နှလုံးသွေးကြောချဲ့ခြင်း (Coronary Angioplasty) နှင့် နှလုံးသွေးကြော ဇကာပိုက်(Coronary Stent) အကြောင်း သိကောင်းစရာ


Source of picture http://archive.constantcontact.com

နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေကို နှလုံးအထုးကုဆရာဝန်များက Coronary Angioplasty လို့ခေါ်တဲ့ နှလုံးသွေးကြောချဲ့ခြင်း နဲ့အတူ Coronary Stent Insertion လို့ခေါ်တဲ့ နှလုံးသွေးကြော ဇကာပိုက်ထည့်ခြင်းတွေ လုပ်ရမယ်လို့ အကြံပေးလေ့ ရှိပါတယ်။ ယခုအခါ တကမ္ဘာလုံးမှာ Stents ထည့်ထားတဲ့ နှလုံးရောဂါရှင်လူနာပေါင်း သန်းနဲ့ ချီပြီး ရှိပါတယ်။

နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါမှာ ကိုယ်ခန္တာ လှုပ်လှုပ်ရှားရှားလုပ်တဲ့အခါ နှလုံးကြွက်သားတွေက ပိုအလုပ်လုပ်ရပြီး သွေးကို နှလုံးမှာ လိုသလောက်မရတာကြောင့် Angina လို့ခေါ်တဲ့ ရင်ပတ်အောင့်ခြင်း ဖြစ်လေ့ရှိတယ်။

နှလုံးသွေးကြောကျဉ်းတာကို Baloon ဘောလုံးနဲ့ ချဲ့တဲ့အခါ ကျဉ်းနေတဲ့ သွေးကြောတွေ ပုံမှန်လို ပြန်ဖြစ် သွားပြီး သွေးလျှောက်တာ ကောင်းသွားစေပါတယ်။ ဒါပေမဲ့ ပြန်ပြီးပိတ်သွားနိုင်တာမို့လို့ ကျဉ်းရာ ကနေ ပြန်ပွင့်သွားတဲ့ သွေးကြောတွေကို Stent ဇကာပိုက် တွေနဲ့ ကျားကန်ပေးရပါတယ်။ သွေးလျှောက် တာက ပုံမှန်ဖြစ်သွားပြီဆိုရင်တော့ ကိုယ်ခန္တာ လှုပ်လှုပ်ရှားရှားလုပ်လို့ နှလုံးကြွက်သားတွေက သွေးလို တဲ့အခါ Angina ရင်ပတ်အောင့်ရောဂါ မရတော့ပါဘူး။

နှလုံးသွေးကြောချဲ့ခြင်း (Coronary Angioplasty) ပြုလုပ်တဲ့အခါမှာ ကျဉ်းနေတဲ့နှလုံးသွေးကြော ကို ဘောလုံး(Baloon)နဲ့ အရင် ချဲ့ရပါတယ်။ ပြီးတော့မှ နှလုံးသွေးကြောထဲကို ဇကာပိုက် ထည့်ခြင်း(Coronary Stent Insertion) လုပ်ပါတယ်။ Baloon နဲ့ Stent တစ်ပြိုင်တည်း ထည့်တာမျိုး လည်း ရှိပါတယ်။

Coronary Stents နှလုံးသွေးကြော ဇကာပိုက်အမျိုးမျိုး
………………………………………………………….
နှလုံးသွေးကြော ဇကာပိုက် တွေမှာ Bare Metal Stent လို့ခေါ်တဲ့ သတ္တုဇကာပိုက် နဲ့
Drug Coated Stent ခေါ် Drug Eluting Stent လို့ခေါ်တဲ့ သတ္တုပေါ်မှာ ဆေးငုံထားတဲ့ဇကာပိုက် ဆိုပြီး အဓိကနှစ်မျိုး ရှိပါတယ်။ Drug Coated Stent/Drug Eluting Stent တွေက ပိုပြီး ဈေးကြီးပါတယ်။ ဒါပေမဲ့ သေးတဲ့နှလုံးသွေးကြော နဲ့ သွေးကြောကျဉ်းတဲ့နေရာက တော်တော်ရှည်ရင် Drug Eluting Stent ကိုသုံးရပါတယ်။ Stent တွေက ထည့်ပြီးရင် တစ်သက်လုံး ပြန်ထုတ်လို့ မရတော့တာမို့ နှလုံးအထူး ကုတွေက Stent တွေကို တကယ်လိုအပ်မှပဲ ထည့်လေ့ရှိပါတယ်။ Stent ပိတ်လို့ နောက်ထပ် အပေါ်ကနေ Stent ထပ်ပြီးထည့်ရတာတွေလည်းရှိပါတယ်။

Absorbable stent လို့ခေါ်တဲ့ ကိုယ်ခန္တာထဲကို ပျော်ဝင်သွားနိုင်တဲ့ Stent တွေကိုလည်း ယခုအခါမှာ သူတေသန လုပ်နေကြပြီးမို့ နောက် နှစ်များ မကြာမီမှာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

(နောက်မှ နှလုံးသွေးကြောချဲ့ခြင်း (Coronary Angioplasty) နဲ့ နှလုံးသွေးကြော ဇကာပိုက်ထည့်ခြင်း (Coronary Stent Insertion) အဆင့်ဆင့်နဲ့ လူနာတွေ လိုက်နာရမဲ့ အချက်တွေကို အသေးစိပ် တင်ပြပါဦးမယ်။)

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...