ခရမ်းသီးမီးဖုတ် အပျိုကြီးသုပ်၊ မရန်းသီး ဆတ်စလူးထောင်း...



အိမ်ထမင်း အိမ်ဟင်းကို လွမ်းနေတဲ့သူတွေ၊ စားနေကျ ဆိုင်ချက်ထမင်းဟင်းတွေကို ငြီးငွေ့နေသူတွေ၊ အိမ်မှာ ထမင်းဟင်းချက်ပြုတ်စားဖို့ အချိန်မရလောက်အောင် အလုပ်များနေသူတွေ၊ ပြီးတော့ မြန်မာ ပီပီ မြန်မာထမင်း ဟင်းကိုမှ ခံတွင်းတွေ့မက်မောပါတယ်ဆိုသူတွေကို လက်တို့ချင်တဲ့ ဆိုင်လေးတဆိုင် ရှိပါတယ်။ ဒါကတော့ အဓိပတိ မြန်မာထမင်းဆိုင်ပဲ ဖြစ်ပါတယ်။

ဆိုင်က အမှတ် (၃၂၁/ဒီ)၊ ရွှေဂုံတိုင်လမ်းမကြီး၊ ရွှေဂုံတိုင် SSC အထူးကုဆေးရုံကြီး နံဘေးမှာရှိပါတယ်။ ဆိုင်ရှေ့ကိုရောက်လို့ ဆိုင်ရဲ့ရှေ့ဘက် မျက်နှာစာမှာ ချိတ်ဆွဲထားတဲ့ ဝှိုက်ဘုတ်ပေါ်မှာ ရေးထားတဲ့ ဟင်းအမည်နာမည်တွေကို ဖတ်မိတာနဲ့ သွားရည်မကျမိခင် အရင်ဆုံး ပြုံးတော့ ပြုံးမိသွားပါလိမ့်မယ်။ အဲဒီဆိုင်းဘုတ်မှာ ရေးထားတာတဲ့ ဟင်းအမည်တွေက ငါးပတ်ချဉ်ရည် ယောက္ခမချက်၊ မန်ကျည်းရွက် ခယ်မသုပ်၊ ခရမ်းသီးမီးဖုတ် အပျိုကြီးသုပ်၊ မရန်းသီးဆတ်စလူးထောင်း၊ ကြက်ဘူး ကာလ သမီးချက်စသဖြင့် ပါဝင်ပါတယ်။

အဲဒီ ဟင်းအမည် နာမည်တွေကိုကြည့်ပြီး ကိုယ်သန်ရာ (စိတ်ဝင်စားရာ) ဟင်းအမည်ကို ရွေးချယ် မှာယူနိုင်ပါပြီ။



ကိုယ်တွေစိတ်ဝင်စားရာ ငါးပတ်ချဉ်ရည် ယောက္ခမချက်နဲ့ ကြက်ဘူးကာလသမီးချက်ကို အဓိက ဟင်းပွဲ (Main Dish) အဖြစ် မှာယူပြီးတဲ့အခါ အဲဒီ ဟင်းပွဲတွေအပြင် ငါးပိရည်၊ တို့စရာနဲ့ တခြား အရန်ဟင်းတွေက ၁၅ မိနစ် လောက်အတွင်း ရှေ့ကစားပွဲပေါ်ကို ရောက်လာပါတယ်။

အရန်ဟင်းတွေထဲမှာ အဓိပတိထမင်းဆိုင်ရဲ့ နာမည်ကျော် အဓိပတိ ငါးပိထောင်းလည်း ပါဝင်ပါတယ်။
အရန်ဟင်းတွေကလည်း အမျိုးအမည် တော်တော်စုံလင်ပါတယ်။
ပဲဖရုံနှပ်၊
ပဲကြီးနှပ်၊
အညာငရုတ်သီး ဆားထောင်း၊
ပုန်းရည်ကြီးသုပ်၊
ကြက်ဟင်းခါးသီးကြော်တွေ ပါပါတယ်။

ရှမ်းအမျိုးသမီး တဦးဖြစ်သူ ဆိုင်ရှင် (ဒေါ်) နန်းစန်းစန်းအေးရဲ့ဟုမ်းမိတ် ပဲပုပ်ချက်နဲ့အတူ ခရမ်းချဉ် သီးထောင်းကလည်း အတွဲအဖက် ညီလှပါတယ်။ မှာယူတဲ့ဟင်းက နှစ်ပွဲပဲဖြစ်ပေမယ့် အရန် ဟင်းပွဲတွေ အစုံ အလင်နဲ့မို့ မြန်မာထမင်းဟင်းချင်း တူတာတောင်မှ အိမ်မှာ ကိုယ်တိုင်ချက်စားနိုင်တဲ့ အမျိုးအမည်တွေ ထက်တော့ စုံလင်များပြားတာ အမှန်ပဲမဟုတ်လား။

ပဲကြီးကြက်ရိုး ခွေးတောက် အရည်သောက်
အကောင်းဆုံးနဲ့ ခံတွင်းအလိုက်ဆုံးကတော့ အရန်အဖြစ်ပေးတဲ့ ပဲကြီးကြက်ရိုး ခွေးတောက် အရည်သောက်ဟင်းပါပဲ။ အချိုမှုန့် မသုံးဘူးလို့ဆို ပေမယ့် ပဲကြီးနဲ့ကြက်ရိုးရဲ့ အချိုအရသာနဲ့ တင် ခွေး တောက်ရဲ့ အခါးအရသာကို ကောင်းကောင်းကြီး ဖြေလျော့ပေးနိုင်ပါပြီ။

ငါးဘတ်ချဉ်ရည် ယောက္ခမချက်
ဆိုင်ရဲ့ဟင်းချက်နည်းကို နည်းနည်းစပ်စုကြည့်မိတဲ့အခါ ငါးဘတ်ချဉ်ရည် ယောက္ခမချက်အတွက် ငါးပတ် လတ်လတ်ဆတ်ဆတ်ကို ခရမ်းချဉ်သီး မန်ကျည်းမှည့် အနည်းငယ်နဲ့အတူ မြန်မာဟင်းတွေ ထုံးစံအတိုင်း ကြက်သွန်ဖြူနီနဲ့ စပါးလင်ဆီသတ်လို့ ချက်ထားပြီး ဒန့်သလွန်သီးလေးရောကာ အပြီးသတ် နံနံရွက်လေး အုပ်ထားတဲ့၊ အနံ့အရသာ ပြည့်စုံတဲ့ ဟင်းတခွက်ကိုရပါတယ် တဲ့။



ကြက်ဘူး ကာလသမီးချက်
ကြက်ဘူး ကာလသမီးချက်ရဲ့ ထူးခြားချက် ကလည်း တခြားမြန်မာထမင်းဆိုင် အများအပြားမှာလို အသားချည်း သက်သက်မဟုတ်ဘဲ ကြက်တကောင်လုံး ပဉ္စငါးပါးအကုန် ခေါင်း၊ တောင်ပံ၊ လည်ချောင်း၊ အူအစုံကို စပါးလင်ရဲ့ အမွှေးရနံ့နဲ့သင်းပြီး ဘူးသီးစိတ်လေး တွေ ရောစပ်ချက်ထားတာမို့ အသားရဲ့အချိုအရသာပါမက အရိုးထဲက အချိုအရသာပါဘူးသီးထဲစိမ့်ဝင်စေပြီး မွှေးပျံ့ ချိုမြိန်နေပါတယ်။



ဖြူးမြို့က လာခဲ့တယ်
အခု ရွှေဂုံတိုင်မှာရှိတဲ့ အဓိပတိ ထမင်းဆိုင်ရဲ့ မူလဇာစ်မြစ်ကတော့ ပဲခူးတိုင်း၊ ဖြူးမြို့မှာ စတင်ခဲ့တာပါ။ ဖြူးဆိုင်ကို ၁၉၈၉ ခုနှစ်ကနေ ၂၀ဝ၉ ခုနှစ် အထိဖြူးမှာ ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာ ရန်ကုန်မှာလည်း နေရာ သုံးလေး နေရာလောက်မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တယ်လို့ဆိုင်ရှင် ကဗျာဆရာ ကိုစောဝေက ပြောပြပါတယ်။ အခုတော့ဆိုင်ခွဲ ငယ်တွေကိုပေါင်းပြီး အထက်ပါလိပ်စာမှာရှိတဲ့ ဆိုင်တဆိုင်ကိုသာ လည်ပတ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဟင်းလျာတို့ရဲ့ရာဇဝင်
မြင်သူမှန်သမျှ သဘောကျ ပြုံးမိရတဲ့ဟင်းလျာ နာမည်တွေရဲ့ လက်သည်ကလည်း သူပါပဲ။ ယောက္ခမချက် လို့ ဘာကြောင့် ကင်ပွန်းတပ်ရ သလဲမေးကြည့်တော့ သမီးချက်တဲ့ လက်ရာထက်ပိုတဲ့ Expert ဖြစ် သူ ယောက္ခမ ချက်သလို ကောင်းတဲ့အတွက်လို့ ညွှန်းပြန်ပါတယ်။ ခရမ်းသီးမီးဖုတ် အပျိုကြီးသုပ်မှာလည်း ရာဇဝင်ရှိပါတယ်။ ကြုံရင် သူ့ဆိုင် သွားစားရင်း သူနဲ့ဆုံတဲ့အခါ မေးကြည့်ရင် အဲဒီရာဇဝင်ကို ထမင်းစား အပြီးတည်တဲ့ ထန်းလျက်ခဲ ကြံသကာစားရင်း နားထောင်နိုင်ပါလိမ့်မယ်။

ဆိုင်ရှင် ကဗျာဆရာကတော် (ဒေါ်) နန်းစန်း စန်းအေးကလည်း ခေသူတော့မဟုတ်ပါဘူး။ ချက်ပြုတ်နည်း စာအုပ်သုံးအုပ် ထုတ်ဝေပြီးပါပြီ တဲ့။

ဆိုင်မှာ ထူးခြားချက်အဖြစ် ပဲဆီသန့် သုံးခြင်း၊ အချိုမှုန့် ရှောင်ခြင်းတွေရှိပါတယ်။ ချိုင့်ဆွဲ ဝန်ဆောင်မှုတော့ မပေးနိုင်ပေမယ့် အော်ဒါတော့ လက်ခံတယ်လို့လည်း သိရပါတယ်။

ဆိုင်မှာ လူကြိုက်များတဲ့ ဟင်းအမည်တွေကတော့ ကဗျာဆရာ အမည်ပေးကင်ပွန်းတပ်ထားတဲ့ ဟင်းတွေပဲ ဖြစ်ပြီး အသီးအရွက်နှော အသားဟင်းတွေကို အသားချည်းသက်သက် ဆီပြန်ဟင်းတွေထက် လူပိုကြိုက်တယ် လို့ သိရပါတယ်။ ဆိုင်ကို နံနက် ၉ နာရီ ကနေ ည ၉ နာရီ အထိ နေ့စဉ်ဖွင့်ပြီး နိုင်ငံခြား သား ဧည့်သည်တွေလည်း လာစားကြပေမယ့် မြန်မာတွေကတော့ အများဆုံး လာစားကြတယ်လို့လည်း ဆိုင်ရှင်နှစ်ဦးက ဆိုပါတယ်။

ယောက္ခမရော၊ ခယ်မရော၊ အပျိုကြီးနဲ့ ဆတ်စလူးရော အမျိုးအမည်စုံ အမျိုးစပ်ပြီး လက်စွမ်းပြ ချက်ပြုတ်ထားတဲ့ မြန်မာထမင်းဟင်း ကောင်းကောင်းစားချင်ရင်တော့ အဓိပတိမှာ တခါလောက် သွားရောက် မြည်းစမ်းသင့်ပါတယ်။

သီ
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...