နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်း (Coronary Angiogram)



နှလုံးသွေးကြောကျဉ်းတယ် ထင်တဲ့သူ အများစုကို နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ကြည့်ဖို့ နှလံးရောဂါ အထူးကု ဆရာဝန်တွေက အကြံပေးပါလိမ့်မယ်။

နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်းဟာ အခုခေတ်မှာတော့ လုပ်နေကျ နှလုံးအထူးကုတွေ အတွက်တော့ ထမင်းစားရေသောက်ပါပဲ။ သက်ဆိုင်ရာ အထူးကုဆရာဝန်က အကျိုးအကြောင်းကို သေချာ ရှင်းပြပါလိမ့်မယ်။

များသောအားဖြင့် နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်းကို ညာဘက်ပေါင်သွေးလွှတ်ကြောကတစ်ဆင့် လုပ်လေ့ရှိပါတယ်။အင်္ဂလန် လို နိုင်ငံမှာတော့ လက်ကောက်ဝတ်က သွေးကြောကတစ်ဆင့် လုပ်ကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုလုပ်လုပ် ကျွမ်းကျင်တဲ့ အထူးကုတွေကလုပ်တာမို့ စိတ်ပူစရာမရှိပါဘူး။

ပထမဆုံး ပိုက်သွင်းမဲ့ နေရာ ပေါင်ခြံကို ထုံဆေးပေးရပါတယ်။ သူနာပြုတွေက နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်းမလုပ်မီ ပေါင်ခြံ တစ်ဝိုက်ကို သန့်ရှင်းပြီး အမွှေးရိပ်ပြင်ဆင်ထားလေ့ရှိပါတယ်။ တစ်မိနစ်လောက်နေရင် ထုံသွားတာပါပဲ။ ပြီးရင်ပိုက်ထည့်ပြီးတဲ့အခါ နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်းလုပ်ဖို့အတွက် ဆေးထိုးပိုက်တွေသွင်းဖို့ အဆင်သင့်ဖြစ်ပါပြီ။

ပြီးရင်ဆရာဝန်က လိုအပ်တဲ့ပိုက်တွေကို Guide wire ကြိုးထည့်ပြီး ဆေးထိုးပါတယ်။ လူနာက ပုံမှာတွေ့ရတဲ့ ကုတင်ပေါ်မှာ လှဲနေချိန်မှာ ဓာတ်မှန်ရိုက်တဲ့ စက်က ထောင့်အမျိုးမျိုးကနေ ရိုက်လို့ရအောင် ကင်မရာကို တစ်နေရာကနေ တစ်နေရာကို လှည့်ရပါတယ်။ ဆေးထိုးတဲ့အခါ ပုံမှန်အားဖြင့် ဘာမှသိပ်ပြီးခံစားရလေ့မရှိပါဘူး။ နောက်ဆုံးပြီးကာနီး နှလုံးဘယ်ဘက်အခန်းကိုဆေးထိုးတဲ့ အခါမှာကျတော့ တစ်ကိုယ်လုံးပူထူသွားတတ်ပါတယ်။ ဆီးသွားချင်သလိုလည်း ဖြစ်တတ်ပါတယ်။ ဘာမှ မပူပါနဲ့။ အဲဒီလိုခံစားရတာက စက္ကန့်ပိုင်းပဲ ကြာတတ်ပါတယ်။

များသောအားဖြင့်တော့ နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်း လုပ်တဲ့အခါ အစကနေ အဆုံးကို မိနစ်နှစ်ဆယ် ကနေ နာရီဝက်လောက်ပဲကြာတတ်ပါတယ်။ ခက်ခဲတဲ့ လူနာဆိုရင်တော့လည်း နည်းနည်းတော့ ပိုပြီး ကြာတတ်တာပေါ့။ လူနာ အများစုအတွက်တော့ နှလုံး ဆေးထိုး ဓာတ်မှန်ရိုက်ခြင်းဟာ ထင်သလောက် မဆိုးဘူးဆိုတာလည်း တွေ့ရပါလိမ့်မယ်။


မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...