သောကဖိစီးလွန်မျိုးရိုးဗီဇ (Gene) ကြောင့် နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီး သေနိုင်ခြေများ


(Photo credit:fox news)

ဆေးလိပ်သောက်လို့အန္တရာယ်များသလိုပဲ မျိုးရိုးဗီဇ (Gene) ချွတ်ယွင်းရင် နှလုံးသွေးကြောရုတ်တရက် ပိတ်ပြီး သေနိုင်ခြေများနိုင်တယ်လို့ ဆေးသုတေသနအသစ်တစ်ခုက ဆိုပါတယ်။

ဂျုခ် တက္ကသိုလ်(Duke University) က ဆေးသုတေသီတွေရဲ့  အဆိုအရ မကောင်းတဲ့မျိုးရိုးဗီဇ (Gene) ဟာ ကိုယ်ခန္တာရဲ့  သောကဒဏ်ကို တုန့်ပြန်လွန်ကဲခြင်းကြောင့် နှလုံးရဲ့  ကျန်းမာရေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ နှလုံးရောဂါရှိသူ ၆၀၀၀ ကျော်ကို လေ့လာရာမှာ မကောင်းတဲ့ မျိုးရိုးဗီဇ ရှိသူတွေဟာ ၄၀ %လောက်ပိုပြီး နှလုံးသွေးကြော ရုတ်တရက်ပိတ်ကာ သေနိုင်ခြေများနိုင်တယ်လို့ ဆိုပါတယ်။

လူတွေသောကရောက်တဲ့အခါမှာ ကိုယ်ခန္တာအတွင်း ဓာတ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပါတယ်။ သော ကရောက်တဲ့အခါ ပထမဦးဆုံးအနေနဲ့ ဦးဏှောက်ထဲကနေ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်လာပါတယ်။ ပြီးတော့ ကော်တီဆောလ် (Cortisol) ဓာတ်တွေ များလာပါတယ်။ မျိုးရိုးဗီဇကမူမမှန်တဲ့အခါမှာ ကော်တီဆောလ် (Cortisol) ဓာတ်တွေကို ပုံမှန်ထက် ပိုပြီးထွက်လာပါတယ်။ အဲဒါဟာ နှလုံးအတွက်တော့ ကောင်းသတင်း မဟုတ်ပါဘူး။ ကော်တီဆောလ်ဓာတ် (Cortisol) တွေ များလာတဲ့အခါ နှလုံးသွေးကြောတွေထဲမှာ ကယ်လ်စီယမ်ဓာတ်တွေစုပြီး နှလုံးသွေးကြောတွေကို ပိတ်စေပါတယ်။

“မူမမှန်တဲ့ဗီဇ (Gene) တွေပါတဲ့ အမျိုးသားတွေမှာ သောကကြောင့် ထွက်တဲ့ ကော်တီဆောလ် (Cortisol) တွေက ၂ ဆ ၃ဆ ပိုများနေတာတွေ့ရပါတယ်” လို့ ဂျုခ် တက္ကသိုလ်(Duke University) ကဆေးပညာဌာနပါမောက္ခ ဒေါက်တာရက်ဒ်ဖို့ဒ်ဝီလီယမ်မ်စ် (Dr. Redford Williams) ကပြောပါတယ်။ သူက ထပ်ပြီးတော့ “အဲဒီလိုမူမမှန်တဲ့ မျိုးရိုးဗီဇ(Gene) ရှိသူတွေကို အမျိုးသား ၈ ယောက်မှာ ၁ ယောက် တွေ့ရပါတယ်” လို့ ဆိုပါတယ်။

မေးယိုး ဆေးရုံ (Mayo Clinic) ဆေးပညာတွဲဘက်ပါမောက္ခ ဒေါက်တာရမ်ဒေါလ်သောမတ်စ် (Dr. Randall Thomas) ကပြောတာကတော့ “အခုလို မျိုးရိုးဗီဇ (Gene) နဲ့ နှလုံးရောဂါ ဆက်စပ်ပုံကို သုသေတန လုပ်တာဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်၊ ဒါပေမယ့် ဆေးကုသရာမှာ အသုံးကျဖို့ အတွက် နောက် ထပ် ဆေးသုတေသနတွေ ထပ်လုပ်ရပါဦးမယ်” တဲ့။ ၀ီလျှမ်မ်စ် (Williams) ကတော့ ဒီတွေ့ရှိချက်ပေါ် မူတည်ပြီးတော့ ဆေးကုသရာမှာ အသုံးဝင်မဲ့တွေ့ရှိချက်တွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

နှလုံးရောဂါဟာ အမေရိကန်ပြည်ရဲ့ နံပါတ် တစ် လူသတ်သမားဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အဓိက လူသတ်ကောင်ဖြစ်တာကြောင့် ဒီတွေ့ရှိချက်က အရမ်းကို အရေးပါပါတယ်။ အရေးအကြီးဆုံး အချက် ကတော့ နှလုံးရောဂါမဖြစ်ဖို့ ဆေးလိပ်သောက်တာကို ရှောင်ရပါမယ်၊ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ရပါမယ်၊ ကျန်းမာတဲ့အစားအသောက်တွေကို စားသောက်ရပါမယ်၊ သောကတွေကို လျှော့ချရပါမယ်။ ကာကွယ်ခြင်း က ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ် မဟုတ်ပါလား။ ။

ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...