ရင်ခုန်စရာကောင်းတဲ့ တောင်အာဖရိက အစားအစာပွဲတော်

ငြိမ်းအိအိထွေး | Wednesday, 02 April 2014

ကိုယ်တိုင် ပါဝင်ချက်ပြုတ်ခဲ့တဲ့ စာရေးသူ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အဖြူရောင် ချောကလက်ရည်ပျစ်ပျစ်တွေကို ကိုယ်တိုင် ထောင့်ချိုးလိပ်ထားတဲ့ ဆီစိမ်စက္ကူ ထဲ လောင်းထည့်လိုက်တော့ ပူနွေးတဲ့အထိ အတွေ့နဲ့အတူ ထောင့်ချိုးတစ်ဖက်ကနေ ချောကလက်
အရည်တွေ ထွက်ကျမသွားရအောင် လက်တစ်ဖက်နဲ့ ခပ်မြန်မြန် ပိတ်လိုက်ရပါတယ်။

တောင်အာဖရိကအစားအစာပွဲတော်ကို ချက်ထရီယမ်ဟိုတယ်မှာ မတ်လ ၂၄ ရက်ကနေ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့ပေမယ့် Northern Cape ဟင်းချက်သင်တန်းကိုတော့ ၂၇ ရက်နေ့ တစ်ရက်တည်းပဲ ဖွင့်လှစ်ခဲ့တာပါ။

ဟင်းချက်နည်းတွေကို တောင်အာဖရိကမှ နာမည်ကျော် Butler စားသောက်ဆိုင်နဲ့ ဟိုတယ်ကျောင်းပိုင်ရှင် မစ္စတာ မိုက်ခ်ဝီလီယမ် နဲ့ သူ့လက်ထောက်မလေး ရှဝါဒီတို့နှစ်ဦးက တက်ညီလက်ညီနဲ့ ဦးဆောင် သင်ပြပေးခဲ့ကြပြီး ကျွန်မအပါအ၀င် ဟင်းချက်သင်တန်း တက်ရောက်သူ ၁၀ ယောက်စလုံး ကလည်း စိတ်ဝင်တစားနဲ့ လိုက်ပါသင်ယူခဲ့ကြပါတယ်။

ပထမဆုံး အဖြူရောင်နဲ့ အညိုရောင် ချောကလက်ရည်တွေကို ဆီစိမ်စက္ကူပေါ်မှာ တစ်စက်ခြားစီ ကိုယ်တိုင်အစက်ချပြီး ရှဝါဒီ သင်ပြတဲ့အတိုင်း စက္ကူအလယ်ခေါက်ရိုးမှာ တစ်ခုနဲ့တစ်ခု ပေါင်းစည်း သွားအောင် ခေါက်ချ လိုက်ပါတယ်။

တစ်ယောက်ချင်းစီရဲ့ ချောကလက်ပါတဲ့ စက္ကူတွေကို နာမည်တွေရေးပြီး ရှဝါဒီက ပြန်သိမ်းယူ
သွားပါတယ်။

ဟင်းချက်သင်တန်း တစ်မျိုးတည်းမဟုတ်ဘဲ သင်တန်းတက်ရောက်သူတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို အမှတ်ပေးမယ့် တောင်အာဖရိကစားဖိုမှူး လေးယောက်ကလည်း တစ်ယောက်ချင်းစီကို စောင့်ကြည့်နေ တာ ဆိုတော့ အိမ်မှာဆို ပေါက်ကရတွေပဲ လျှောက်ချက်တတ်တဲ့ စာရေးသူမှာဇောချွေးတွေပြန်လာတာ တစ်ကိုယ်လုံး ရွှဲနေတဲ့အထိပါပဲ။

"တောင်အာဖရိကမှာတော့ စားသောက်စရာ ဟင်းအမည်တွေက နည်းနည်းထူးဆန်းတယ်။ အခုကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဟင်းတွေထဲက နာမည်ကျော် မိကျောင်းဟင်းကို ချက်ကြမှာပါ။ ကဲ.. ရှဝါဒီရေ.. မိကျောင်းကို ခပ်မြန်မြန်လေး သွားဖမ်းခဲ့ပါဦး။ ဒီကောင့် ပါးစပ်ကိုတော့ သေသေချာချာ လုံခြုံအောင် ပိတ်ခဲ့ပါနော်" လို့ မစ္စတာ မိုက်ခ်က ပြောလိုက်တာနဲ့ ရှဝါဒီ တစ်ယောက်လည်း ဟိုတယ်မီးဖိုချောင် ကို ပြေးထွက်သွားပါတယ်။

ဟင်းချက်ခါးစည်းတွေ ကိုယ်စီဝတ်ပြီး ခပ်တည်တည် ဟင်းချက်သင်နေတဲ့ စာရေးသူအပါအ၀င် သင်တန်းသား ၁၀ ယောက်စလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြပေမယ့် ဒီမိကျောင်းကို တော်တော်လေး စိတ်ဝင်စားနေကြတဲ့ပုံ ပေါ်နေပါတယ်။

ခဏအကြာ ရှဝါဒီက ပြန်ပြေးလာပြီး "မိကျောင်းတော့ ဓာတ်လှေကားထဲကနေ လွတ်ထွက်သွားပြီ။ ဘယ်လိုလုပ်ကြမလဲ"လို့ ပြန်မေးချိန်မှာတော့ သင်တန်းသားတွေရော၊ ဘေးမှာ ၀ိုင်းကြည့်နေကြတဲ့
လူတွေပါ ပြုံးစိစိဖြစ်လာကြပါပြီ။

မိုက်ခ်က "ထွက်ပြေးသွားတဲ့ မိကျောင်းကို သတိတော့ထားပါ။ ဒါပေမဲ့ ကျွန်တော့တို့ရဲ့ နာမည်ကျော် ဟင်းလျာဖန်တီးဖို့ အတွက်တော့ စိတ်မပူပါနဲ့။ အခု ကျွန်တော်တို့ဆီမှာ မိကျောင်းသား နုတ်နုတ်စင်းထား တာ ရှိပါတယ်" လို့ ပြောရင်း စတီးဇလုံထဲက အသားစတွေကို လှပ်ပြလိုက်ပါတယ်။

နုပ်နုပ်စဉ်းထားတဲ့အသားတွေက ကြက်သားနဲ့ ဆင်တူသလိုဖြစ်နေတာကြောင့် ဘေးက ဟင်းချက်ဖော်ကို ကြက်သားလားမသိဘူးလို့ တိုးတိုးလှမ်းပြောတော့ သူကလည်း မိကျောင်းသားတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြန်ပြောပါတယ်။

တကယ်တမ်းတော့ မိကျောင်းသား စစ်စစ်တွေဖြစ်ပြီး ဒီအစားအစာပွဲတော်အတွက် ထိုင်းနိုင်ငံက တစ်ဆင့် ၀ယ်ယူလာတယ်လို့ မိုက်ခ်က သေသေချာချာရှင်းပြတာတောင် သိပ်မယုံကြည်ခဲ့ကြပါဘူး။

ရှဝါဒီက အဲဒီအသားတွေကို ဂျုံမှုန့်၊ အသားမှုန့်အနည်းငယ်တို့နဲ့ အတူ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်နီတွေနဲ့ အားပါးတရနယ်ပြီး အနေတော်အလုံးလေးတွေ လုံးကာ ဆီပါးပါးထည့်ထားတဲ့  အိုးထဲမှာ ထည့်ကြော်ပါတယ်။

နီရဲပြီး ကြွပ်ရွလာတဲ့ မိကျောင်းသားလုံး ကြော်တွေကို သင်တန်းသား တစ်ယောက်ချင်းစီကိုလည်း
ကြော်ခိုင်းပြီး တကယ်တမ်းမြည်းဆိုတော့ ဘယ်သူမှ မမြည်းခဲ့ကြပါဘူး။

တွဲဖက်စားဖို့ဆော့စ်ကို မိကျောင်းသားကြော်ထားတဲ့ ဆီထဲထည့်ပြီး အပူပေးကာ အသားလုံးကြော်
တွေပေါ်ကို လောင်းချလိုက်ပါတယ်။

နောက် မုန်လာဥနီကို အချောင်းသေးလေးတွေရအောင် လှီးပြီးတော့ သခွားသီးစိတ်တွေနဲ့အတူ
ပန်းကန် မှာ အလှဆင်ရင်း မိကျောင်းသားကြော်ကိစ္စကို အဆုံးသတ်လိုက်ပါတယ်။

နောက်တစ်ခုကတော့ ဖျော်စပ်ထားပြီးသား ဂျုံမှုန့်ရည်နဲ့ တောင်အာဖရိကရိုးရာ ပန်ကိတ်လုပ်ရမှာ
ဖြစ်ပြီး ဒိုင်တွေရှေ့မှာ တစ်ယောက်ချင်းစီ လက်ကိုင်အိုးတွေထဲက ပန်ကိတ်တွေကို လေထဲမြှောက်ပြီး ဟိုဘက်ဒီဘက် လှန်ပေးရမှာဖြစ်တာကြောင့် သင်တန်းသားတွေ ရင်အခုန်ရဆုံး အချိန်လည်း ဖြစ်ပါတယ်။

စာရေးသူကတော့ အိုးထဲကို ထောပတ်နည်းနည်း အရင်ထည့်ပြီး ဖျော်စပ်ထားတဲ့ ဂျုံအရည်ကို ထည့်၊ တစ်ဖက်လှန်ဖို့ ကြိုးစားရာမှာ စိတ်လှုပ်ရှားနေတော့ ပန်ကိတ်က ခေါက်သွားပါတယ်။ ဒါပေမဲ့ ဒိုင်က နောက်ထပ် တစ်အိုးထပ် ကြိုးစားချင်သေးလားလို့ မေးတာနဲ့ ဂျုံရည်ထပ်ယူပြီး ထပ်လုပ်ပါတယ်။

ပန်ကိတ်ကို လေပေါ်မြှောက်ပြီး တစ်ဖက် လှန်ရမယ့် အချိန်မှာတော့ အမှတ်ပေးဖို့ကတ်ပြားလေးတွေ ကိုယ်စီကိုင်ထားတဲ့ ဒိုင်လေး ယောက်စလုံးနဲ့ မိုက်ခ်ရော ရှဝါဒီပါ အနားမှာ ရှိနေတာမို့ ရင်ခုန်သံရပ်သွားသ လို ခံစားရပြီး ဖြတ်ခနဲ လေပေါ်မြှောက်၊ လက်ကိုင်အိုးထဲကို အနေတော်ပြန်ကျ လာတဲ့ ကိုယ်တိုင်လုပ်တဲ့ ပန်ကိတ်ကို မယုံနိုင်သလိုကြည့်မိချိန်မှာ ဒိုင်တွေနဲ့ ဘေးက ဟင်းချက်ဖော်တွေက ၀ိုင်းအော် အားပေးကြပါ တယ်။

ဟင်းချက်သူတွေထဲမှာ အမေရိကန်သူနှစ်ယောက်၊ တရုတ်လူမျိုး တစ်ယောက်၊ မော်ဒယ် တစ်ယောက် အပြင် တကယ့်စားဖိုမှူးတွေလည်း ပါဝင်တာမို့ ကျွန်မလို အူကြောင်ကြောင် ဟင်းချက်သင်တန်းရောက် လာသူအတွက် သူတို့ လုပ်ကိုင်ပုံကြည့်ရသမျှ အံ့ဩစရာတွေပါပဲ။

နောက် ပန်ကိတ်နဲ့တွဲစားဖို့ ဆော့စ်ကို ကိုယ်တိုင် ချက်ရမယ်ဆိုတော့ ရှေ့ကချက်ပြမယ့် ရှဝါဒီလုပ်သမျှ မျက်စိကျွတ်ကျမတတ် လိုက်ကြည့်ရပါတယ်။

လက်ကိုင်အိုးထဲကို ခွက်ထဲက သကြားတွေ အကုန်လောင်းထည့်ပြီး မီးမျှင်းမျှင်းနဲ့ အရည်ကြိုချိန်မှာ တခြားသူတွေရဲ့ သကြားတွေအရည် ပျော်ပြီးကိုယ့်အိုးထဲက သကြားမပျော်တာကြောင့် စိတ်လောပြီး မီးအပူချိန်ကို မြှင့်လိုက်ပါတယ်။

ကျွန်မနဲ့ မီးဖိုတစ်ခုတည်းချက်ရတဲ့ ချက်ထရီယမ်ဟိုတယ်က စားဖိုမှူးက မွှေလိုက်လို့ အကြံပေး တာနဲ့ လက်တစ်ဖက်က အိုးကိုကိုင်၊ နောက်တစ်ဖက်က ယောင်းမကိုင်ပြီး တရစပ်မွှေလိုက်တာ သကြားတွေသာ အရည်ပျော်ရုံမက လက်ထဲက ပလတ်စတစ်ယောင်းမပါ အရည်ပျော်ပြီး အငွေ့တွေထွက်လာတဲ့ အထိပါပဲ။

အလန့်တကြားနဲ့ အိုးထဲမှာ ပျော်နေတဲ့ ကော်ဖတ်တွေကို ဇွန်းနဲ့ လိုက်ဆယ်ထုတ်၊ ပေးထားတဲ့နွားနို့ကို အိုးထဲထပ်ထည့်၊ နောက် အမရူနီလို့ ခေါ်တဲ့ဝိုင်တစ်မျိုးကို အိုးထဲထပ်ထည့်နဲ့ တော်တော်လေးကို အလုပ်ရှုပ်သွားတဲ့ အချိန်ပါပဲ။

"ဒါက တောင်အာဖရိကတောအုပ်တွေမှာ သီးတဲ့ အသီးတစ်မျိုးကို အရည်ထုတ်ပြီး ၀ိုင် အဖြစ် ချက်ထား တာပါ။ တောထဲရောက်ရင် ဆင်တွေကအစ ဒီအသီးကို ခူးစားကြတယ်။ ခဏနေရင် အရက်မူးသလို မူးကြပြီး လမ်းလျှောက်ရင်တောင် ယိုင်နေကြပါတယ်။ သူ့ပင်ကို အရသာက နည်းနည်းလေး မူးစေပါတယ်"လို့ မိုက်ခ်က ရှင်းပြရင်း ဆော့စ်ချက်နေတဲ့ အိုးတွေထဲကို လိုက်ထည့်ပေးပါ တယ်။

သင်တန်းသူတစ်ယောက်က ဒီဝိုင်နေရာမှာ တခြားဖျော်ရည်တွေ ထည့်ချက်နိုင်မလားလို့ မေးတော့ မိုက်ခ်က ချက်နိုင်ကြောင်းရှင်းပြရင်း အမရူနီဝိုင်အပြင် နောက်ထပ် လိုက်ဖက်တာက ဘရန်ဒီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆော့စ်ချက်အပြီးမှာတော့ စတော်ဘယ်ရီသီးတွေနဲ့အတူ အစောပိုင်းက ချောကလက်အစက်ချ
ထားတဲ့ စက္ကူတွေပြန်ယူလာတာမို့ ကိုယ့်နာမည်ပါတာကို ပြန်ရွေးယူပြီး ရှဝါဒီ လုပ်သလို စက္ကူကို
ခပ်ဖြည်းဖြည်းချင်း အလယ်တည့်တည့်ကနေ ဖွင့်လိုက်တော့ အညိုအဖြူ တစ်ကန့်စီ အေးခဲနေတဲ့
ချောကလက်ချောင်းကို ရလိုက်ပါပြီ။

ပန်းကန်ချပ်ကြီးတွေပေါ်မှာ ကိုယ်တိုင်ချက်ထားတဲ့ ဆော့စ်၊ ပန်ကိတ်၊ ချောကလက်နဲ့ စတော်ဘယ်ရီ သီးတွေကို စိတ်ကြိုက်အလှဆင်ပါ ဆိုတော့ ကျွန်မကတော့ သုံးလွှာခေါက်ထားတဲ့ ပန်ကိတ်အနားသတ် မှာ ဆော့စ်လောင်းထည့်၊ ချောကလက်ချောင်းကို အလယ်မှာခြားပြီး စတော်ဘယ်ရီသီးတွေကို ပန်ကိတ်ပုံစံ ချထားတဲ့အတိုင်း တစ်ဖက်မှာ စုပုံပြီးအလှဆင်လိုက်ပါတယ်။

ဒိုင်တစ်ယောက်ချင်းစီက ချောကလက်၊ပန်ကိတ်နဲ့ ဆော့စ်တွေကို လာမြည်းစမ်းပြီး အမှတ်တွေ ပေးနေခဲ့ ကာ နောက်ဆုံးမှာ တောင်အာဖရိကရဲ့ နာမည်ကျော် ဘူဘူဇီလာ တွေ တီးမှုတ်ကာ
ဆုသုံးဆု ကြေညာခဲ့ပါတယ်။

ကံအားလျော်စွာ ချက်ထရီယမ်စားဖိုမှူးနဲ့ ကျွန်မ စားပွဲက တတိယဆုရခဲ့ပြီး အမေရိကန်သူနှစ်ဦး ချက်ပြုတ်တဲ့စားပွဲနဲ့ မြန်မာအမျိုးသားနှစ်ဦး တို့အတွဲက ဒုတိယနဲ့ ပထမဆုတို့ရခဲ့ကြပါတယ်။

ချက်ထရီယမ်ဟိုတယ်နဲ့အတူ ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ ဘန်ကောက်အခြေစိုက် MBMG Group မှ မန်နေးဂျင်းဒါရိုက်တာ Mr Graham Macdonald က တောင်အာဖရိကနဲ့ မြန်မာနိုင်ငံ အလှမ်းကွာဝေးပေ မယ့် ရိုးသားပွင့်လင်းတဲ့ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ချင်းတူညီပြီး ယဉ်ကျေးမှု အရ ပိုနီးစပ်စေချင် တာကြောင့် ဒီပွဲကိုစီစဉ်ဖြစ်တာပါလို့ ဆိုပါတယ်။

"သွားရောက်လည်ပတ်ဖို့ အလွယ်တကူ မဖြစ်နိုင်တဲ့ နေရာတွေဖြစ်တာကြောင့် ခုလို ဟင်းချက်တဲ့ အစီအစဉ်အပါအ၀င် တောင်အာဖရိက အစားအစာပွဲတော်ကို စီစဉ်ဖြစ်ပါတယ်။ ပြိုင်ပွဲတို့၊ သင်တန်းတို့ ဆိုတာထက် ယဉ်ကျေးမှုတွေ ပိုနီးစပ်စေချင်တာပါ။ နောက်ထပ်လည်း တောင်အာဖရိ ကနဲ့ မြန်မာ ဆက်ဆံရေးပိုမို တိုးတက်အောင် စီစဉ်ဆောင်ရွက်ဖို့ ရှိပါတယ်"လို့ မစ္စတာ ဂရေဟမ်က ပြောပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ တောင်အာဖရိကအစားအစာပွဲတော် အတွက် ချက်ပြုတ်တည်ခင်းမယ့် အစားအစာတွေကအစ သေချာပြင်ဆင်ခဲ့တယ်လို့ ပွဲတော်အတွက် ဦးဆောင်သူဖြစ်တဲ့ ဟိုတယ်မှ Marketing Communications Manager ဖြစ်တဲ့ မထရီဇာက ပြောပါတယ်။

"တောင်အာဖရိကနဲ့ မြန်မာနဲ့က ဝေးပေမယ့် ရာသီဥတုကအစ (ခြောက်သွေ့တာနဲ့ စိုစွတ်တာကလွဲရင်) သိပ်မကွာဘူးလို့ ပြောတယ်။ ဟိုမှာ အဓိကအစားအစာတွေဖြစ်တဲ့ မိကျောင်းသားတို့၊  သမင်သားတို့ကို ချက်ပြုတ်မှာဆိုတော့ မိကျောင်းသားဆိုရင် ထိုင်းကို သွားဝယ်ရတဲ့အထိ သေချာပြင်ဆင်ခဲ့ပါ တယ်။ နောက်ထပ်လည်း တောင်အာဖရိကနဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတွေ အတွက် ကျင်းပနိုင်ဖို့ ပြင်ဆင်နေပါတယ်"လို့ မထရီဇာက ပြောပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပတဲ့နေရာ အဖြစ်ကလွဲရင် ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ တောင်အာဖရိကရဲ့ ဟင်းလျာတွေကို ချက်ထရီယမ် ဟိုတယ်ဝင်းထဲက ရေကူးကန်ဘေးမှာ ချွေးတလုံးလုံး၊ ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ဝင်ချက်ပြုတ်ရတဲ့ ဒီဟင်းချက်သင်တန်းကပေးတဲ့ ခံစားမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေတဲ့အပြင် ပျော်ရွှင်မှုနဲ့ ရင်းနှီးနွေးထွေးမှုတွေပါ ရရှိခဲ့ပါတယ်။

မြန်မာတိုင်းမ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...