အန်ကောဝတ် ကျောင်းတော်ကြီး၏ ဒီဂျစ်တယ်မြေပုံကို Google ဖန်တီး

Google၏ နာမည်ကျော် Street View ဝန်ဆောင်မှုတွင် ကမ္ဘောဒီးယားနိုင်ငံမှ ရှေးဟောင်းဝတ်ကျောင်းကြီး ၏ အတွင်းပိုင်း နေရာများကို ဒီဂျစ်တယ် မြေပုံတစ်ခု အနေဖြင့် ဖန်တီးဖြန့်ဝေလိုက်သည်။



Googleက ကမ္ဘာကျော် ယဉ်ကျေးမှု ရှေးဟောင်းနေရာ တစ်ခုဖြစ်သည့် အန်ကောဝတ် ကျောင်းတော်ကြီး အတွင်း၌ ထိုင်ရာမထ လေ့လာလည်ပတ်နိုင်အောင် ဖန်တီးပေးလိုက်ပြီ ဖြစ်သည်။ Google၏ နာမည်ကျော် Street View ဝန်ဆောင်မှုတွင် ကမ္ဘောဒီးယားနိုင်ငံမှ ရှေးဟောင်းဝတ်ကျောင်းကြီး၏ အတွင်းပိုင်း နေရာများ ကို ဒီဂျစ်တယ် မြေပုံတစ်ခု အနေဖြင့် ဖန်တီးဖြန့်ဝေလိုက်သည်။ ရလဒ်အနေဖြင့် အန်ကော ဝတ် ကျောင်းတော်ကြီးအတွင်း (၃၆၀)ဒီဂရီ လှည့်ပတ်ကာ မြင်ကွင်းအနေအထား (၉၀၀၀၀)ကျော်ကို အင်တာနက်မှတစ်ဆင့် ချိတ်ဆက် ကြည့်ရှုနိုင်မည် ဖြစ်သည်။ အန်ကောဝတ် ကျောင်းတော်ကြီးနှင့် အခြားသော ပုထိုးပေါင်း (၁၀၀)ကျော်တို့အား Googleက မြင်ကွင်းအပြည့်အဝ ထောက်ပံ့သည့် ဒီဂျစ်တယ် မြေပုံဖြင့် ပြသပေးလိုက်ခြင်း ဖြစ်သည်။



အဆိုပါ ဝန်ဆောင်မှုအရ ဝင်ရောက်ကြည့်ရှုသူများသည် အနီးကပ် Zoomချဲ့၍ လေ့လာ ဆန်းစစ်မှုများ ပါ ပြုလုပ်နိုင်မည် ဖြစ်သည်။ ယင်းခြေလှမ်းသည် ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုဆိုင်ရာ၊ သမိုင်းမှတ်တမ်းဆိုင် ရာ နေရာဒေသ အများအပြားသို့ လက်တွေ့သွားရောက်ရန် ခက်ခဲသူများအား Googleက အင်တာနက်မှ တစ်ဆင့် အကူအညီပေးမည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။ “မကြာသေးခင်က တာ့ဂ်ျမဟာ ဂူသင်္ချိုင်းကြီး၊ ဂရင်းကင်ညွန် ချောက်ကြီးနဲ့ ဖူဂျီယာမာ တောင်တို့ကိုလည်း ဒီဂျစ်တယ် မြေပုံ အဖြစ် ကျွန်တော်တို့ ဖန်တီးပေးခဲ့ပြီးပြိလေ”ဟု Google Maps၏ ပရောဂျက် မန်နေဂျာ မာနစ်ခ်ဂူပ်တာက ဆိုသည်။



၎င်းက “အန်ကောဝတ်ဟာ ကမ္ဘာ့ယဉ်ကျေးမှု ပြယုဂ်နေရာ တစ်ခုပါ။ လူတွေက ဒါဟာ ကမ္ဘာကြီးရဲ့ အဋ္ဌမမြောက် အံ့ဖွယ်လို့ တင်စားကြတယ်။ ဒီဖန်တီးမှုဟာ ကြည့်ရှုသူတိုင်းကို မယုံကြည်နိုင်လောက်စရာ ခံစားမှုမျိုး နှိုးဆွပေးပါလိမ့်မယ်”ဟုလည်း ပြောကြားခဲ့သည်။ အန်ကောဝတ် ရှေးဟောင်းနယ်မြေသည် (၉)ရာစုမှ (၁၅)ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ခမာအင်ပါယာ၏ ကွဲပြားခြားနားသော ယဉ်ကျေးမှု မှတ်တမ်းများကို သိုမှီးထားသည့် ဒေသလည်းဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...