လက်ရှိပညာရေးဈေးကွက်နှင့် အိန္ဒိယပညာရေး

ပြည်ပတွင် ပညာသင်ယူလိုသော မြန်မာကျောင်းသားများကြား အများစုအနေနှင့် စင်ကာပူ၊ သြစတြေးလျ၊ ဗြိတိန်နိုင်ငံတို့တွင် သင်ယူနိုင်ရေးအတွက် ပညာရေး ဝန်ဆောင်မှုများ ရှိနေချိန်တွင် မြန်မာ ပညာသင် များကြား တာမစားတော့သည်မှာ ကြာမြင့်ပြီ ဖြစ်သော အိန္ဒိယနိုင်ငံ ပညာရေးကို ယင်းနိုင်ငံမှ ပညာရေး အဖွဲ့အစည်း၊ ကျောင်းများက ရာနှင့်ချီကာ ယခုနှစ် မတ်လအတွင်းက လာရောက် မိတ်ဆက်ပြပွဲ ပြုလုပ်ခဲ့ရာ ပညာရေး ဈေးကွက်အတွင်း မည်သို့ သက်ရောက်ဖွယ် ရှိသည်မှာ မေးခွန်းထုတ်ဖွယ် ရှိနေသည်။



လက်ရှိနိုင်ငံတွင်း ပညာရေးဈေးကွက်

“မြန်မာနိုင်ငံမှာ ကျောင်းသားတွေ အဓိက စိတ်ဝင်စားကြတာက အမေရိက၊ အင်္ဂလန်၊ သြစတြေးလျ ဒီဘက် အာရှဘက်မှာဆိုရင် စင်ကာပူ၊ မလေးရှား၊ ထိုင်း အဲဒီလောက်ပဲ။ အိန္ဒိယမှာ ကျောင်းသွားတက်ချင်လို့ လာပြီး စုံစမ်းတာ မတွေ့ရသလောက်ပဲ” ဟု ၎င်းတို့ ဝန်ဆောင်မှုတွင် မပါဝင်သည့် ကျောင်းများကိုလည်း လာရောက် စုံစမ်းလျှင် အတိုင်ပင်ခံ ဆောင်ရွက်ပေးလေ့ ရှိသည့် နိုင်ငံတကာ ပညာရေး အတိုင်ပင် ခံ အေဂျင်စီဖြစ်သည့် Crown Education ၏ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက The Voice သို့ ပြောကြားသည်။

ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားသူ ဆယ်ဂဏန်းပင် မရှိကြောင်း၊ တက်ရောက် လိုသူ လူနည်းစုမှာလည်း Computing ဘာသာရပ်နှင့် ဆေးပညာ ဘာသာရပ် တို့ကိုသာ ရွေးချယ် ကြခြင်း ဖြစ်ကြောင်း Victoria University College ၏ ကျောင်းအုပ် ဒေါက်တာနေဝင်းနိုင်၏ ပြောကြား ချက်အရ သိရသည်။

ရွေးချယ်တတ်မှ စိတ်ချရ

အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် တက္ကသိုလ်ပေါင်း ခြောက်ရာနီးပါးရှိပြီး ကျောင်းကို စနစ်တကျ လေ့လာစုံစမ်းပြီးမှ သာ တက်ရောက် သင့်ကြောင်း၊ ထိုနိုင်ငံတွင် အမည်ခံ ကျောင်းပေါင်း မြောက်မြားစွာ ရှိကြောင်း လည်း ဒေါက်တာနေဝင်းနိုင်က အကြံပြု ပြောဆိုသည်။

“အဲဒီမှာ ဘွဲ့တစ်ခုရဖို့ အမေရိကန်ဒေါ်လာ ၂၀၀၀၊ ၃၀၀၀ လောက်နဲ့ ရတာမျိုး ရှိတယ်။ သူတို့ဆီမှာ ဘာလို့ ဒီလိုကျောင်းစရိတ်တွေ သက်သာလဲဆိုရင် အပြိုင်အဆိုင် ဈေးကွက်မို့လို့ ဈေးနှုန်းကပါ လျော့နေတာ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာကျောင်းသားများအပေါ် အိန္ဒိယ၏ ဆွဲဆောင်မှုအား

နိုင်ငံတကာသို့ သွားရောက် သင်ကြားလိုသည့် ကျောင်းသားများထဲတွင် အဆိုပါနိုင်ငံသို့ တက်ရောက်ရန် စုံစမ်းခြင်း မရှိသလောက် နည်းပါးကြောင်းနှင့် ထိုသို့ ဖြစ်ရခြင်းမှာ လုံခြုံရေး အားနည်းခြင်း များကြောင့် ဖြစ်ကြောင်း နိုင်ငံတကာ ပညာရေး အင်ဂျင်စီ အသိုင်းအဝိုင်းထံမှ သိရသည်။
“ဟိုမှာအခြေချနေတဲ့ မြန်မာနိုင်ငံသားတွေတောင် သူတို့ရဲ့ မွေးချင်း ဆွေမျိုးတွေကို အဲ့ဒီကတစ်ဆင့် တခြားနိုင်ငံကို လွှတ်ဖို့ လာပြီး စုံစမ်းတာမျိုးတောင် ကြုံဖူးတယ်” ဟု ဦးအောင်ကျော်ဆန်းက ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

ထို့ပြင် လုံခြုံရေး အာမခံချက် မရှိသည့်အပြင် ပညာသင်ယူပြီးသည်နှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု အားနည်းခြင်းတို့သည် နိုင်ငံတကာ ပညာရေးဈေးကွက်ကို ထိုးဖောက်နိုင်ရန် အဓိက အတားအဆီးများ ဖြစ်နေကြောင်း အေဂျင်စီ အသိုင်းအဝိုင်းက သုံးသပ်ပြောကြားသည်။

“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဗုဒ္ဓဂယာဘက် သွားတုန်းက ပစ်ခတ်မှုတွေဖြစ်လို့ ရှေ့ဆက်ဖို့ စောင့် လိုက်ရသေးတယ်။ အသက်အန္တရာယ်နဲ့ ယှဉ်ပြီး ကိုယ့်သားကို နိုင်ငံခြားပို့ဖို့ မဖြစ်နိုင်ဘူး” ဟု လက်ရှိ ပြည်တွင်း၌ပင် စက်မှုအင်ဂျင် နီယာဘာသာရပ် တက်ရောက်နေသူ ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်အေးအေးက ၎င်း၏ အတွေ့အကြုံနှင့် ယှဉ်၍ ပြောဆိုသည်။

ဆေးပညာက လက်နက်တစ်ခု ဖြစ်လာမလား

မည်သို့ပင်ဖြစ်စေ တစ်ချိန်က မြန်မာတို့ သွားရောက် သင်ယူခဲ့ရသော အိန္ဒိယ ပညာရေးသည် ယခုအခါ ပညာရပ်ဆိုင်ရာ အားသာမှုနှင့် ကျော်ကြားမှုတို့လည်း တစ်ဖက်တွင် ရှိနေပါသည်။

အိန္ဒိယနိုင်ငံ၏ ပညာရေးဆိုင်ရာ အားသာချက်အဖြစ် အိုင်တီဘာသာရပ်အပြင် ဆေးပညာရပ်သည်လည်း ကမ္ဘာက အသိအမှတ် ပြုခြင်းကို ခံထားရသည့်အတွက် နိုင်ငံတကာကပင် ယင်းပညာရပ်ကို လာရောက် သင်ယူမှုများပင် ရှိကြောင်း ဒေါက်တာနေဝင်းနိုင်က ဆိုသည်။

ထို့ပြင် နိုင်ငံအများစုက ပေးနိုင်မှု မရှိသည့် အလုပ်ခွင် သင်ကြားရေး ပေးနိုင်သောစနစ်မှာ ထိုနိုင်ငံ၏ အားသာချက် တစ်ခုဖြစ်ကြောင်း Crown Education ထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့ ဆရာ တစ်ယောက်ကဆိုရင် အိန္ဒိယမှာသွားပြီး အထူးကု ထပ်တက်ပြီး ပြန်လာတော့ အဲ့ဒီမှာ အသည်းနဲ့ ပတ်သက်ပြီး တော်တော် ကောင်းတယ်လို့ပြောတယ်။ ကျွန်တော်လည်း အဲ့ဒီမှာ သွားတက်ဖို့ စိတ်ဝင် စားတယ်” ဟု မန္တလေး ဆေးတက္ကသိုလ်တွင် ဒုတိယနှစ်ကျောင်းသား မောင်သက်ထူးအောင်က The Voice သို့ ပြောကြားသည်။

ဆေးပညာရပ်အပြင် အိုင်တီ ဘာသာရပ်၊ အင်ဂျင်နီယာ ဘာသာရပ်တို့နှင့် ပတ်သက်၍ နာမည်ကောင်း ရထားသော်လည်း လုံခြုံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ကဲ့သို့သော အားနည်းချက်တို့နှင့် ချိန်ထိုးမည် ဆိုပါက အိန္ဒိယပညာ ရေးဈေးကွက်သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ခဲယဉ်းနေဦးမည် ဖြစ်ကြောင်း ဦးအောင်ကျော်ဆန်းက သုံးသပ်သည်။

အချိန်ကောင်းမဟုတ်သေး

“ကျောင်းသားတွေက အိန္ဒိယလို့ ပြောလိုက်တာနဲ့ လုံခြုံစိတ်ချမှု မရှိဘူးဆိုပြီး ခေါင်းထဲစွဲနေကြတယ်။ အဲဒါကို ဖျောက်ဖို့ သူတို့တစ်တွေ နောက်ထပ် လေးနှစ်လောက် အချိန်ယူရဦးမယ်” ဟု ဒေါက်တာနေဝင်းနိုင်က သုံးသပ်သည်။

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် အိုင်တီ၊ ဆေးပညာ၊ အင်ဂျင်နီယာ ဘာသာရပ်များကို အိန္ဒိယနှင့် တန်းတူ နီးပါး ရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်သော စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ကို မြန်မာကျောင်းသား အများစုက လက်ရှိ ရွေးချယ်လျက် ရှိကြောင်း၊ ထိုသို့ တက်ရောက်ကြရန်လည်း နိုင်ငံတကာ အေဂျင်စီ များက အားပေးကြကြောင်း ဦးအောင်ကျော်ဆန်းထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ပညာရေး ဈေးကွက်ကို ထိုးဖောက်ရန် ကြိုးပမ်းလာသော အိန္ဒိယနိုင်ငံအဖို့ မည်သည့် နည်းဗျူဟာဖြင့် ကြိုးပမ်း ဆွဲဆောင်ဦးမည်ဆိုသည့် အချက်မှာမူ စိတ်ဝင်စား ဖွယ် ကောင်းနေပါသည်။

The Voice Weekly
19 April 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...