ဂမ္မာကင်မရာနှင့် ရေဒီယိုသတ္တိကြွ နှလုံးကြွက်သားဓာတ်မှန် (Gamma Camera and Myocardial Perfusion Scan)



လူနာတစ်ယောက် နှလုံးသွေးကြောကျဉ်းတယ် ဆိုတာကို နှလုံးသွေးကြောဓာတ်မှန် (Coronary Angiogram) မှာ တွေ့ရုံနဲ့ လည်း နှလုံးသွေးကြောချဲ့ဖို့ လိုချင်မှလိုမှာပါ။ နှလုံးရောဂါအထူးကုတွေ က နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေကို နှလုံးသွေးကြောချဲ့ဖို့၊ ဒါမှမဟုတ် သွေးကြောလွှဲတဲ့ ခွဲစိတ်မှုတွေလုပ်ဖို့ လိုမလို ဆုံးဖြတ်ချက် ချနိုင်အောင်အတွက် ထပ်မံပြီး စစ်ဆေးတာတွေ လုပ်လေ့ရှိပါတယ်။ အဲဒီစစ်ဆေးတဲ့ အထဲမှာတော့ ရေဒီယိုသတ္တိကြွ နှလုံးကြွက်သားဓာတ်မှန်ရိုက်ခြင်း (Myocardial Perfusion Scan) က တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတဲ့ လူနာတော်တော်များများကိုသူတို့ရဲ့  ရောဂါအခြေအနေသိဖို့အတွက် ရေဒီယိုသတ္တိကြွ နှလုံးဓာတ်မှန် ရိုက်ကြဖို့ နှလုံးအထူးကုတွေက လိုအပ်ရင်လိုအပ်သလို အကြံပေးလေ့ရှိပါတယ်။

ဂမ္မာကင်မရာ (Gamma Camera) (အောက်ပါဓာတ်ပုံထဲတွင် မြင်ရသော ကင်မရာ)
……………………………………………………………………………
ဂမ္မာကင်မရာလို့ခေါ်တဲ့ နှလုံးဓာတ်မှန်စက်ဟာ စီတီဓာတ်မှန်စက် (CT Scan) တွေနဲ့ မတူပါဘူး။ စီတီဓာတ်မှန် (CT Scan)က ဓာတ်ရောင်ခြည်တွေ လွှတ်ပြီး ဓာတ်မှန်ရိုက်တာဖြစ်ပါတယ်။ ဂမ္မာကင်မရာကတော့ လူ့ကိုယ်ခန္တာထဲရောက်နေတဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းတွေကနေ ထုတ်လွှင့်ထဲ့ ဂမ္မာဓာတ်ရောင်ခြည်တွေ(Gamma Rays ) ကိုဖမ်းပြီး ကွန်ပြူတာက နှလုံးနဲ့ပါတ်သက်လို့ ရတဲ့ အချက်အလက်တွေကို ပုံဖော်တာ ဖြစ်ပါတယ်။

ရေဒီယိုနှလုံးဓာတ်မှန်ရိုက်တဲ့အခါမှာကင်မရာက ကုတင်ပေါ်မှာ လှဲနေတဲ့ လူနာအပေါ်ကနေ တဖြည်းဖြည်းရွေ့လျားပြီး ဓာတ်ပုံတွေကို အဆင့်ဆင့် ရိုက်ပါတယ်။ ဓာန်မှန်ရိုက်တာချည်းက မိနစ် ၂၀၊ နာရီဝက်ထက် ပိုပြီးကြာလေ့မရှိပါဘူး။ ဓာတ်မှန်မရိုက်ခင် ဆေးထိုးတဲ့အချိန်တော့လည်း ပေးရပါတယ်။

နှလုံးရောဂါရှင်တွေအနေနဲ့က ရေဒီယိုသတ္တိကြွဆေးတွေ ထိုးရတယ်ဆိုပြီး စိတ်မပူပါနဲ့ ။ ရေဒီယိုသတ္တိကြွ နှလုံးဓာတ်မှန်ရိုက်ခြင်းဟာ သာမာန် နှလုံးသွေးကြောဓာတ်မှန်ရိုက်တာနဲ့ ဓာတ်ရောင်ခြည်သင့်တဲ့ အတိုင်းအတာက အတူတူနီးပါးပါပဲ။ လူသားတွေဟာ နေ့စဉ်နှင့်အမျှ ရေဒီယို ဓာတ်ရောင်ခြည်တွေကို မသိမသာနဲ့ ထိတွေ့နေကြတာပါ။ လေယာဉ်ပျံ ခဏခဏစီးတဲ့သူတွေဟာ သာမာန်လူတွေထက် အာကာသထဲကလာတဲ့ ဓာတ်ရောင်ခြည်သင့်တာကို ပိုပြီး ခံရပါတယ်။

ကိုယ်ထဲကို အကြောကတစ်ဆင့် ထိုးထားတဲ့ ရေဒီယိုသတ္တိကြွဆေးတွေဟာ ၅%လောက်ပဲ နှလုံးကြွက် သားတွေကို ရောက်သွားတာပါ။ လိုအပ်လို့ ရေဒီယိုသတ္တိကြွ နှလုံးကြွက်သားဓာန်မှန်ရိုက်ခြင်းဟာ ကိုယ့်အတွက် ဆိုးကျိုးထက် ကောင်းကျိုးက များပါတယ်။ လူနာအနေနဲ့ ဒီလိုဓာတ်မှန်မျိုးရိုက်ဖို့ လိုမလိုဆုံးဖြတ်တာက နှလုံးရောဂါအထူးကုတွေရဲ့  တာဝန်ပါပဲ။

ဂမ္မာကင်မရာကို တခြားရောဂါတော်တော်များများအတွက် ရောဂါရှာဖွေရာမှာလည်း သုံးလေ့ရှိပါ တယ်။ နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေ ရေဒီယိုသတ္တိကြွ နှလုံးကြွက်သားဓာန်မှန်ရိုက်ပြီးရင်တော့ ဓာတ်ပုံတွေကိုကြည့်ပြီး နှလုံးကြွက်သားတွေ သွေးလျှောက်မှု ကောင်းမကောင်း ပြောလို့ ရနိုင်ပါတယ်။

နှလုံးသွေးကြောဓာတ်မှန်(Coronary Angiogram)မှာ နှလုံးသွေးကြောတွေ အတော်အသင့် ကျဉ်းတာတွေ့ရပေမဲ့ ရေဒီယိုသတ္တိကြွ နှလုံးဓာတ်မှန်မှာ ကောင်းနေရင်တော့ သတင်းကောင်းပဲ ဖြစ်ဖို့ များပါတယ်။ နှလုံးသွေးကြောချဲ့ဖို့ မလိုအပ်သေးဘူးပေါ့။ ဒီယူဆချက်က အနောက်နိုင်ငံနဲ့ တစ်ခြားနိုင်ငံတော်တော်များများမှာ အများကလက်ခံထားတဲ့ ဆေးပညာ အယူအဆ တစ်ခုဖြစ်ပါတယ်။ လူနာရဲ့  နှလုံးအထူးကုဆရာဝန်က တွေ့ရှိချက်တွေကို လူနာနဲ့ဆွေးနွေးပြီး ဆုံးဖြတ်ပါလိမ့်မယ်။

(နောက်မှ ရေဒီယိုသတ္တိကြွ နှလုံးကြွက်သားဓာတ်မှန် အတွက် ဆေးထိုးခြင်းနဲ့ လူနာတွေအတွက် လိုက်နာစရာ အကြံပေးချက်များကို အသေးစိပ် ဖော်ပြပါဦးမယ်။)

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...