လမ်းကြောင်း...


ရန်ကုန်မြို့ရှိ ပညာရေးစုံညီပွဲတော် တစ်ခုတွင် လေ့လာနေကြသော လူရည်ချွန်များကို တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ)

နွေရာသီကတော့ ရောက်လို့လာခဲ့ပါပြီ။ ကျွန်တော်နေထိုင်တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာလည်း ရပ်ကွက် အလိုက် ကွန်ကရစ်လမ်း ခင်းဖို့အတွက် လမ်းသူ၊ လမ်းသားတွေက စိုင်းပြင်းနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာတော့ ၂၀၁၄ ရန်ကုန်တိုင်းဒေသကြီးမှာ ခင်းမယ့်လမ်း ၉၀ ကျန်နေသေးတယ်လို့ သိရပေမယ့် မြို့တော်စည်ပင်က လမ်းလာခင်းရင် အဆင်သင့်ဖြစ်အောင်လို့ ဆိုပြီး အဆောက်အအုံဟောင်းတွေကို ဖြိုဖျက်လို့ရတဲ့ ခဲကျိုးတွေ ကားအစီးလိုက်ဝယ်ပြီး မြေသားညှိလမ်း ကို ပြန်ပြင်နဲ့ လမ်းသူလမ်းသားတွေ အလုပ်တွေ ရှုပ်နေကြပါတယ်။

ကျွန်တော်တို့ လူငယ်တွေလည်း လမ်းခင်းရာမှာ အုတ်ခဲကျိုးတွေကို တူနဲ့ထုသူကထု မြေညှိသူကညှိနဲ့ တစ်တပ်တစ်အား ပါဝင်ကြတာပေါ့လေ။ အဲဒီမှာ တချို့အုတ်ကျိုးအုတ်ပဲ့နဲ့ ကွန်ကရစ်ရောနေတဲ့ အစိုင်အခဲ တုံးကြီးတွေက ကြီးလွန်းတဲ့အတွက် ၁၀ ချက်၊ ၁၅ ချက်လောက် ၁၀ ပေါင်တူနဲ့ ထုရပါတယ်။ ကျွန်တော် လုပ်နေတာကိုမြင်တဲ့ လမ်းထဲက အန်ကယ်ကြီးက “ငါ့တူ အလယ်ကိုမထုနဲ့ ဘေးစွယ်တွေကိုထုပေး သူ့ဘာသာသူ လမ်းကြောင်းတည့်ရင် ကွဲသွားလိမ့်မယ်တဲ့” ကျွန်တော်လည်း သူပြောသလို ထုကြည့်တော့ အမှန်ပါပဲ။ သိပ်ပင်ပင်ပန်းပန်း မထုရဘဲ အုတ်ခဲကျိုး အစိုင်အခဲကြီး ကွဲသွားပါတော့တယ်။

ပြဿနာဆိုတာ ကျွန်တော်တို့ မွေးကတည်းက ဒွန်တွဲပါလာတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးဟာ သူ့ဘာသာသူ ပန်းချီဆွဲတာကို သဘောကျလို့ အုတ်နံရံပေါ်မှာ ရေးခြစ်လိုက်တယ်။ ဒါကို မိဘက ဆူပူမာန်မဲပြီး ရိုက်နှက်ဆုံးမလိုက်ပါတယ်။ အဲဒါဆိုရင်တော့ ကလေးငယ်က မကြောက်တဲ့အပြင် နောက်တစ်ခါလည်း လစ်ရင်လစ်သလို ရေးခြစ်နေဦးမှာ ဖြစ်ပါတယ်။ ဆူပူမာန်မဲ နေမယ့်အစား ပုံဆွဲစာအုပ် တစ်အုပ်လောက် ၀ယ်ပေးလိုက်ရင် ပြဿနာ ပြီးသွားမှာပါပဲ . . . . .

ဘာရယ်တော့မဟုတ် ကွဲသွားတဲ့ ကျောက်တုံးကြီးကိုကြည့်ပြီး ဒါကိုပြဿနာနဲ့ နှိုင်းယှဉ်မိပါ တယ်။ ပြဿနာမှာ အကြီးအသေးဆိုတာ မရှိပေမယ့် အတိမ်အနက်ကိုကြည့်ပြီး ပြဿနာအမျိုးအစား ခွဲလို့တော့ ရပါတယ်။ ကျောက်တုံး အကြီးအသေးကို ပြဿနာ အတိမ်အနက်နှင့် နှိုင်းယှဉ်ကြည့်ပါတယ်။ ခဲကျိုးသေးသေးကိုတော့ တူနဲ့တစ်ချက်လောက် ခပ်ဆတ်ဆတ်ထုလိုက်ရင် ကွဲသွားနိုင်သလို ပြဿနာ အသေးလေးတွေကိုလည်း တစ်ခါတည်း ဖြေရှင်းလို့ ရနိုင်ပေမယ့် ခဲကျိုးအကြီးကြီးတွေကို အချိန်ပေး အားစိုက်ထုရသလို ပြဿနာအကြီးတွေကိုလည်း အချိန်ပေးပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ကျောက်တုံးတွေကို တူနဲ့ထုရာမှာ အကြီးအသေး ပမာဏကို ကြည့်ပြီး အားစိုက်ရတာ ဖြစ်သလို ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း ပညာသား အရမ်းပါပါတယ်။ ပြဿ နာ အတိမ်အနက်ကိုကြည့်ပြီး ဘယ်လိုဖြေရှင်း ကိုင်တွယ်မလဲ။ ဘယ်လိုထိန်းချုပ်မလဲ တစ်ခါတလေ ပြဿနာကို ရှင်းရပေမယ့်လည်း ရှင်းလိုက်မှ ပိုရှုပ်သွားတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါဟာ ပြဿနာကို အားစိုက်တွေးကြည့် တာ ဖြစ်ပါတယ်။

ပြဿနာဆိုတာ ကျွန်တော်တို့ မွေးကတည်းက ဒွန်တွဲပါလာတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးဟာ သူ့ဘာသာသူ ပန်းချီဆွဲတာကို သဘောကျလို့ အုတ်နံရံပေါ်မှာ ရေးခြစ်လိုက်တယ်။ ဒါကို မိဘက ဆူပူမာန်မဲပြီး ရိုက်နှက်ဆုံးမလိုက်ပါတယ်။ အဲဒါဆိုရင်တော့ ကလေးငယ်က မကြောက်တဲ့ အပြင် နောက်တစ်ခါလည်း လစ်ရင်လစ်သလို ရေးခြစ်နေဦးမှာ ဖြစ်ပါတယ်။ ဆူပူမာန်မဲ နေမယ့်အစား ပုံဆွဲစာအုပ် တစ်အုပ်လောက် ၀ယ်ပေးလိုက်ရင် ပြဿနာ ပြီးသွားမှာပါပဲ။ ဖြေရှင်းနည်း မှားယွင်း ရင်တော့ ပြဿနာက လမ်းကြောင်းတစ်ခုပေါ် ရောက်သွားမှာ ဖြစ်ပါတယ်။

ပျော့ပျောင်းနူးညံ့တဲ့ ရွှံ့မြေကို ရုပ်လုံးပုံသွင်းတဲ့အခါ စိတ်ရှည်ရှည်ထားရမှာ ဖြစ်သလို ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာလည်း ရုပ်လုံးသွင်းမယ့် ရွှံ့မြေလို သဘောထားရ ပါလိမ့် မယ်။ စာမလိုက်နိုင်တဲ့ ကျောင်းသားတစ်ဦးကို စာမလိုက်နိုင်ရကောင်းလားဆိုပြီး အတန်းရှေ့ထွက် အပြစ်ပေးရင်တော့ ကျောင်းသားဟာ ရှက်ကြောက်သွားမှာဖြစ်ပြီး စာကြိုးစားရမယ့်အစားစာသင်ခန်းနဲ့ ဝေး ရာကိုသာ မျက်စောင်းထိုးပါလိမ့်မယ်။ ကျောင်းသားတစ်ယောက်ဟာ စာသင်ခန်းနဲ့ ဝေးကွာသွားရင်တော့ အနာဂတ် အလားအလာ သိပ်ကောင်းမှာ မဟုတ်ပါဘူး။ ဆရာဖြစ်သူကသာ ကျောင်းသားကို အခုလိုပုံစံ အပြစ်ပေးမယ့်အစား လက်တွဲဖေးမ ကူညီလိုက်ရင် ရလဒ်က ပြောင်းသွားနိုင်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်း တစ်ခုဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင် ရှိပေမယ့် အဖွဲ့အစည်း မှာ ပါဝင်ဆောင်ရွက်တဲ့ လူတိုင်းကတော့ အမြင်ချင်း ဘယ်တော့မှတူနိုင်မှာ မဟုတ်ပါဘူး။ ငါနဲ့ အမြင်မတူ တာနဲ့ ငါ့ရန်သူဆိုပြီး ဖိနှိပ်တိုက်ခိုက်ရင်တော့ ရန်ပွဲဟာ ပြီးဆုံးမှာ မဟုတ်ပါဘူး။ မတူညီတဲ့ အမြင်တွေကြောင့် အုပ်စုကွဲနေတဲ့ ၀န်ထမ်းအဖွဲ့တွေ လုပ်ငန်းတိုင်းမှာ ရှိတတ်ပါတယ်။

အုပ်စုတွေ ကွဲပြားနေတာကိုကြည့်ရင် ပြဿနာ ရှိနေတယ်ဆိုတာ သိသာပါတယ်။ ဒီလိုဖြစ်နေတဲ့အတွင်း ကျိတ်ပြီး ပြဿနာတွေကို ဖြေရှင်းမယ့်အစား မိမိရဲ့ အုပ်စုကိုသာ အင်အားကြီးထွားအောင် အစွမ်းကုန် ဆောင်ရွက်ကြပြီး ကိုယ်နဲ့အမြင်မတူသူတွေကို အပြုတ်တိုက်ရေး နည်းလမ်းနဲ့ တိုက်ခိုက် ပါတော့တယ်။ လုပ်ငန်းရပ်တည် ရှင်သန်ရေးအတွက် ကြိုးစားဆောင်ရွက်ကြပေမယ့် တိုက်ခိုက် မှုတွေကြောင့် လုပ်ငန်းခွင် မပျော်ရွှင်မှု ဖြစ်လာပြီး အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုဟာ အကျဘက်ကို ဦးတည်လာပါလိမ့်မယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို စစ်လိုက်ရင် ပြဿနာဖြေရှင်းနည်း လမ်းကြောင်းမှားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆို ပြဿနာကို လမ်းကြောင်းမှန်မှန် ကန်ကန် နဲ့ ဖြေရှင်းနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်တို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ စာများများဖတ်မှ ကျွန်တော်တို့ ကိုယ်ခံအားကောင်းမှာ ဖြစ်ပါတယ်။

စာအုပ်ထဲက နည်းလမ်းတွေအတိုင်း ပြဿနာကို ဖြေရှင်းရမှာလားဆိုတော့ လက်ရှိတိုက်နေတဲ့ စစ်မြေပြင် နဲ့ မြေပုံ ကွာသလို ဖြစ်နေပါလိမ့်မယ်။ ပြဿနာကို အဖြေရှာတဲ့ အခါမှာတော့ စာအုပ်ထဲက နည်းလမ်းတွေ က ကျွန်တော်တို့အတွက် အထောက်အပံ့ ဖြစ်ပေမယ့် အသုံးတည့်ချင်မှ တည့်ပါလိမ့်မယ်။ ကျွန်တော်တို့မှာ ချင့်ချိန်တွေးတောတတ်တဲ့ အတွေးအခေါ် ရှိရပါမယ်။ ကိုယ်က ဘာကြောင့်သူ့အတွက် ပြဿနာဖြစ်ရ တာလဲဆိုတာ ကိုယ့်ဘာသာ အရင်ဆန်းစစ် ရပါမယ်။ မျက်နှာချင်းဆိုင် ရှင်းသင့်တဲ့ ပြဿနာလား။ ကြားလူဝင်မှ ရှင်းလို့ရမယ့် ပြဿနာလား။ မေ့ပစ်လိုက်ရမယ့် ပြဿနာလား။ အချိန်ကို စောင့်ဆိုင်းရမှာ လားဆိုတာ ပြဿနာရဲ့ အသွားအလာကိုကြည့်ပြီး စဉ်းစားဆင်ခြင်တတ်ဖို့ လိုပါတယ်။ လုပ်မှား ကိုင်မှား ဖြစ်သွားရင်တော့ မိတ်ဆွေကနေ ရန်သူဖြစ်သွားသူတွေ၊ ပြိုလဲသွားတဲ့ လုပ်ငန်းတွေ၊ ဆင်းပေးရတဲ့ အစိုးရအဖွဲ့တွေ နောက်ဆုံး နိုင်ငံအချင်းချင်းတောင် စစ်ဖြစ်ရတာတွေ အများကြီး ရှိပါတယ်။

ရုတ်တရက် ‘အား’ ခနဲ အော်သံကြားလို့ ကျွန်တော့်အတွေး ရေလျဉ်ကြောကိုဖြတ်ပြီး လှည့်ကြည့် လိုက်တော့ လမ်းထဲက ကောင်လေးတစ်ယောက် အော်နေတာကို တွေ့ရပါတယ်။ မေးကြည့်တော့ လက်သီးလောက်ရှိတဲ့ ခဲလေးကို တူနဲ့ထုလိုက်တာ ခြေထောက်ကိုချော်ပြီး ထုမိလို့တဲ့ အနည်းဆုံး သုံးရက်လောက်တော့ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ “မင်းက ဒီလောက်ခဲလေးကို အားစိုက်ထုတာကိုးကွ” အန်ကယ်ကြီးရဲ့ ပြောသံကိုလည်း ကြားလိုက်ရပါတယ်။ ချာတိတ်ကတော့ တကျွတ်ကျွတ်စုတ်သပ်ပြီး ခြေထောက်လေးကို ကိုင်ထားလေရဲ့။

Eleven Daily News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...