အိပ်ရေးပျက်သူများအနေဖြင့် အစားအစာဝယ်လိုစိတ်များ ပိုမြင့်မားနေဟုဆို



အပတ်စဉ် ဈေးဝယ်ထွက်ရက်များတွင် အရသာရှိသော သကြားလုံးများ၊ သရေစာမုန့်များကို မဝယ်ရန် စိတ်တင်းထားရခြင်းမှာ ရံဖန်ရံခါဆိုသလို ခက်ခဲကောင်း ခက်ခဲနိုင်ပါသည်။

သို့သော်မကြာသေးမီက ပြုလုပ်သော လေ့လာမှုသစ်တစ်ခုကမူ ညဘက်ကောင်းကောင်းမအိပ်ရသူ၊ အိပ်ရေးပျက်သူများအတွက် ပိုမိုခက်ခဲရပြီး အစားအစာများ၏ ဖြားယောင်းသွေးဆောင်ခြင်းကို ပိုခံစေရသည်ဟု ဆိုသည်။ အဆိုပါ လေ့လာမှုသည် ''အိပ်ရေးပျက်သူများသည် ဆာလောင်မှုတိုးစေနိုင်ပြီး စဉ်းစားတွေးခေါ်မှုကို လျော့ကျစေနိုင်သည်'' ဟူသော အယူအဆများကို လက်ကိုင်ထားကာ အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းနှင့် ဈေးဝယ်ယူမှု အလေ့အထတို့ကို စူးစမ်းခဲ့ကြခြင်းပင်ဖြစ်သည်။

ထို့ကြောင့် သုတေသီတို့သည် ကျန်းမာသန်စွမ်းသော အမျိုးသား ၁၄ ဦးတို့ကို စုစည်း၍ လေ့လာခဲ့ကြ သည်။ လေ့လာမှုတွင် ပါဝင်သူတို့ကို တစ်ညလုံးအိပ်ရေးဝဝ အိပ်စက်ခဲ့သော ညနှင့် အိပ်ရေးမဝသော ညတို့ကို ဖြတ်သန်းစေခဲ့သည်။

ယင်းဖြစ်ရပ် နှစ်ခု ပြီးနောက် နံနက်ခင်းတွင် ဒေါ်လာ ၅ဝ ပေးကာ စူပါမားကတ်သို့သွားရောက်ကာအစား အစာအမျိုး ၄ဝ ဝယ်ယူစေခဲ့သည်။ ကယ်လိုရီမြင့် အစားအသောက် အမျိုး ၂ဝ နှင့် ကယ်လိုရီနည်း အစားအသောက် ၂ဝ ပါဝင်ရမည်ဖြစ်သည်။

ယင်းနောက် အိပ်ရေးမဝသူနှင့် ကောင်းကောင်းအိပ်စက်ရသူတို့ကို နှိုင်းယှဉ်ရာ အိပ်ရေးမဝသူများသည် အခြားသူများထက် ကယ်လိုရီမြင့်မားမှု ၉ရာခိုင်နှုန်းနှင့် အစားအစာ ၁၈ ရာခိုင်နှုန်းပိုဝယ်ခဲ့သည် ကို တွေ့ရသည်ဟု ဆိုသည်။ သုတေသနအရ သိရှိရသည်မှာ အိပ်ရေးမဝခြင်းသည် ဟော်မုန်းအပြောင်း အလဲဖြစ်စေသည်။ ghrelin ဟော်မုန်းတစ်မျိုးထုတ်လုပ်ပြီး ယင်းဟော်မုန်းသည် ဆာလောင်မှုကို ပိုဖြစ်စေခြင်းကြောင့်ဟု မှတ်ချက်ပြုနိုင်ခဲ့သည်။

ပြည်မြန်မာ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...