Commercial medicine ဆေးလှလှလေးတွေ ဝယ်ကြမလား



ဆရာမင်္ဂလာပါဆရာ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အခုပုံမှာပြထားတဲ့ ဆေးတွေခေတ်စားနေလို့ လူတွေကို အန္တရာယ်ပေးနိုင်သလား ဒုက္ခပေးနိုင်သလားဆိုတာသိချင်လို့ပါ။ နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေဆရာ။

• ပုံတွေကိုကြည့်ရတာနဲ့ ကြော်ညာဆေးတွေဖြစ်တာ သိသာတယ်။ ဆေးနဲ့ဆေးပစ္စည်းတွေကို အမျိုးမျိုး ရောင်းချတယ်။
• အစစတိုးတက်တဲ့ ဥပဒေသက်ရောက်မှု ပိုပြီးထိရောက်ကောင်းမွန်တဲ့တိုင်းပြည်တွေမှာ ဆေးမှန်သမျှကို လက်လွတ်စပယ် မရောင်းရပါ။ OTC ခေါ်တဲ့ အမျိုးအစားတွေကိုတော့ ဆိုင်တွေက ကောင်တာမှာ ဘယ်သူမဆို ဝယ်လို့ရတယ်။ Prescription ဆေးတွေက ဆရာဝန်လက်မှတ်နဲ့သာရောင်းတယ်။
• ဒါ့အပြင် Vaccines ကာကွယ်ဆေးလို ဆေးတွေ၊ MDR တီဘီ ကုသဆေးတွေ စတာကို ကန့်သတ်မှု ထပ်လုပ်ထားတယ်။ အပြင်မှာ ဆရာဝန်လက်မှတ်ပါလဲ မရောင်းရပါ။
• နောက်တခုက FDA ကလဲခွင့်ပြုထားပြီး ရောင်ပန်းလှအောင် ကြောညာကောင်းကောင်း၊ ဗူးခွံလှလှ မော်ဒယ်ပုံတွေနဲ့၊ ဆေးနာမည်ပေးတာကလဲ လူကို ဆွဲဆောင်မှုနဲ့ ရောင်းတာတွေရှိတယ်။ ဆေးဈေးကိုလဲ တင်ထားတယ်။ ကြော်ညာဘိုး ပိုယူထားတာပါ။
• ဒါကြောင့် အစိုးရတွေကနေ Generic medicine သာ ရောင်းဘို့ ဥပဒေနဲ့ တားမြစ်လာရတယ်။ (ဂျဲနရစ်ဆေး) ဆိုတာက ဆေးနာမယ်ရင်းအတိုင်း နာမယ်တပ်ဘို့ပါ။ ဥပမာ ဗီတာမင် (ဘီ) ကို ဘားပလက်စ်၊ ဘီကွန်ပလက်၊ ဘာ-ညာ နဲ့ရောင်းတာမျိုးကို ခွင့်မပြုတာဖြစ်ပါတယ်။
• နောက်တခုက ဆေးတွေကို တမျိုးထဲမဟုတ်ဘဲ ရောစပ်ထားတာတွေကို ဆရာဝန်တိုင်းက မကြိုက်ပါ။ ဥပမာ အနာအကိုက်ပျောက်ဆေး (ပါရာစီတမော) နဲ့ နောက်အနာအကိုက်ပျောက်ဆေး (ဒိုက်ကလိုဖဲနစ်) ကို ရောထားတယ်။ ဆေးအလေးချိန် လိုတာထက်ပိုနိုင်လို့ ချိန်ဆရခက်တယ်။ သံဓါတ်နဲ့ ဖေါလစ်အက်စစ်ရောတာ ကောင်းပေမဲ့ တမျိုးထဲလိုသူရှိတယ်။ တမျိုးက ဆေးအလေးချိန်ကိုက်ပြီး နောက်တမျိုးက ပိုတာ-လိုတာရှိမယ်။
• ရောဂါရှာဖွေရေး စက်ကိရိယာတွေကိုလဲ ပိုက်ဆံရှိတိုင်း ဝယ်မရပါ။ ဥပမာ အာလ်ထွာဆောင်းကနေ ဗိုက်ထဲက ကလေးကို ကျား-မ ခွဲပေးနိုင်လို့ ဥပဒေအရ ဆရာဝန်တွေက အာလ်ထွာဆောင်း ရိုက်တိုင်း မှတ်ချက်မှာ ခွဲခြားမှု လုပ်မပေးလိုက်ပါလို့ ပါရတယ်။ ဆေးတိုက်မှာလဲ စာကပ်ထားကြတယ်။ စက်ကို ခွင့်ပြုချက်ယူပြီးမှသာ ဝယ်လို့ ရတယ်။
• ဒီကြားထဲမှာ ကြော်ညာနဲ့ရောင်းတဲ့ ဆေးတွေ၊ အလှကုန်တွေ စတာတာတွေက များမှများဘဲ။ အွန်လိုင်းကနေ ရောင်းတာမျိုးက ပိုဆိုးသေးတယ်။ အာမခံချက်မရှိပါ။ တခုခုဆက်ဖြစ်တာကို တာဝန်ယူမှု ဘယ်သူ့မှာမှ မရှိပါ။ သုံးမိလို့ ဒုက္ခရောက်တာတွေ တကယ်ရှိပါတယ်။
• ကြော်ညာဆေးတိုင်း အသုံးမကျဘူးလို့တော့ ဝါးလုံးသိမ်းမပြောလိုပါ။ ဒါပေမဲ့ ဘယ်အထဲမှာ ဘာပါသလဲကြည့်ပြီး မှတ်ချက်ပေးရတယ်။ ဒါလဲ ဘက်လိုက်မှုကင်းကင်း ပြောရလို့ပါ။
• အမှန်အတိုင်းပြောရရင် အကောင်းဆုံးဆေးကို ဈေးလဲသင့်သင့်၊ လွယ်ရတာလဲမခက်တာ ရှိနေပါလျှက်ကနဲ့ အဲလို ဆေးမျိုးတွေကို အားမပေးချင်ပါ။ မေးလာရင် (ဂူဂယ်) ကိုနှိပ်ပြီးရှာ၊ အစအဆုံးဖတ်၊ ဘာသာပြန် ဖြေနေရတာက ကျွန်တော့်မှာ တဒုက္ခ။
• ကလေးတွေဆိုရင် ပိုသတိထားရလို့ Combo (ကွန်ဘို) နာမယ်ပါဆေးမျိုးတွေကို တားလာရတယ်။ (ကွန်ဘို) ဆိုတာ နှစ်မျိုးရောထားတာ။ Antibiotics ပိုးသေဆေးတွေကို ရောထားတာတွေကလဲ သတိမကြီးလို့ မရပါ။
• အရင်ကရောင်းဘို့ FDA ကနေ ခွင့်ပြုထားတာတွေထဲက လိုအပ်တာတွေကို ဈေးကွက်ကနေ ပြန်ရုပ်သိမ်းတယ်။
• ဒါကြောင့် ဆေးပညာသုတမှာ အမြဲခေတ်မီနေမှ တော်ကာကြတယ်။ အသိပညာပေးမှုတွေ အများကြီး ဝိုင်းလုပ်နေကြရမှာဘဲဗျာ။

Paracetamol Combo drugs (ပါရာစီတမော) ပူးတွဲဆေး သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/12-11-2011-paracetamol-combo-drugs-to.html

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...