ပျောက်ဆုံးနေသာ မလေးရှားလေယာဉ်ရှာဖွေမှု အချိန်အတော်ကြာ ဆက်လက်ကြာမြင့်ဖွယ်ရှိကြောင်း သြစတြေးလျဝန်ကြီးချုပ် ပြောကြား


 
မလေးရှားလေယာဉ်ရှာဖွေရေးတွင်ပါဝင်သည့် Seahawk ရဟတ်ယာဉ်၌ အမှုထမ်းတစ်ဦး အလုပ်လုပ်နေပုံ ကို သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၁၁ ရက်၌ ထုတ်ပြန်သည့်ပုံတွင်တွေ့ရစဉ် (Photo:AFP)

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် MH370 ကို သြစတြေးလျကမ်းလွန် အိန္ဒိယသမုဒ္ဒရာအတွင်း လေကြောင်းနှင့် ရေကြောင်းမှ ရှာဖွေမှုသည် အချိန်အတော်ကြာ ဆက်လက်ကြာမြင့်နိုင်ဖွယ် ရှိသေးကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ဧပြီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာထဲတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းယူရရှိခဲ့သော အချက်ပြမှုများသည် မလေးရှားလေယာဉ်၏ ဘလက်ဘောက်စ်မှ အချက်ပြမှုများဖြစ်သည်ဟု သူ့အနေဖြင့် အခိုင်အမာ ယုံကြည်ကြောင်း တိုနီအဘော့က ဧပြီ ၁၁ ရက်က ပြောကြားခဲ့သော်လည်း ဧပြီ ၁၂ ရက်က ရှာဖွေမှုအတွင်း ထူးခြားမှုရလဒ် မရှိခဲ့သည့်နောက် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဘော့က သူ၏ယုံကြည်ချက်ကို တရုတ်ခရီးစဉ် နောက်ဆုံးရက်ဖြစ်သော ဧပြီ ၁၂ ရက်တွင် ထပ်မံပြောကြားခဲ့သော်လည်း ရှာဖွေမှုအခက်အခဲများကို လျှော့မတွက်သင့်ကြောင်း ဖြည့် စွက်ပြောကြားခဲ့ သည်။

“အခုဆို ရှာဖွေရေးဧရိယာကို အတော်ကလေးကို ချုံ့ပစ်လိုက်နိုင်ပါပြီ။ ဒါပေမယ့် ကုန်းတွင်းပိုင်းကနေ ကီလိုမီတာ ထောင်နဲ့ချီဝေးတဲ့ သမုဒ္ဒရာထဲမှာ ရေမျက်နှာပြင်အောက် ၄ ဒသမ ၅ ကီလိုမီတာအနက်ကို ရှာဖွေထောက်လှမ်းဖို့ ကြိုးစားရတာဟာ အရမ်းအရမ်းကို ကြီးမားလေးလံတဲ့ တာဝန်ပါ” ဟု အဘော့က ပြောကြားခဲ့သည်။

သြစတြေးလျဦးဆောင်သော မလေးရှားလေယာဉ်ရှာဖွေမှုသည် ဧပြီ ၁၂ ရက်က အရှိန်လျော့ခဲ့ခြင်း မရှိဘဲ ဆက်လက်၍ ဧပြီ ၁၃ ရက်တွင် စစ်ဘက်ဆိုင်ရာ လေယာဉ် ၁၁ စင်း၊ အရပ်ဘက်လေယာဉ် တစ်စင်းနှင့် သင်္ဘော ၁၄ စင်း အသုံးပြုရှာဖွေနေကြောင်း သြစတြေးလျ ပူးပေါင်းဆောင်ရွက်ရေးပူး တွဲအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ပါ့သ်မြို့ အနောက်မြောက်ဘက် ၁၃၆၇ မိုင် (ကီလိုမီတာ ၂၂၀၀) ကို ဗဟိုပြု၍ စတုရန်းမိုင် ၂၂၂၀၃ မိုင် (၅၇၅၀၆ ကီလိုမီတာ) ကို ရှာဖွေရေးဧရိယာအဖြစ် သြစတြေးလျ ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့က သတ်မှတ်ထားသည်။

သမုဒ္ဒရာကြမ်းပြင်သို့ ရေငုပ်သင်္ဘောအငယ်စားတစ်စင်း စေလွှတ်၍ ရှာဖွေခြင်းမပြုမီ မလေးရှားလေယာဉ် တည်ရှိသည့်နေရာ အတိအကျကို ဆုံးဖြတ်ရန်အတွက် အချက်ပြမှုများစွာကို ရရှိရန် ရှာဖွေရေးအဖွဲ့က ကြိုးပမ်းနေသည်။

Ref:AFP
Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...