လူသိများတဲ့ ဖေ့စ်ဘွတ်ခ် သုံးစွဲသူများရဲ့ အသံ


ငြိမ်းအိအိထွေးနှင့် ချစ်ဆု | Wednesday, 19 March 2014

ကိုယ့်ခံစားချက်တွေ၊ ယုံကြည်ချက်တွေ၊ သတင်းအချက်အလက်တွေနဲ့ အမှတ်တရပုံရိပ်တွေကို အချင်းချင်း မျှဝေခံစားနိုင်တဲ့ လူမှုရေး အင်တာနက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ဟာ နှစ်နှစ်လောက် အတွင်း မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေကြားထဲမှာ တစ်ဟုန်ထိုးရေပန်းစားလာခဲ့ပြီး ခုချိန်မှာတော့ လူတချို့အတွက် နေ့စဉ်မသုံးရရင် မနေနိုင်ဆိုသလိုတောင် ဖြစ်နေကြတာပါ။

ဒီလိုဖေ့စ်ဘွတ်ခ်သုံးသူတွေထဲမှာ ကိုယ့်အတွေးအမြင်တွေကို ရေးတင်ပေးရင်း သူငယ်ချင်း အရေအတွက် ၅,၀၀၀ အပြင် (ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းအရေအတွက် ၅,၀၀၀ အများဆုံးဖြစ်ခွင့် သတ်မှတ်ထားသည်) ကိုယ့်ကို စိတ်ဝင်စားသူ follower အရေအတွက်များစွာပိုင်ဆိုင်သူ တချို့ဟာ ရိုးရိုးသာမန်လူတွေဖြစ် ကြပါတယ်။

ဒီလူတွေထဲမှာ သူတို့ဘယ်သူဘယ်ဝါဆိုတာ လူသိရှင်ကြားဖော်ပြကြသူတွေ ရှိသလို လျှို့ဝှက် ထားကြသူတွေလည်း ပါဝင်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တစ်တွေဟာ အင်တာနက်စတားတွေ ပါပဲ။ သူတို့ရဲ့ ဟာသစကား တွေ၊ ဝေဖန်စကားတွေ၊ ဆွေးနွေးတင်ပြတာတွေကို လူပေါင်းများစွာဟာ စိတ်ဝင်တစား စောင့်ဖတ်ကြပြီး ကိုယ့်မိတ်ဆွေတွေကို ပြန်လည်ဝေမျှကြပါတယ်။

ဒါကြောင့်မို့ အွန်လိုင်းစတားတွေဟာ ဖေ့စ်ဘွတ်ခ်ကို အပျော်အနေနဲ့သာ စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပေ မယ့် သူတို့ကို စိတ်ဝင်စားသူတွေ တဖြည်းဖြည်းနဲ့များလာတဲ့အခါ လူအများအတွက်  မကောင်းတဲ့ စိတ်တွေဖြစ်စေမယ့် အရေးအသား၊ အသုံးအနှုန်းမျိုးတွေ ရေးမတင်မိစေဖို့ သတိထား ရတယ်လို့ တညီတညွတ်တည်း ပြောကြပါတယ်။

ဖေ့စ်ဘွတ်ခ်အကောင့်မှာ follower အရေအတွက် ငါးသောင်းငါးထောင်ကျော်ထိ ရှိနေတဲ့ ဖေ့စ်ဘွတ်ခ်သုံး သူတွေရဲ့ အသည်းကျော် မာမီသံက သူစတင်အသုံးပြုချိန်မှာ စိတ်အပန်းဖြေတဲ့ အနေနဲ့ ပေါ့ပေါ့ပါးပါးသာ စခဲ့တာပါလို့ ပြောပါတယ်။

နေ့စဉ်လို ကိုယ်ပိုင် အတွေးအမြင်တွေကို ဟာသနှောပြီး သရော်တဲ့ဟန်နဲ့ ရေးတင်လေ့ရှိတဲ့ သူ့စာသားတွေက ဖတ်ရသူတွေကို ပြုံးရ၊ ရယ်ရစေသလို တစ်ဖက်ကလည်း စဉ်းစားတွေးခေါ်စရာ တွေ ပါဝင်နေတာမို့ သူ့ကိုစိတ်ဝင်စားသူတွေ အများအပြားရှိနေတာ ဖြစ်နိုင်ပါတယ်။

"လိင်တူချစ်သူ တစ်ယောက်အနေနဲ့ ငယ်စဉ်ကတည်းက နှိမ့်ချဆက်ဆံမှုတွေ၊ လှောင်ပြောင်
သရော်မှုတွေကြားထဲမှာ ကြီးပြင်းလာရတဲ့အတွက် ပျော်ရွှင်မှုကို သိပ်မက်မောပါတယ်။ ကိုယ်မပျော်ရဘူးဆိုရင်တောင် သူများတွေ ပျော်ကြတယ်ဆိုတဲ့ ပီတိလေးကို လိုချင်တဲ့အတွက် ဟာသဆန်ဆန်လေးတွေရေးပြီး ပျော်တော်ဆက်ချင်တာကြောင့် စာလေးတွေစရေးဖြစ်တာပါ" လို့ မာမီသံက ဆိုပါတယ်။

သူတွေ့ကြုံကြားသိရတဲ့ နေ့စဉ်ဖြစ်ပျက်မှုတွေနဲ့ နာမည်ကျော်သတင်းတွေကို ဟာသအမြင်နဲ့ သရော်စာဆန်ဆန်ရေးတတ်တာကြောင့် မာမီသံဟာ အွန်လိုင်းပရိသတ်တွေကြားမှာ ရေပန်းစား သလို အတွေးအမြင်နဲ့ အတည်အခန့် ရေးသားထားတဲ့ စာသားတွေနဲ့လည်း လူငယ်တွေကို ပညာတိုးစေပါတယ်။

Follower နဲ့ Friend များတဲ့ သူတို့လို နာမည်ကြီး ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေမှာလည်း သူတို့ ရေးတင်ထားတဲ့ စာတွေဟာ လူများစွာဆီကို ရောက်ရှိသွားမှာဖြစ်တဲ့အတွက် ထိန်းသိမ်းရမယ့် ကိစ္စမျိုးတွေလည်း ရှိနေပါတယ်။

"ဥပမာ - ကိုယ်ရေးတဲ့စာတွေဟာ လူငယ်တွေကို ရဲရဲရင့်ရင့် ပွင့်ပွင့်လင်းလင်းဖြစ်တာကို ထောက်ခံ ပေမယ့် မကောင်းတဲ့အတတ်တွေကို အစလုပ်ချင်စိတ်ဖြစ်စေမယ့် တလွဲဆံပင်ကောင်းတာကို အားပေးစေမယ့် အရေးအသားမျိုးမဖြစ်အောင် အတတ်နိုင်ဆုံးထိန်းရပါတယ်"လို့ မာမီသံက ပြောပါတယ်။

လူပေါင်းများစွာရဲ့ အားပေးမှုရရှိတာကိုလည်း မာမီသံက စေတနာရောင်ပြန်ဟပ်တာလို့ ယူဆပြီး "ခရီးအတိုင်းအတာ တစ်ခုထိ လျှောက်ခဲ့ပြီး လူသားတစ်ယောက်အနေနဲ့ ကိုယ်ကြုံခဲ့ရတဲ့  အခက်အခဲတွေ၊ အချိုးအကွေ့တွေကို နောက်လူတွေ ဆင်ခြင်နိုင်အောင် လက်ဆင့်ကမ်းပေးချင်တဲ့ စေတနာနဲ့ ရေးခဲ့တာပါ" လို့ လည်း လေးလေးနက်နက် ဆိုပါတယ်။

Follower အရေအတွက် ခြောက်ထောင်နီးပါးရှိတဲ့ ဆရာကြယ်ကလည်းပဲ ဂျပန်နိုင်ငံမှာ နေထိုင် သူ ဖြစ်တာကြောင့် အိမ်လွမ်းတဲ့ အကြောင်းတွေ၊ ဂျပန်ပြည်က ရှုခင်းတွေကို မျှဝေချင်တဲ့ ရည်ရွယ်ချက် နဲ့ပဲ ဖေ့စ်ဘွတ်ခ်အကောင့်ကို စဖွင့်ဖြစ်ခဲ့တာလို့ ပြောပြပါတယ်။

"သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့ခ်ပြောရင်းက သူ့ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတယ်၊ ၀င်ကြည့်ပါလို့ပြောရာက သူပဲ အကောင့်လုပ်ပေးလို့ သုံးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ့်ဓာတ်ပုံတွေ သိမ်းဖို့နဲ့ မြန်မာပြည်က မိဘတွေကိုကြည့်ဖို့ ကိုယ့်ပုံတွေ တင်တာလောက်ပဲ  ရှိခဲ့တယ်။ တခြားရည်ရွယ်ချက်တော့ မရှိခဲ့ပါဘူး"လို့ ၂၀၀၉ ခုနှစ်ကတည်းက ဖေ့စ်ဘွတ်ခ်စသုံး ခဲ့တဲ့ ဆရာကြယ် က ပြောပါတယ်။

နောက်ပိုင်းမှာ သူ့အတွေ့အကြုံတွေ၊ နေ့စဉ်အဖြစ်အပျက်တွေ၊ အလွဲတွေနဲ့ ၀တ္ထုဆန်ဆန်စာပိုဒ် တွေကို စိတ်ဝင်စားစရာကောင်းအောင် ရေးသားပြီး ဝေမျှလာခဲ့တဲ့ ဆရာကြယ်က ဒီလို စာတိုပေ စလေးတွေ ရေး သားတာဟာ သူ့ ၀ါသနာပဲဆိုတာ သိလာရတယ်လို့ ဆိုပါတယ်။

"ကျွန်တော်က ပုံတွေခိုင်းနှိုင်းပြီး ပြောတတ်တယ်။ ကျွန်တော့် ကောင်မလေးကလည်း ဖေ့စ်ဘွတ်ခ် မှာ အဲဒီလိုရေးကြတာမြင်တော့ ကျွန်တော့ကိုရေးဖို့ တိုက်တွန်းရာကနေ စရေး ဖြစ်ပါတယ်။ ဒါပေမဲ့ စရေးတဲ့အချိန်မှာ သူငယ်ချင်းကလည်းနည်းတော့ ဘယ်သူမှသေချာဂရု စိုက်မဖတ်ကြပါဘူး။ ကျွန်တော်ကတော့ ဒီလိုရေးတာကို သဘောကျသွားတယ်"လို့ ဆရာ ကြယ်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ် အသုံးပြုသူကြားမှာ သတင်းဆက်သွယ်မှု၊ အကူအညီပေးနိုင်မှု၊ ပိုရင်းနှီး ပွင့်လင်းစေမှု အပြင် သတိထားလာမိတဲ့ နောက်တစ်ချက်က မဟုတ်မှန်တဲ့သတင်းတွေကို အလွယ်တကူ ဖြန့်ချိ နိုင်တာပါ လို့ ဖေ့စ်ဘွတ်ခ်သုံးသူ တစ်ယောက်ဖြစ်တဲ့ မုံရွာမြို့က ကိုအောင်နေမျိုးက သုံးသပ်
ပြောဆိုပါတယ်။

"သတင်းပိုင်းက အရမ်းမြန်လာတယ်။ အရင်က Like တောင် မလုပ်ရဲတဲ့သတင်းမျိုးတွေ ခုချိန်မှာ လူတိုင်း လွတ်လွတ်လပ်လပ် share နိုင်တယ်။ ဖုန်းတစ်လုံးရှိရုံနဲ့ အင်တာနက်သုံးလို့ရတဲ့ ခေတ် ဆိုတော့ သတင်းလောကကို အမှောင်မချနိုင်တော့ဘူးပေါ့။ ဒါပေမဲ့ အဲဒါကို အသုံးချပြီး မဟုတ် ၀ါဒနဲ့ အသုံးပြုလာတဲ့ သူတွေရှိတယ်"လို့ ဆိုပါတယ်။

ကိုအောင်နေမျိုးကတော့ သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ နိုင်ငံရေးသတင်းတွေ အပါအ၀င် စိတ်ဝင်စားစရာ သတင်းလေးတွေကို မျှဝေပေးတာကြောင့် သူငယ်ချင်းအယောက် ၅,၀၀၀ အပြင် နောက်လိုက် ၂,၀၀၀ နီးပါးရှိနေပါတယ်။

"၀ါသနာအရ ကျွန်တော် ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ ဖတ်မိသမျှ သတင်းတွေထဲက ဖတ်သင့်တယ် လို့ထင်တဲ့ သတင်းတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ share ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဖြစ်နိုင်မယ့် သတင်းမျိုးဆိုရင်တော့ ရှောင်တယ်။ အခုနောက်ပိုင်း မိတ္ထီလာလို၊ ရခိုင်ကိစ္စလို သတင်းတွေ ကျတော့ ဒီလို လူမှုဝက်ဘ်ဆိုက်တွေကတစ်ဆင့် ပိုကြီးသွားတယ်လို့ ယူဆတယ်လေ။ ဒါကြောင့် အငြင်းပွားစရာ၊ ပြဿနာ ကြီးလာစရာ သတင်းတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ပါတယ်"လို့ ကိုအောင်နေမျိုးက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်စာမျက်နှာတွေဟာ ၂၀၁၂ နောက်ပိုင်းမှာ ပိုကျယ်ပြန့်လာကြပြီး အရှေ့ပိုင်း နှစ်တွေ မှာတော့ နိုင်ငံရေးအကြောင်း ရေးသားသူ ဘလော့ခ်ကာတချို့ဟာ ဖမ်းဆီးအရေးယူခံခဲ့ရပါ တယ်။

"အရင်က ဂျီတော့ခ်လို အင်တာနက်ဆိုက် တစ်ခုခုမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ အကြောင်း ပြောမိရင်တောင် အဖမ်းခံရတဲ့ အခြေအနေတွေ အများကြီးရှိခဲ့တယ်။ ကိုယ့်ရှေ့မှာလည်း ကြုံခဲ့ကြတာ အများကြီးပဲ။ နိုင်ငံရေး ပွင့်လင်းမှု မရှိခဲ့သလို ပိတ်ထားခဲ့တဲ့ ၀က်ဘ်ဆိုက်တွေလည်း တပုံကြီးရှိခဲ့တယ်"လို့ ကိုအောင်နေမျိုးက ပြောပါတယ်။

ကိုယ့်အင်တာနက် ဆိုရှယ်စာမျက်နှာကို လုံခြုံအောင်ထိန်းသိမ်းဖို့လည်း လိုအပ်ပြီး တိုးတက်လာ တဲ့ ခေတ်ပေါ်နည်းစနစ်တွေနဲ့ အညီ လုံခြုံရေးပိုင်းမှာ သတိထားသင့်တယ်လို့ ပြောတဲ့ ကိုအောင်နေမျိုးရဲ့စကားကို ဖေ့စ်ဘွတ်ခ်မှာ သရော်စာတွေရေးရင်း နာမည်ရလာတဲ့ ကိုဇေယျစိုပြေ ကလည်း သဘောတူပါသတဲ့။

"ကိုယ်က သရော်စာရေးတဲ့သူဆိုတော့ ကွန်မင့်တွေ၊ မက်ဆေ့ခ်ျတွေပို့ပြီး အတိုက်အခိုက်ခံရတာ တွေတော့ အများကြီးပါပဲ။ ဒါကြောင့် တခြားသူတွေလည်း ကိုယ်ရေးတဲ့စာတွေကို ထိန်းချုပ်မခံရဖို့ အတွက် ကိုယ့်စာမျက်နှာကိုတော့ အဟက်ခ်မခံရအောင် သတိထားဖို့ လိုအပ်ပါတယ်"လို့ ကိုဇေယျစိုပြေက ပြောပါ တယ်။

၂၀၀၉ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ စဖွင့်ခဲ့ပြီး အကြောင်းအရာစုံအပေါ် သရော်စာတွေရေးခဲ့တဲ့ ကိုဇေယျစိုပြေက သူရေးတဲ့ အကြောင်းအရာ၊ စကားလုံးတွေနဲ့ပတ်သက်ပြီး လာတိုက်ခိုက်တာမျိုး တွေ ရှိပေမယ့် ခံစားချက် သိပ်မထားဘူးလို့ ပြောပါတယ်။

"ငယ်ငယ်ကတည်းက စိတ်ထဲမှာ သရော်တဲ့ အတွေးမျိုးရှိခဲ့တယ်ထင်တယ်။ ရေးတော့လည်း အဲဒီလိုစာတွေချည်းပဲ။ မဂ္ဂဇင်းတွေ ပို့ဖို့ကြတော့လည်း အဆင်မပြေဘူး။ ဒါကြောင့် ဖေ့စ်ဘွတ်ခ် ပေါ် မှာ ရေးခဲ့တာပါ။ ကိုယ်က တစ်ဖက်သတ်ကြီး စော်ကားတဲ့ပုံမျိုး မဖြစ်အောင်တော့ သတိထားပါတယ်" လို့ ဆိုပါတယ်။

"ခုနောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်က အရင်ကလို ပျော်စရာ သိပ်မကောင်းတော့ဘူး။ အစိုးရဘက်က၊ အတိုက်အခံဘက်ကနဲ့ ၀ါဒဖြန့်တာမျိုးတွေလည်း လုပ်နေတော့ ကိုယ်ဘယ်ဘက်ကလည်းဆို တာ တွေ ဖြစ်လာတယ်။ ကိုယ်ရေးတဲ့ စာတွေအတွက် လာဆဲကြရင်တောင် ဘာမှမဖြစ်ပေမယ့် လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာစုံကို ရေးခွင့်ရဖို့တော့ လိုအပ်တယ်။ ဒါကြောင့် လုံခြုံရေးကို သတိထားရပါတယ်"လို့ ဆက်ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတာ၊ လူပျောက်နဲ့ သွေးလိုတာကအစ လူမှုအခက်အခဲတွေ ကို ထိထိရောက်ရောက် ဖြန့်ဝေနိုင်တဲ့အပြင် အချိန်နဲ့တစ်ပြေးညီ သတင်းတွေအတွက် ဖေ့စ်ဘွတ်ခ် က အရေးပါလာပြီး ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လူသိများလာလို့ အပြင်မှာ လာနှုတ်ဆက်ကြသလို ၀က်ဘ်စာမျက်နှာပိတ် လိုက်ဖို့အထိ လာပြောတဲ့သူတွေလည်းရှိတယ်လို့ သူငယ်ချင်းနဲ့ နောက် လိုက် နှစ်ခုပေါင်း လေးသောင်းကျော်ရှိတဲ့ ဥက္ကာကိုကိုက ပြောပါတယ်။

"အတိုက်အခိုက်ခံရတာတော့ အမြဲတမ်းပါပဲ။ ဖေ့စ်ဘွတ်ခ်သုံးသူအချင်းချင်း တိုက်ခိုက်ကြဖို့
စောင့်ကြည့်နေတဲ့သူတွေ ဒုနဲ့ဒေးပါ။ ရိုးနေပြီဆိုတော့ စိတ်ထဲမထားတော့ပါဘူး။ အချက်အလက်နဲ့
တိတိကျကျဝေဖန်တာမျိုးကို လက်ခံလို့ရပါတယ်။ ဒီအတိုင်းလာဆဲတာမျိုးကြတော့ လျစ်လျူရှု
ရပါတယ်။ သူ့စိတ်ထဲမှာ ကိုယ့်ကို နေရင်းထိုင်ရင်း ဆဲဆိုချင်နေတာကို မဆဲနဲ့လို့ ပြောလို့မှမရတာ
လေ။ ဒါပေမဲ့ အဲဒီလိုဆဲတဲ့သူအများစုက profile အစစ်မဟုတ်ဘဲ အကောင့်အတု (သို့) ၀ါဒ
ဖြန့်ချိရေးအကောင့်တွေပါ"လို့ ပြောပြပါတယ်။

သူကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်တုန်းက ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံရေးသတင်းတစ်ခုကို မှားယွင်းပြီး ရေးတင်ခဲ့မိတာကြောင့် အကောင့်ပေါ်မှာကို တောင်းပန်စာ ရေးခဲ့ရတာပါ။ "ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ်ရေးသားလိုက်တဲ့ စာတစ်ခုရဲ့ သက်ရောက်မှုကို ကြိုတင်ဆန်းစစ်ဖို့  အရေးကြီးတယ်ဆိုတာ သုံးစွဲခဲ့တဲ့ကာလတစ်လျှောက်မှာ အခုအကြိမ်က သင်ခန်းစာအများကြီးရခဲ့ ပါတယ်။

ကိုယ့်ရဲ့အချစ်ရေး ခံစားချက်လောက်က ပြဿနာမရှိပေမယ့် နိုင်ငံရေးနဲ့ပတ်သတ်တာမျိုးကို အထူး
သတိထားရမယ်ဆိုတာ သိလာရပါတယ်"လို့ ဆိုပါတယ်။

"Profile အမှန်၊ ဓာတ်ပုံအမှန်၊ နေရပ်လိပ်စာ နဲ့ ဖုန်းနံပါတ်အမှန်တွေ သုံးတဲ့သူ တစ်ယောက် အနေနဲ့ ပိုသတိထားရတာပါ။ သတင်း အချက်အလက်ပေးချင်ဇောက လောကြီးသွားရင် မလိုလားအပ် တဲ့ ပြသနာတွေ ဖြစ်လာတတ်တာကို သင်ခန်းစာအများကြီးရခဲ့ပါတယ်"လို့လည်း ဥက္ကာကိုကို က ပြော ပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...