက်ဆုံးရှုံးနေရပြီး ကလေးသူငယ် ၂၀၀ ဦး လျှင် တစ်ဦးနှုန်း အသက်ဆုံးရှုံး နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

‘‘NGO အကြီးကြီးတွေလို စီမံကိန်းတွေဆွဲပြီးတော့တော့ မလှူနိုင်ဘူးပေါ့။ ရေရှားတဲ့နေရာတွေကို လှူဒါန်းနိုင်အောင်တော့ ကြိုးစားနေပါတယ်။ မနှစ်ကနေစပြီး ရေလှူတာ။ အလှူရှင်တွေ စုပေါင်းစပ်ပေါင်း လှူကြတဲ့သဘောပါ။ ဒီတော့ အင်န်ဂျီအိုတွေလိုတော့ ရေရှည်စီမံကိန်းဆွဲပြီး မလှူနိုင်သေးဘူးပေါ့’’ဟု ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ မသက်သက်အောင်ကပြောသည်။

ယခုရက်ပိုင်းအတွင်း အသက်ငါးနှစ်အောက် ကလေးငယ်များ ၀မ်းပျက်ဝမ်းလျှောဖြစ်၍ ဆေးရုံ တွင် ဆေးကုသမှု ခံယူပြီး ဆေးရုံမှဆင်းသွားသူဦးရေမှာ ခြောက်ဦးခန့်ရှိသော်လည်း နောက်ထပ် ထပ်မံ၍ ၁၀ ဦးခန့်မှာ အဆိုပါ ရောဂါဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိလာကြောင်းနှင့် ဖြစ်ပွားရာအရပ်ဒေသများမှာ ရေရှားပါးသော အရပ်ဒေသများဖြစ်သော ဒလ၊ မှော်ဘီ၊ ပဲခူး၊ ကွမ်းခြံကုန်းဘက်မှဖြစ်ကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

‘‘အသက်ငါးနှစ်အောက်နဲ့အထက် ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးရုံမှာ လာပြကြတယ်။ အဓိက က ရေမသန့်ရှင်းမှုရယ်၊ မသန့်ရှင်းတဲ့အစားအစာတွေ စားတာကြောင့်ဖြစ်တာများတယ်’’ ဟု အဆိုပါဆေးရုံမှ ကလေးဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများ၏ ဖြစ်ရပ်များ ကဲ့သို့ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာ များ၌လည်း နှစ်စဉ်နှစ်တိုင်း ကြုံ တွေ့လာရသော ရေအခက်အခဲမှာ ယခုထက်တိုင် ခံစားနေရဆဲ ဖြစ်ကာ အစိုးရမှလည်း ထိရောက်စွာ လုပ်ကိုင်ပေးနိုင်မှု မရှိသေးကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဒေသခံများကဆိုသည်။
‘‘စည်ပင်က စီမံကိန်းဆွဲပြီး လုပ်နေပေမယ့် အလှည့်ကျစနစ်နဲ့ သွားနေတော့ ရွာတွေကို တော်တော် မရောက်နိုင်ဘူး။ မထိရောက်ဘူးဖြစ်နေတယ်။ ပရဟိတရေလှူတဲ့အဖွဲ့တွေ ရှိပေမယ့်လည်း သူတို့က အမြဲမလှူနိုင်ဘူး။ ဒီမှာက နိစ္စဓူဝ ရေက အမြဲလိုအပ်နေတာ’’ ဟု ကျောက်ပန်းတောင်းမြို့နယ်မှ ရေကိစ္စ အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၃၆၀ ကျော် ထဲမှ ကျေးရွာ ၇၀ ခန့်မှာ နေ့စဉ် သောက်သုံးရေ လိုအပ်ချက်များ ရှိနေပြီး ယခုကဲ့သို့ အပူရှိန်မြင့်မားနေချိန်တွင် ရေပြဿနာ စတင်ကြုံတွေ့နေရပြီး ရေသန့်မရရှိခြင်း၏ အကျိုးဆက်အဖြစ် ယင်းကျေးရွာများရှိ အသက် ငါးနှစ်အောက် ကလေးများမှာ ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

‘‘၁၅ ရက်လောက်တော့ရှိပြီ။ ကလေးတွေ ဆေးရုံရောက်နေကြတယ်။ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြားက ကျေးရွာတွေမှာ ရေမသန့်လို့ ၀မ်းပျက်ဝမ်းလျှောတာတွေဖြစ်နေတာ။ ရေမသန့်တာကြောင့်ရယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ နည်းတာ ကြောင့်လည်းပါမယ်။ ရွာတွေမှာ ငါးနှစ်အောက်ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်’’ ဟု ကျောက်ပန်းတောင်းမြို့နယ် မှ ဒေါက်တာဇော်မင်းလတ်က ဆိုသည်။

ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့အစည်းများမှ အရပ်ဒေသများသို့ နှစ်စဉ်လှူဒါန်းကြသော်လည်း ယင်းရေရှားပါးရာ အရပ်ဒေသအနှံ့သို့ မရောက်ရှိခြင်း နှင့် လှူဒါန်းရာ၌လည်း နှစ်ရှည် စီမံကိန်းများရေးဆွဲ၍ မပြုလုပ်ကြခြင်းကြောင့် ထိုအရပ်ဒေသများ၌ ရေပြဿနာ ပြေလည်ခြင်းမရှိ၊ ထိရောက်မှု မရှိကြောင်း ဆေးပညာ အသိုင်းအ၀ိုင်းမှ ပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။

‘‘လှူတယ်ဆိုတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရေရှည် ဖြစ်ဖို့တော့ လိုတယ်။ စီမံကိန်းတွေဆွဲပြီး စီမံကိန်း ကာလအထိပဲ လုပ်မယ်။ ဘာမှထပ်မလုပ်ဘူးဆိုရင် နဂိုလို ပြန်ဖြစ်မှာပဲ’’ ဟု ကလေးသူငယ် ရှင်သန်မှုနှင့် ဖွံ့ဖြိုးမှုဌာန (ယူနီဆက်-မြန်မာ) မှ အာဟာရပညာရှင် ဒေါက်တာ ကျော်ဝင်းစိန်က ပြောသည်။

ထို့ပြင် နိုင်ငံတော်အစိုးရကလွှတ်တော်ကိုယ်စားလှယ်များကို ဒေသတွင်းလိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် တစ်မြို့နယ်လျှင် သိန်းတစ်ထောင်ကျပ်နှုန်းဖြင့် ချထားပေးသော်လည်း ဦးစားပေးလုပ်ငန်းများအဖြစ် ကျောင်းခြံစည်းရိုးများ ပြုပြင်ခြင်း၊ လမ်းသာယာရေးပြုလုပ်ခြင်းများသာ လုပ်ကိုင်ကြပြီး တကယ်လိုအပ်နေသည့် ရေပြဿနာကိုမူ ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိဟု လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်နေပြည်သူတစ်ဦးက ဝေဖန်သည်။

‘‘သိန်းတစ်ထောင်ထဲကမှ ရေလိုအပ်ချက်များနေတဲ့ နေရာတွေမှာ ရေကန်လေးကန်နဲ့ စက်ရေတွင်း တူးတာတွေတော့ လုပ်လိုက်တယ်။ ဒါပေမဲ့ လူဦးရေများတော့ ရပ်ကွက်တွေရဲ့ ရေလိုအပ်ချက် ကိုတော့ ပြည့်မီအောင် ဖြည့်မပေးနိုင်သေးဘူး။ လွှတ်တော်မှာ တင်ထားတယ်။ ၂၀၁၅ ရောက်ရင်တော့ ရေသန့်တွေ ဖြန့်ဖြူးပေးနိုင်မှာပါ’’ ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ယင်းမြို့နယ်ရှိ အ၀ီစိတွင်းရေများမှာ သံဓာတ်များ လွန်ကဲနေ၍ ချက်ပြုတ်စားသောက်ရန် မသင့်သော ရေများဖြစ်သောကြောင့် အခြေခံလူတန်းစားများသော ယင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရက စီမံကိန်းများရေးဆွဲပြီး ရေသန့်ရရှိရေး ဆောင်ရွက်ပေးသင့်သည်ဟု ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။

‘‘ကလေးတွေ ၀မ်းလျှောတာ မပြောနဲ့၊ ရေက ဖြူနေတဲ့အ၀တ်တောင် လျှော်ရင်ဝါသွားတယ်။ ရေချိုးပြီးရင် ခန္ဓာကိုယ်တွေ ယားကျန်ခဲ့တယ်။ ရေသန့်ဝယ်သုံးရရင်လည်း မိသားစုများတော့ မသက်သာဘူး။ ဒါတွကို အစိုးရက မှ မလုပ်ပေးဘူးဆိုရင် ဘယ်သူလုပ်ပေးတော့မှာလဲ’’ ဟု လှိုင်သာယာမြို့နယ် ပင်လုံဈေးအနီး တွင် နေထိုင်သူ ဦးသန်းထွဋ်က ဆိုသည်။

7Day Daily
No.349 Tuesday, April 8, 2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...