ဗြိတိန်မှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ ပညာရေးတက္ကသိုလ်၊ ကောလိပ်များတွင် ၂ နှစ်ကြာ လာ ရောက်သင်ကြားပေးမည်



ပြည်တွင်းရှိ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်များ၌ ဗြိတိန်မှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ ၂ နှစ် ကြာလာရောက်သင်ကြားပို့ချမည့် သဘောတူညီမှုကို ပညာရေးဝန်ကြီးဌာနနှင့် တို့မတ်လ ၂၈ ရက် တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှကောင်စီတို့ ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဒုတိယဝန်ကြီးဒေါက်တာဇော်မင်းအောင်နှင့် ဗြိတိသျှကောင်စီဥက္ကဋ္ဌ ဆာဗာ နွန်အယ်လစ်တို့က လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာခင်စန်းရီ၊ ဗြိတိန်နိုင်ငံ သံအမတ် မစ္စတာအင်ဒရူးပက်ထရစ်၊ ယူကေနိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဗြိတိသျှ ကောင်စီမှတာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာစကား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ပညာရေးတက္ကသိုလ် ၂ ခု၊ ပညာရေးကော လိပ် ၁၉ ခုနှင့် အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနတို့တွင် အင်္ဂလိပ်ဘာသာ သင်တန်းနည်းပြ နှစ်ဦးစီ ထားရှိသင့်ကြားစေမည့် စီမံကိန်းကိုသဘောတူ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ယင်းစီမံကိန်းအတွက် ဗြိတိသျှကောင်စီနှင့် ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့က ပူးပေါင်းပံ့ပိုးခြင်းဖြစ်ပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာခုနှစ်သန်းခန့် အသုံးပြုရန်စီစဉ်ထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံမှ ဆရာ၊ ဆရာမ ၅၀ ခန့်သည် ယခုနှစ်စက်တင်ဘာတွင် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ် များ၌ စတင်သင်ကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂ နှစ်ကြာနေထိုင်သင်ကြားပို့ချကြမည် ဖြစ်သည်။

ယင်းစီမံကိန်းသည် မြန်မာနိုင်ငံရှိဆရာ၊ ဆရာမများ၏ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ ကျသော ပံ့ပိုးမှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံမှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ မြန်မာနိုင်ငံရှိတက္ကသိုလ်၊ ကောလိပ်များတွင်လာရောက် သင်ကြားပို့ချပေးရန် သမ္မတဦးသိန်းစိန်က ဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်တောင်းဆိုခဲ့မှုကြောင့် စီမံ ကိန်းဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily
No.336, March.26, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...