မေ့ပစ်ဖို့သောက်တယ်တဲ့၊ နောက်….တကယ်ခံရတာက နှလုံးသား


Source of picture http://didyk.info

လူတွေမှာ အရက်ကို သောက်ကြတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဒီခေတ်မှာ သီချင်းထဲကလို အရက်ကိုကြိုက်လို့သောက်တဲ့သူ စိတ်ပျော်တတ်လို့ သောက်တဲ့သူတွေ ရှိသလို ဟိုပွဲဒီပွဲတွေမှာ အလှသောက်သူတွေလည်း ရှိနေပါပြီ။

ခေတ်တွေပြောင်းလာတာနဲ့အမျှ လူတွေရဲ့  အမြင်တွေလည်းပြောင်းလာကြတယ်။ မြန်မာနိုင်ငံ မှာတော့ ခေတ်ရေစီးကြောင်းနဲ့ အတူ ကိုရီးယား ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွဲတွေကြည့်ပြီး မိန်းကလေး အရက်သောက်သူ ဘီယာသောက်သူတွေတောင် တော်တော်များများရှိနေကြပြီလို့လည်း ပြောဆိုသံတွေ ကြားကြရပါတယ်။

မလွှဲမရှောင်နိုင်လို့ သောက်ကြသူတွေအတွက်ကတော့ အရက်က နှလုံးကို ဘယ်လိုထိနိုင်သ လည်း၊ သောက်ရင်လည်း အန္တရာယ်နည်းအောင် ဘယ်လို သောက်ကြမလည်း ဆိုတာ သိထားရင်တော့ အကောင်းဆုံးပါပဲ။

အရက်သောက်ရင် အသည်းကို ထိခိုက်တတ်တယ်ဆိုတာ လူအများ သိကြပေမဲ့ အရက်က နှလုံးကို ဘယ်လိုထိခိုက်စေနိုင်တယ် ဆိုတာ သိသူနည်းမယ် ထင်ပါတယ်။ အရက်ကို သင့်တင့် မျှတရုံ သောက် ရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါ Coronary Artery Disease ဖြစ်တာကို နည်းစေတယ်လို့ ဆေး သုတေသနစာတမ်းတချို့က ဆိုပေမဲ့ လွန်ရင်တော့လည်း နှလုံးကို ဒုက္ခအမျိုးစုံ ပေးနိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ပမာဏဆိုတာ ဘာလည်းလို့ သိထားရင် ကောင်းတာပေါ့။

ဆရာဝန်အများစု လက်ခံထားတာကတော့ အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။ အဲဒီပမာဏကို တစ်ခါတည်းသောက်ရင်တော့ ဘယ်ခံနိုင်မလည်း။တစ်ပါတ်ကို ၃-၄ ခါ ခွဲပြီး သောက်ရတာပေါ့။ အဲဒီပမာဏထက် ပိုပြီး သောက်ရင်တော့ အရက်ရဲ့  ဒဏ်ကို ကောင်းကောင်းသာ ခံပေရော့ပဲ။

အရက်အမျိုးမျိုးမှာ အကြမ်းဖျင်းအားဖြင့် ၀ီစကီလို အရက်အပြင်းစားက ၄၀%၊ ၀ိုင်က ၁၀%၊ ဘီယာက ၄-၅% လောက်ရှိပါတယ်။ ဘီယာတစ်ပိုင့်ကို ၃ ယူနစ်၊ ၀ိုင်အလတ်စားတစ်ခွက်ကို ၂ ယူနစ် စီလောက် ရှိပါတယ်။

အရက်သောက်ရင် ကိုယ်ခန္တာထဲမှာ မကောင်းတဲ့ အဆီ Triglyceride တွေကများလာတတ်တယ်။ အဲဒါဟာ သရက်ရွက်ရောင် Pancreatitis ဖြစ်တဲ့ အကြောင်းရင်း တစ်ခုလည်း ဖြစ်တယ်။

ရုတ်တ ရက် မှောက်နေအောင် အရက်သောက်တဲ့အခါ နှလုံးခုန်တွေ မြန်လာပြီး Atrial Fibrillation နှလုံး ခုန်နှုန်း မူမမှန်တာ ဖြစ်တတ်တယ်။ Alcoholic Cardiomyopathy ဆိုတဲ့ နှလုံးကြွက်သားတွေ အားနည်း အားပျော့ ရောဂါလည်းဖြစ်တတ်တယ်။ အဲဒီကနေ Cardiac Arrest ဆိုတဲ့ နှလုံးခုန်ရပ်တဲ့အထိ ဖြစ် ရင်တော့ သိပ်ကို နောက်ကျသွားပါပြီ။

အရက်ကို အလွန်အကျွံ သောက်သူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါ Coronary Heart Disease နဲ့ သွေးတိုးရောဂါ Hypertension ပိုပြီးဖြစ်တတ်တယ်။ လေသင်ဓုန်းဖြတ်ခြင်း Stroke နဲ့ ဆီးချိုရောဂါ Diabetes Mellitus လည်း ပိုပြီးဖြစ်တတ်ပါသေးတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကတော့ အရက်ကို လုံးဝရှောင်တာကောင်းပါတယ်။ အရက်ကြောင့် ကလေးတွေ အင်္ဂါချွတ်ယွင်းတတ်တယ်။ အက်စ်ပီရင် Aspirin သောက်ရသူတွေအနေနဲ့ အရက်နဲ့ တွဲပြီး သောက်ရင် အစာအိမ်က သွေးယိုတဲ့အန္တရာယ်လည်းရှိတယ်။

နှလုံးသားအလှမပျက်ဖို့အတွက် အရက်ကို လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တစ်ခဏတာပျော်ဖို့ အရက်သောက်ရင်း တစ်ဘ၀စာပါသွားနိုင်တာမို့ သတိထားနိုင်ကြပါစေဟု။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...