နှလုံးသားကင်းမဲ့သော ပညာတတ်များ



နှလုံးသားကင်းမဲ့တာချင်းအတူတူ ပညာမဲ့ထက် ပညာတတ်တွေက ကြောက်စရာကောင်းပါလိမ့်မည်။

ပညာတတ်တစ်ယောက်ဟာ နှလုံးသားမရှိတဲ့အတွက် သူ့ရဲ့အသိပညာတွေ၊ အသိအမြင်တွေကို သူလိုလားတဲ့သူတွေရဲ့ ရှုထောင့်ကပဲ စဉ်းစားတွေးခေါ်လိမ့်မယ်။ သူလိုလားတဲ့သူဆိုတာကလည်း သူ့ဘဝကိုလက်တွေ့ အကျိုးပြုမယ့်သူတွေပဲဖြစ်လိမ့်မယ်။

နှလုံးသားမရှိတဲ့အတွက် စာနာထောက်ထားမှုနဲ့ ကိုယ်ချင်းစာတရားလည်းရှိမှာမဟုတ်ဘူး။ တည့်တည့် ပြောရရင်တော့ နှလုံးသားမရှိတဲ့ပညာတတ်တွေဟာ ပြည်သူအကျိုးနဲ့ အစိုးရအဖွဲ့တစ်ခုရဲ့ အကျိုးယှဉ် လာရင် အစိုးရဘက်ပဲ ပြောင်ပြောင်တင်းတင်းလိုက်မှာပါပဲ။

နံပါတ်တစ် ပြည်သူဆိုတာက သူ့ကိုအန္တရာယ်မပေးနိုင်ဘူး။ နောက်ပြီးအခွင့် အရေးလည်းပေးနိုင် သူ တွေမဟုတ်ဘူး။ ပြည်သူတွေက လစာငွေမပေးနိုင်ဘူး။ ကားမပေးနိုင်ဘူး။ တိုက်ခန်းမပေးနိုင်ဘူး။ အဲဗီဇာလည်းမပေးနိုင်ဘူး။ ပြည်သူဆိုတာ အစိုးရလိုအာဏာမရှိဘူး။

တစ်ခါက နိုင်ငံကြီးတစ်ခုမှာ ဒေါက်တာဘွဲ့ယူလာတဲ့ တိုင်းရင်းသားတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်။ သူကအဲဒီနိုင်ငံသားခံယူထားတာဆိုတော့ သူမြန်မာနိုင်ငံမှာနေဖို့က အစိုးရလက်ထဲမှာပဲ။ ဒါကြောင့် ထင်ပါရဲ့ ဗီဇာပေးပြီး ဖူးဖူးမှုတ်ထားတဲ့ အစိုးရကိုဖားတဲ့စကားတွေ ပြောင်ပြောင်တင်းတင်းပြောတယ်။ သူ့စကားတွေက သူယူလာတဲ့ ဒေါက်တာဘွဲ့နဲ့တောင် မလိုက်ဖက်အောင်အဆင့်နိမ့်လွန်းတယ်။ ဒီ အစိုးရအဆက်ဆက်ကြောင့် အလွန်အမင်းနိမ့်ကျနေပြီဖြစ်တဲ့ သူ့ရဲ့တိုင်းရင်းသား အမျိုးအနွယ်တွေ ကို တောင် အားနာပုံမရဘူး။ တကယ်တမ်းကျတော့ သူပြောနေတဲ့စကားတွေဟာ အပေါ်ယံဟန်ဆောင် ထားတဲ့ မုသားတွေပဲဖြစ်တယ်။ သူကဟန်ဆောင်နေပေမယ့် တပ်မတော်ကို ဘယ်လောက်မုန်းတီးနေ တယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ အဲဒါကြောင့်စကားတွေကလည်း ရှေ့နောက်မညီညွတ်ဘူး။ စကား တစ်ခွန်းနဲ့တစ်ခွန်း ဆန့်ကျင်နေတယ်။ ကျုပ်တို့နဲ့မတူတာက ကျုပ်တို့က တပ်မတော်ကို အမုန်းမရှိဘူး။ တိုင်းတစ်ပါးနဲ့တိုက်ရင် ဒီတပ်မတော်ကိုပဲ ကျုပ်တို့ကူညီရဦးမှာပဲ။ အမုန်းမရှိဘူး။ တပ်မတော်ကို ကိုယ့်နေရာကိုယ်နေဖို့ပဲ တောင်းဆိုတာ။ ဒါလည်းနိုင်ငံတိုးတက်ကြီးပွားဖို့အတွက်ပဲ။ ပြည်သူတွေ လွတ်လပ်ချမ်းသာဖို့ပဲ။ ဒါကြောင်အစိုးရက အခွင့်အရေးဘယ်လောက်ပေးပေး မျှမျှတတပဲရေးမှာပဲ။ သူတို့ဘက်ကတော့ လိုက်မရေးနိုင်ဘူး။ နှလုံးသားကင်းမဲ့တဲ့ ပညာတတ်ကြီးတွေကတော့ ဘယ်တော့ မှနှစ်ဖက်အမြင်ရယ်လို့မရှိဘူး။ အားနာနာနဲ့ပြောရရင် ဘို့တစ်ဘို့တည်းရှိတယ်။ ပညာတတ်ကြီး တစ် ယောက်ရေးတာကို ကျုပ်ဆောင်းပါးတစ်ပုဒ်မှာ ပြန်ရေးဖူးတယ်။ သူကပြောတာက အရက်သမား တစ် ယောက် အခုပုတီးစိပ်နေရင် အရင်ကအရက်သောက်ခဲ့ဖူးတာ မေ့ပစ်ရမယ်တဲ့။ ဟောကြည့် သူက ဘက်တစ်ဘက်တည်းကြည့်တာ ဘယ်လောက်ထင်ရှားသလဲ။ ကျုပ်ကပြောလိုက်တယ်။ အဲဒီအရက် သမားဟာ ကျုပ်တို့နဲ့လာမပတ်သက်ဘဲ သူ့ဘာသာနေရင်တော့ အရက်ထဲပဲ ပုတီးစိမ်ပြီးစိပ်စိပ် စိတ်မ ဝင်စားဘူးလို့။ ဒါပေမဲ့ဒီအရက်သမား ကျုပ်တို့လူမှုအသိုင်းအဝိုင်းနဲ့လာပြီး ပတ်သက်မယ် သို့မဟုတ် ကျုပ်တို့ကို လာအုပ်ချုပ်မယ်ဆိုလိုကတော့ တကယ်အရက်ပြတ်ပြီး ပုတီးစိပ်တာဟုတ်မဟုတ်၊ အုပ်ချုပ် ချင်လို့ပဲ၊ အရက်ခွက်ပုန်းသောက်ပြီး ပုတီးဟန်ပြကိုင်နေတာလားဆိုတာ ကျုပ်တို့က ဆန်းစစ်ဝေဖန် ရ တော့မှာပဲ။ ဒါ mindest နဲ့မဆိုင်ဘူးလေလို့။ အဲဒီပညာတတ်ကြီးက ကျုပ်တို့ဘက်ကမတွေးဘဲ အရက်သမားဘက်ကပဲ တွေးနေတာဗျ။ သူတင်စားပုံက အရက်သမား ပုတီးစိပ်တယ်ဆိုတာ အရင်က ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တွေက အခုဒီမိုကရေစီပြောင်းကိုင်တာကို ဆိုလိုချင်တာ။

နောက်တစ်ယောက်ကလည်း လာသေးတယ်။ သာအေးရယ်ဆိုသလိုပဲ။ အသံထွက်ပြီးတော့ တောင် ရယ်မိတယ်။ ဘယ်သူဘယ်ဝါဘယ်ဂျာနယ်မှာဆိုတာ မပြောတော့ပါဘူး။ စိတ်ပျက်လို့မပြောတော့ဘူး။ သူက “လူမှုသိပ္ပံဟူသော Social Science ကလေ့လာသည်” ဆိုတာနဲ့အစချီတာဗျ။ စပစ်ကတည်းက လက်နက်ကြီးနဲ့ထုတာ။ “မှန်မှန်ကန်ကန်ရှိသော ပညာရှင်အနည်းငယ်မျှသာ နားလည်မှုပေးလေ့ရှိကြ တယ်” လို့ဆိုတယ်။ တွေ့တယ်မဟုတ်လား။ သူဆိုလိုတာ ခင်ဗျားတို့ကျုပ်တို့က နားလည်မှုမပေးရင် မှန်လည်းမမှန်ဘူး။ “ပညာရှင်” လည်းမဟုတ်ဘူးလို့ ချည်ပြီးတုပ်ပြီးဆိုတာဗျ။ ပညာတတ်ဉာဉ်ဆိုတာ ဒါမျိုးပေါ့။ သူပြောတဲ့ပညာရှင်တွေဆိုတာ ခင်ဗျားတို့တော့ မသိဘူး။ ကျုပ်ကတော့မဖြစ်ချင်ပါဘူး။ သူပြောသမျှ ခေါင်းညိတ်ရမယ့်အစားတော့ ပညာရှင်မဖြစ်ရတာ ဝမ်းသာစရာပဲ။

သူကရှုထောင့်တစ်မျိုးမျိုးမှာ အခြေခံကြသူများက အတင်းကာရော လုပ်တတ်ကြသည်တဲ့။ အင်ဂျင်နီ ယာပညာရပ်တွင် ကြမ်းခင်း Floor လောင်းပြီးလျှင် ဘိလပ်မြေကောင်းစွာသိပ်သည်းရန် Setting Period ကို ၂၁ ရက်ထားရပါသည်တဲ့။ ၁၄ ရက်သာအချိန်ပေးလျှင် ထိုကြမ်းခင်းစံချိန်စံညွှန်း မပြည့် တတ်ပါတဲ့ ခုနှစ်ရက်မျှသာအချိန်ပေးပြီး ထိုကြမ်းခင်းအပေါ် လေးလံသော ပစ္စည်းများတင်ခဲ့လျှင် ပြိုလဲ တတ်သည့် သဘာဝ ရှိပါသည်တဲ့။ ကဲ ဘယ်လိုသဘောရကြသလဲ။ မဟာဉာဏ်ကြီးရှင် ပညာတတ်ကြီးခမျာ ဦးနှောက်မီးခိုးထွက်အောင်စဉ်းစားပြီး အစိုးရဘက်ကနေ ရှေ့နေလိုက်ဖို့ ကြိုးစားနေရှာကာ မြင်ကြ တယ်မဟုတ်လား ရိပ်မိပြီလား။

ကွန်ကရစ်လောင်းတယ်ဆိုတာက အခြေခံဥပဒေနဲ့ လူ့အခွင့်အရေးကို သူဆိုလိုတာဗျ။ Setting Period လောင်းပြီးသိပ်ထားရတဲ့ကာလဆိုတာက အသွင်ကူးပြောင်းရေးကာလကို ဆိုလိုတာပါ။ အခြေ ခံဥပဒေပြင်ဆင်ဖို့တို့၊ လူ့အခွင့်အရေးတောင်းဆိုတာတို့က စောပါသေးတယ်လို့ ခင်ဗျားတို့ကျုပ်တို့ကို သူကပြောချင်တာ။ ဒါဆိုရင်သူဟာ ဘယ်ဘက်တစ်ဘက်တည်းကြည့်ပြီး ပြောနေတာလဲဆိုတာ သ ဘောပေါက်လောက်ပါပြီနော်။

သူဟာကျုပ်တို့ပြည်သူတွေဘက်က နှမ်းတစ်စေ့စာမျှ ကြည့်ပေးဖော်မရဘူးခင်ဗျာ။ အစိုးရလောင်းထား တဲ့ဗိုလ်ချုပ်ကြီးတွေလောင်းထားတဲ့ Floor (ကွန်ကရစ်ပဲ) သူ့ခေါင်းထဲမှာ ရှိပုံရတယ်။

ဒီမိုကရေစီအတွက် အသက်ဆုံးရှုံးခံပြီး ကွန်ကရစ်လောင်းခဲ့တဲ့သူတွေရှိခဲ့တယ်။ သူတို့ရဲ့ကွန်ကရစ် (Floor) တွေ၊ လူထုခေါင်းဆောင်တွေလောင်းခဲ့တဲ့ ကွန်ကရစ်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်နဲ့ အကျဉ်းသားဟောင်းတွေ လောင်းခဲ့တဲ့ကွန်ကရစ်တွေ၊ ရွှေဝါရောင်သံဃာတွေလောင်းခဲ့တဲ့ ကွန်ကရစ် တွေစာ သူ့အတွက်ဘာမအရေးပါပုံမရဘူး။ ရှိကောင်းမှန်းတောင် သိရဲ့လားမသိဘူး။

“ဗိုလ်ချုပ်ကြီးများအစိုးရ” လောင်းတဲ့ကွန်ကရစ်တစ်ခုကိုပဲ မြင်တတ်တဲ့ ပညာတတ်ကြီးကို မေးကြည့် ချင်တယ်။ နားတစ်ဖက်နဲ့ မျက်လုံးတစ်လုံးပဲရှိတာများလား။ ပြည်သူတွေရဲ့ ငိုသံတွေကိုကြားဖို့ နားတစ် ဖက်ရယ်၊ ပြည်သူရဲ့မျက်ရည်တွေကို မြင်တတ်တဲ့မျက်လုံးတစ်လုံးရယ် တပ်ထားလိုက်ပါဦးလို့။ ပညာတတ်ကြီးပြောသလို ဗိုလ်ချုပ်ကြီးတွေကွန်ကရစ် (Floor) လောင်းခဲ့တာဟာ ၂၁ ရက်လည်း မက တော့ပါဘူး။ ၄၂ နှစ် ဟင့်အင်း။ ၅၂ နှစ်တောင်ကျော်ခဲ့ပြီလား။ ဘယ်မှာသိပ်သည်းပြီး သုံးစားလို့ရခဲ့ လို့လဲ။ ဘယ်တော့မှမာကျောသိပ်သည်းပြီး သုံးစားလို့ရခဲ့လို့လဲ။ ဘယ်တော့မှ မာကျောသိပ်သည်းပြီး ကျစ်လျစ်သွားမယ့်ကွန်ကရစ် (Floor) မဟုတ်ဘူးဆိုတာ ပညာတတ်ကြီးမသိဘူးလား။ ဘာဖြစ်လို့လဲ။ သုံးထားတာဘိလပ်မြေအစစ် မဟုတ်ဘူး။ ပစ္စည်းမမှန်၊ နည်းမမှန်ဘူးဆိုတော့ သိပ်သည်း သွားအောင် စောင့်ပါဦးဆိုရင်ပြောတဲ့သူဟာ အဂတိတစ်ခုခုလိုက်စားထားပြီလို့ သတ်မှတ်လို့ရတယ်။

ကျုပ်ဆိုလိုတာက ပညာတတ်ကြီးတွေဟာ ပြည်သူတွေဘက်ကနေ မှားမှားမှန်မှန် မျက်ကန်းဘက် လိုက်ဖို့ မဆိုလိုပါဘူး။ ပညာရှင်ဆိုတာ ဘယ်ဘက်မှမလိုက်ဘဲ တရားမျှတစွာ စဉ်းစားသင့်တယ် ထင်ပါတယ်။ အင်းလေ ပုထုဇဉ်ဆိုတော့ အခက်သားပဲ။ ဘုန်းကြီးတွေတောင် ချဉ်ပေါင်ကိုကာပြန်ပြီး ဝက်သားလက် ရုန်းတယ်လို့ စာမှာရှိတာပဲ။ ကိုယ့်ကိုယ်ကိုယ်တော့ ငါအမှန်လုပ်တယ်ထင်တာပေါ့။ ကိုယ့်ကိုယ်ကိုယ်တော့ ငါအမှန်လုပ်တယ်ထင်တာပေါ့။ ခြေထောက်တစ်ဖက်ကတော့ ဝက်သားဘက် ရောက်နေပြီလေ။

နောက်ပြီး ပညာတတ်ကြီးတို့ရဲ့ စွမ်းဆောင်ချက်လို့ခေါ်ရမှာပဲ။ အခုဆိုရင်မြန်မာစာက နှစ်မျိုးဖြစ်နေ သလားအောက်မေ့ရအောင် ဆရာကြီးတို့ရေးတဲ့ မြန်မာစာကိုနားမလည်နိုင်ဘူး။

ဒီအဖြစ်က ဘယ်ကစလဲဆိုတော့ ၁၉၆၉-၁၉၇၀ ပတ်ဝန်းကျင်မှာ ပညာရေးစနစ်ကို ဗိုလ်ချုပ်ကြီးတွေ လက်တည့်စမ်းနေကြချိန်ပေါ့။ နိုင်ငံခြားသားတွေ ရှာဖွေတီထွင်ထားတဲ့ ပညာရပ်တွေကို နိုင်ငံခြားဘာ သာစကားကနေ မြန်မာစာနဲ့ကောက်ကာငင်ကာ ပြောင်းသင်ခိုင်းရာကစပြီး ဟိုမရောက် သည်မရောက် ကပြားမြန်မာစာတွေပေါ်လာခဲ့တာပဲ။ စိတ်မကောင်းဖြစ်ရမယ့်အစား တချို့က သဘောတွေ့သွားပြီး ဒါမှပညာရှင်စာ၊ ပညာရှင်စကားဆိုပြီး သုံးစွဲကြရာကနေ လူတွေနားမလည်အောင် ပြောနိုင်ရေးနိုင်မှ ပညာရှိဆိုပြီးရာဇဝင်တွင်ခဲ့တာပဲ။

ဥပမာ Functionalism ကိုဆရာကြီးတွေက ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတော့ “လက်တွေ့လုပ်ငန်း ဆောင်တာတို့သည် ထိုအယူအဆသဘောသဘာဝကို သတ်မှတ်စေသည်ဟူသည့် အယူအဆဖြစ် သည်တဲ့။ လက်တွေ့အကောင်အထည်ဖော်ရာ၌ မိမိအခြေအနေပေးထားချက်များနှင့် လက်တွေ့ ကိုက်ညီမှုရှိပြီး အကျိုးရလဒ်မှန်ကန်စွာထွက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်” တဲ့။ လောင်းရဲပါ တယ်။ ဆယ်ခေါက်ဖတ်ကြည့် နားမလည်စေရ။

ကျုပ်တို့ရိုးရိုးအရပ်သားစကားနဲ့ပြောရမယ်ဆိုရင် Functionalism ဆိုတာအယူအဆတစ်ခုပဲ။ “အဆောက်အအုံ သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့အရေးကြီးဆုံးအရာက သူ့ရဲ့အပေါ်ယံပုံစံမဟုတ်ဘဲ သူဘယ်လိုအသုံးတည့်မှာလဲဆိုတာ ဖြစ်တယ်” ဆိုတဲ့ အယူအဆပါပဲ။

အမေရေ အမေ့သားပညာတတ် သို့မဟုတ် ပညာရှိကြီးမဖြစ်တာ ကံကောင်းလိုက်တာ။

The Flower News Journal
Vol.10, No.14, April.1-7, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...