နှလုံးအပြင်ရောက် ကလေးတစ်ယောက်ကို အသက်လုကယ်တင်နေရ

ဥတာပရာဒက်ရှ်၊ ဧပြီ ၃

အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ်မြို့ရှိ စူလ်တန်ပါဆေးရုံကြီးသို့ရောက်ရှိလာသော ဆင်းရဲသည့် ဇနီးမောင်နှံ က မွေးဖွားထားသည့် နှလုံးအပြင်ရောက်နေသော ကလေးတစ်ယောက်ကို ဆေးရုံရှိဝန်ထမ်းများက အသက်လုကယ်တင်နေရပြီး နှလုံးကို ပုံမှန် ရင်ခေါင်းအတွင်း ပြန်လည်ထည့်သွင်းနိုင်အောင် ကြိုးပမ်းနေကြရကြောင်း Daily Mailသတင်းတွင်ဖော်ပြထားသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ပရီယန်ကာ ပါလ်ဆိုသည် အမျိုးသမီးတစ်ဦးသည် စူလ်တန်ပါ အစိုးရဆေးရုံကြီး အရေးပေါ်ဌာနသို့ မိမိသားငယ်ဖြစ်သူ နှလုံးအပြင်ရောက်နေသူကို ခေါ်လာပြီး ပြသခဲ့ကြောင်း၊ မိမိတို့မှာ ဆင်းရဲသောကြောင့် ကုသရန် မတတ် နိုင်ကြောင်း ပြောကြားသည်ဟု ယင်းသတင်းကဆိုသည်။

ယင်းကလေးသည် အလွန်ရှားပါးသည့် နှလုံးပြင်ပရောက်ရောဂါကို ခံစားနေရပြီး၊ နှလုံးသည် ပုံမှန် အနေအထား မဟုတ်သော် လည်း ရင်ဘတ်ပေါ်တွင် လှုပ်ရှားလျက်ရှိကြောင်း၊ ထိုကလေးကို ခွဲစိတ်ကုသရန်မှာ ငွေကြေးအလွန်ကုန်ကျမည်ဖြစ်သော ကြောင့် အလှူရှင်များ လိုအပ်လျက် ရှိကြောင်း ဆေးရုံကသတင်းထုတ်ပြန်ထားသည်။

ယင်းသို့ နှလုံးပြင်ပရောက် မွေးဖွားခြင်းသည် လူတစ်သန်းတွင် ရှစ်ဦးနှုန်းလောက်သာရှိနိုင်ပြီး၊ မွေးဖွားပြီး ၉ဝ ရာခိုင်နှုန်းခန့် သေကျေပျက်စီးနိုင်ကာ သုံးရက်ခန့်သာ အသက်ရှင်နိုင်ခဲ့သည်ဆိုသော်လည်း ယခုဆေးရုံသို့ရောက်လာသည့် ကလေးသည် ဆယ်ရက်ခန့် အသက်ရှင်နေသေးကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

ကလေး၏မိဘများသည် အလွန်ဆင်းရဲကြပြီး ဘခင်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပန်းရန်လုပ် ရကြောင်း၊ မိမိအနေဖြင့် ဆေးရုံကုသစရိတ်ကုန်ကျငွေများကို မပေးနိုင်ကြောင်း၊ အစိုးရက အထောက်အပံ့ပေးမည်ဟု မျှော်လင့်ကြောင်း၊ မိမိသားလေး အသက်ရှင်ရေးအတွက် မိမိအနေဖြင့် ဘာမဆိုလုပ်ပေးရန် အသင့်ရှိကြောင်း ဘခင်ဖြစ်သူ နာဘေပါးလ်ကပြောကြားသည်။

ယခုအခါ ကလေးကို ဒယ်ရာဒွန်းဆေးရုံကြီးသို့ ပြောင်းရွှေ့ကာ ခွဲစိတ်ကုသချိန်ကို စောင့်စားနေရကြောင်း ကလေး၏ဘခင်က ဆိုသည်။

The Voice Daily
4.4.2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...