Cervical incompetence သားအိမ်အဝမလုံခြင်း


အသက် ၂၉ နှစ်ပါ။ အသက် ၂၈ နှစ်မှာ ကိုယ်ဝန်စယူပါတယ်။ ကိုယ်ဝန် ၂၆ ပါတ်မှာ ရေမွှာပေါက်ပြီး မွေးသွားပါတယ်။ ၄၅ ရက်ပြည့်တဲ့နေ့မှာဗိုက်အပ်ထားတဲ့ OG ဆီမှာပဲ ဆေးစစ်လိုက်ပါတယ်။ သားအိမ်ခေါင်းမလုံလို့ ဖြစ်သွားတယ်ပြောပါတယ် ဆရာ။ နောက်တစ်ခေါက် ကိုယ်ဝန်ဆောင်ရင် သားအိမ်ဝကိုစည်းရမယ်လို့ ပြောပါတယ်။ နောက် ရှစ်လအကြာမှာ ဒုတိယ ကိုယ်ဝန်ပြန်ယူပါတယ်။ ပထမကိုယ်ဝန်အပ်တဲ့ OG နဲ့ပဲ ဆက်ပြပါတယ်။ ကိုယ်ဝန် ၁၉ ပါတ်မှာ သားအိမ်ဝစည်းပါတယ်။ နောက် ၆ ရက်အကြာမှာပဲ ဗိုက်နာလာပါတယ်။ မနက် ၂ နာရီမှာ ဗိုက်နာလာလို့ ဆေးရုံသွားလိုက်တော့ အရေးပေါ် ကုသမှုတွေ လုပ်ပါတယ်။ နောက် ၂ ရက်မှာပဲ သားအိမ်ဝစည်းထားတာ ဖြေလိုက်ရပါတယ်။ နောက်မနက်စောစောမှာပဲ မွေးသွားတယ်ဆရာ။ သမီးကအခု့ မှာပါ။ ပြနေကျ OG က့ ကပါ။ လွှဲလိုက်တာက့ ဆေးရုံကိုပါ။ ပထမ ကိုယ်ဝန်တုန်းကတော့ မြန်မာပြည်ခဏပြန်တုန်းမှာ ဖြစ်သွားတော့ ကလေးက မရလိုက်ပါဘူး။ အခု X-ray ရိုက်၊ သွေးစစ် အကုန်လုပ်ဖို့ ပြောလို့ စစ်ပြီးပါပြီ။ အားလုံးပုံမှန်ပဲလို့ပြောပါတယ်။ သားအိမ်ဝစည်းတာ နောက်ကျတာကြောင့်လို့ ပြောပါတယ်။ OG က နောက်ခြောက်လနေရင် ကိုယ်ဝန်ထပ်ယူဖို့ ပြောနေပါတယ်။ အသက်ကြီးလာလေ ကိုယ်ဝန်ဆောင်ရ ခက်လေဖြစ်မှာစိုးလို့လို့ ပြောပါတယ်ဆရာ။ သမီးသိလိုတာကတော့ ၃ နှစ်ဆက်တိုက် ကိုယ်ဝန်ဆောင်လို့ ဖြစ်ပါ့မလားဆိုတာပါဆရာ။ သမီးကကိုယ်ဝန်ပြီး ၂ လထဲဝင်တာနဲ့ တံတွေးတောင် မျိုမချချင်လောက်အောင်ပါပဲဆရာ။ အစာစားပြီးရင်လည်း အန်တယ်၊ ဘာအနံ့မှမခံနိုင်ဘူး။ ၄ လပြည့်မှပဲစားနိုင်ပြီးပုံမှန်ပြန်ဖြစ်ပါတယ်။ အခုလိုမျိုးမဖြစ်အောင် ကိုယ်ဝန်မဆောင်ခင် ကြိုတင်ဆေးသောက်ပြီး ကာကွယ်လို့ရပါသလားရှင့်။

သားအိမ်ဝဆိုတာ ကိုယ်ဝန်မရှိချိန်မှာ အပေါက်ရှိတယ်ဆိုယုံသာ ကျယ်တယ်။ ပိတ်ထားတဲ့ပါးစပ်လိုဘဲ။ ကိုယ်ဝန်ရှိလာရင် အချွဲရည်နဲ့ပြည့်လာာမယ်။ ပလပ်နဲ့ဆို့ထားသလိုဖြစ်နေမယ်။ မာတင်းတင်းရှိမယ်။ ကလေးဖွါးတော့မယ်ဆိုရင် အပြောင်းအလဲတွေစပြီ။ ပြော့မယ်၊ ရှည်မယ်၊ အဝကျယ်မယ်၊ နှုပ်ခမ်းသားပါမယ်။ အောက်ဖက်ဆီကိုနီးနီးလာမယ်။ ဒီဖြစ်စဉ်တွေ အချိန်မတိုင်ခင်ဖြစ်လာတာကို ‘သားအိမ်အဝမလုံခြင်း’ ခေါ်တယ်။

သားအိမ်ဝရဲ့ အထဲပေါက်ဝက ကလေးမထွက်မချင်းပိတ်နေရတယ်။ တကယ်လို့ အဲဒီအတွင်းပေါက်ဟာ ၁ စင်တီမီတာ ထက်ပိုကျယ်နေရင် ပုံမှန်မဟုတ်ဘူးလို့ပြောနိုင်တယ်။ ၂ စင်တီသာဆိုရင် သားအိမ်ဝမလုံဘူးလို့ ရောဂါနာမယ်တပ်နိုင်ပြီ။ ရေမြွာစောပေါက်မယ်။ ကလေး စောမွေးမယ်။ ကလးအသက်ရှင်ဘို့ဆိုတာ စောလေခက်လေဖြစ်မယ်။ အဲလိုကျယ်နေပြီး မွေးချင်လာပေမဲ့ ဗိုက်မနာဘူး။ ပုံမှန်ကိုယ်ဝန်ကနေ မွေးခါနီးရင် (၁) သားအိမ်က ညှစ်လာပြီး နာမယ်၊ (၂) သားအိမ်ဝက ပွင့် + ပါး + တို လာရမယ်။

Incompetent cervix လို့လဲခေါ်တယ်။ သားအိမ်အဝမလုံခြင်းဆိုတာ သားအိမ်ဝအားနည်းလို့ဖြစ်တယ်။ ကိုယ်ဝန် စုစုပေါင်းရဲ့ ၁-၂% သာရှိတယ်။ ကိုယ်ဝန် ဒုတိယသုံးလထဲမှာ ပျက်တာထဲမှာ၂ဝ-၂၅% ဖြစ်စေတယ်။

ဘယ်လိုအမျိုးသမီးတွေမှာဖြစ်နိုင်သလဲ
• ကိုယ်ဝန် တခါမက (၃ လနောက်မှာ) ပျက်ကျသူ၊
• အရင် သားအိမ်အဝမလုံခြင်း ဖြစ်ဘူးသူ၊
• အရင်က ရေမြွာစောပေါက်ဘူးသူ၊
• အရင်က ကိုယ်ဝန်လမစေ့ဘဲမွေးဘူးသူ၊
• သားအိမ်ဝကို ခွဲစိတ်မှုတခုခုရှိဘူးသူ၊
• သားအိမ်ဝချဲ့ပြီး D and C သားအိမ်ခဏခဏခြစ်ရသူ၊
• DES ဆေးသုံးသူတွေမှာဖြစ်တယ်။
• မွေးရာပါ သားအိမ်ပုံမှန်မဟုတ်သူ။

ဘယ်လိုကုသမှုလုပ်မလဲ
Cervical cerclage သားအိမ်ဝကို ချုပ်ပြီး ယာယီပိတ်ပေးထားနည်းလုပ်ရမယ်။ အောက်က (မွေးလမ်းကြောင်း) ကနေ လုပ်တာများတယ်။ အထက် (ဗိုက်) ဖွင့်ပြီးလုပ်နည်းလဲရှိတယ်။ ဒီနည်းက ချုပ်ရိုးကို လိုချင်တဲ့နေရာ အတိအကျမှာ လုပ်နိုင်တယ်။ ကိုယ်ဝန် ၁၄-၁၆ ပါတ်မှာ လုပ်တာများတယ်။ ၃၆-၃၈ ပါတ်ရရင်ဖြုတ်မယ်။

သားအိမ်အဝ မလုံတာကို ခပ်စောစောသိဘို့ ခက်တယ်။ ၁၆-၂ဝ ပါတ်ရောက်ရင် ဗဂျိုင်းနားကနေရိုက်တဲ့ (အာလ်ထွာဆောင်း) နဲ့ သားအိမ်လည်ပင်းအရှည် တိုင်းနိုင်တယ်။ တိုနေရင် မကောင်းဘူး။ Steroids ဆေးသုံးပြီး စောမွေးတာကိုနောက်ကျစေနိုင်တယ်။

Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) နဲ့ Cervical length ကိုယ်ဝန်ဆောင်နဲ့ သားအိမ် လည်ပင်းအရှည် တွေကိုလဲ ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...