ပြည်တွင်းရေကြောင်း ခရီးစဉ်များ သင်္ကြန်ကာလအတွင်း ယာယီရပ်နားမည်


photo:google

ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက မြစ်ဝကျွန်းပေါ် ခရီးစဉ်များ အခါသင်္ကြန် ကာလအတွင်း ယာယီ ရပ်နားမည် ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ဌာနခွဲမှ တရားဝင် ထုတ်ပြန်ထားသည်။

ရန်ကုန်-ဖျာပုံ၊ ရန်ကုန်-မော်လမြိုင်ကျွန်း၊ ရန်ကုန်-ကျုံမငေး ခရီးစဉ်တို့သည် ဧပြီလ ၁၂ ရက်နေ့ ထိ ပြေးဆွဲကာ ဧပြီလ ၁၈ ရက်နေ့တွင် ပြန်လည် ပြေးဆွဲပေးမည် ဖြစ်ပြီး ရန်ကုန်-မြောင်းမြ ခရီးစဉ်ကို ဧပြီလ ၁၁ ရက်နေ့ထိ ပြေးဆွဲ၍ ဧပြီလ ၁၈ ရက်နေ့တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်ကာ ရန်ကုန်- လပွတ္တာ ခရီးစဉ်ကို ဧပြီလ ၁၂ ရက်နေ့ထိ လည်းကောင်း၊ ရန်ကုန်-ဘိုကလေး ခရီးစဉ်ကို ဧပြီလ ၁၃ ရက်နေ့ထိ လည်းကောင်း ပြေးဆွဲပေးပြီး ဧပြီလ ၁၇ ရက်နေ့တွင် အသီးသီး ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း မွေးရပ်မြေသို့ ပြန်လည် လည်ပတ်ကြသဖြင့် ခရီးစဉ်များမှာ ခရီးသည် အပြည့်ရပြီး တချို့ ခရီးသည်များမှာ အဆင်ပြေသလို ပြန်ရကြောင်း၊ သင်္ဘောဝန်ထမ်းများကလည်း နေရာ တစ်နေရာ အတွက် မဖြစ်မနေ ပြန်ရသော ခရီးသည်များအတွက် ငွေကြေး အဆမတန်ဖြင့် ပြန်လည်ရောင်း ချကြောင်း မွေးရပ်မြေ ဖျာပုံမြို့သို့ သင်္ကြန်ကာလအတွင်း အလည်အပတ် သွားရောက်လေ့ ရှိသော ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုသည်။

မြစ်ဝကျွန်းပေါ် ဌာနခွဲတွင် ခရီးလမ်း ၁၃ လမ်းနှင့် ကူးတို့လိုင်း ငါးလိုင်းရှိရာ ကူးတို့လိုင်း လေးလိုင်းမှာ သင်္ကြန်ကာလအတွင်း ခေါက်ရေ ထက်ဝက်ခန့် လျှော့ချပြေးဆွဲပြီး ဝါးတန်း-ဆိပ်ကြီး ကူးတို့လိုင်းမှာ ယာယီ ရပ်နားမည် ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ဧရာဝတီဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ သံလွင် ဌာနခွဲ၊ ရခိုင်ဌာနခွဲနှင့် ကုန်စည်ပို့ဆောင်းရေး ဌာနခွဲဟူ၍ ဌာနခွဲ ခြောက်ခုရှိရာ ကျန်ဌာနခွဲများမှာလည်း သင်္ကြန်ကာအတွင်း ယာယီရပ်နား၍ ဧပြီလ ၁၉ ရက်နေ့ နောက်ပိုင်းတွင် ပြန်လည် ပြေးဆွဲပေး မည် ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

The Voice Weekly
ရန်ကုန်၊ ဧပြီ ၅

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...