အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ရန် ဗြိတိသျှကောင်စီနှင့် DFID ဒေါ်လာ ခုနှစ်သန်း တန် အကူအညီပေး



မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာသင်ကြားသောဆရာ၊ ဆရာမများအရည်အသွေး တိုးတက်စေရေးအတွက် ဗြိတိသျှကောင်စီနှင့် ယူကေနိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) ကအမေရိကန်ဒေါ်လာ ၇ သန်း ခန့်တန်ကြေးရှိသော ကူညီထောက်ပံ့မှုကို နေပြည်တော်၌ လက်မှတ်ရေးထိုးလိုက်သည်။

ပြည်တွင်းရှိ ပညာရေးတက္ကသိုလ်နှင့် ကောလိပ်များတွင် ယူကေမှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ ၂ နှစ်ကြာလာရောက်သင်ကြားပို့ချမည့် သဘောတူညီမှုကို ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှကောင်စီတို့ မတ်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံမှ ဆရာ၊ ဆရာမ ၅၀ ခန့်သည် ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်များ၌ယခုနှစ် စက်တင်ဘာ တွင် စတင်သင်ကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ ကျသောပံ့ပိုးမှုဖြစ်ကြောင်း ဗြိတိသျှကောင်စီကဆိုသည်။

“ဒီပရောဂျက်က မြန်မာနိုင်ငံမှာရှိတဲ့သူတွေ အင်္ဂလိပ်စာအဆင့်မြှင့်တင်ပေးတဲ့ သဘောနဲ့အဓိကရည် ရွယ်ပြီးလုပ်တာပါ။ တိုင်းသူပြည်သားတွေ အင်္ဂလိပ်စာအဆင့်မြင့်မားလာပြီး နိုင်ငံရဲ့တိုးတက်မှုကို အထောက်အကူပြုဖို့ အဓိကရည်ရွယ်ပါတယ်” ဟုဗြိတိသျှကောင်စီ (မြန်မာ) ၏ ဒါရိုက်တာမစ္စတာ ကင်ဗ်မက်ကန်ဇီက ပြောသည်။

အဆိုပါသဘောတူညီချက်အရ ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပိုမိုခိုင်မာလာ စေရန်၊ ပညာရေးအခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် လူသားအရင်းအမြစ် ပိုမိုတိုးတက်လာ စေရန် အဘက်ဘက်မှ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗြိတိန်နိုင်ငံမှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ မြန်မာနိုင်ငံရှိတက္ကသိုလ်၊ ကောလိပ်များတွင် လာရောက် သင်ကြားပို့ချပေးရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ မှု ကြောင့် စီမံကိန်းဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိ သူကပြောသည်။

7Day News Journal
Vol.13, No.5, April.2, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...