လူငယ်တွေကိုတောင် Heart Attack နှလုံးရောဂါရစေတဲ့ ရာဘစိတ်ကြွဆေး



ကမ္ဘာတ၀န်း စိတ်ကြွဆေး ဖမ်းဆီးရမိမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲ စံချိန်တင်လောက်အောင် များပြားခဲ့ရာ မှာ မြန်မာနိုင်ငံဟာလည်း အဓိက ဖမ်းဆီးမိတဲ့ တိုင်းပြည်တခုအဖြစ်နဲ့ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြပါထားတယ်။

ဖမ်းဆီးမှုတွေ၊ မူးယစ်ဆေး စွဲလမ်းသူတွေကို ကုသမှုဆိုင်ရာ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ methamphetamine စိတ်ကြွဆေးတွေ အသုံးပြုမှုနှုန်းဟာ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ရက်ပိုင်းအတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခုတလော ရာဘလို့ခေါ်တဲ့ Amphetamine စိတ်ကြွဆေးတွေကို လူငယ်တွေအကြားမှာ သုံးစွဲတာ များနေကြောင်း ကြားသိရပါတယ်။ ရာဘကို နတ်ဒေ၀ီလေး (သို့)့ Ecstacy. (သို့) မြင်းဆေး (သို့)ခေါင်;လှုပ်ဆေး စသည်ဖြင့်လည်း အမည်အမျိုးမျိုးနဲ့ ခေါ်ကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ Speed လို့လည်းခေါ်ပါတယ်။

Amphetamine အမ်ဖက်တမင်းလို့ခေါ်တဲ့ ရာဘစိတ်ကြွဆေးတွေရဲ့  အန္တရာယ်ကတော့ မသေးပါဘူး။ စိတ်ကြွဆေးလို့ ခေါ်တဲ့အတိုင်း စိတ်ကိုရော လူကိုပါမြောက်ကြွတဲ့ ခံစားမှုမျိုးပေးပါတယ်။
Amphetamine အမ်ဖက်တမင်းဆေးကို အရင်တုန်းက ဆရာဝန်တွေမှ လူနာတွေကို ပိန်ဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။

အမေရိကန်စစ်တပ်က ဗုံးကြဲလေယာဉ်မောင်းတွေက တစ်ညလုံး မအိပ်မနေ အလုပ်လုပ်လို့ရအောင် အမ်ဖက်တမင်းသုံးစွဲကြတယ်လို့ ပြောကြဘူးပါတယ်။ တက္ကလိုလ်ကျောင်းသားလောကမှာတော့ စာမေးပွဲ နီး စာတွေက ဖတ်လို့မပြီးလို့ မအိပ်ပဲနေအောင် သောက်ကြတာတွေလည်း ရှိပါတယ်။ နိုက်ကလပ်တွေမှာ ဒီဆေးကို ရောင်းချသူတွေ ကျက်စားတတ်တာမို့လို့ သွားသူတွေအတွက် ရှောင်ရှားရမယ့် အန္တရာယ်ပါပဲ။ တကယ်တော့ ဒီဆေးကို သောက်သူတွေဟာ အန္တရာယ်ကို မသိကြပဲ သုံးစွဲနေကြတာပါ။

ဒီဆေးကို ဆေးပြားအနေနဲ့ဖြစ်ဖြစ်၊ အရည်ဖျော်ပြီးဖြစ်ဖြစ်၊ ရှုပြီးဖြစ်ဖြစ်၊ထိုးဆေးဖြစ်ဖြစ် သုံးစွဲကြပါတယ်။ အဖြူရောင်အမှုန့်အနေနဲ့လည်း တွေ့နိုင်ပါတယ်။

ရာဘဆေးသုံးပြီး နာရီဝက်လောက်နေရင် အာနိသင်စပြလာပါလိမ့်မယ်။ လူက စိတ်ဓာတ်တက်ကြွလာပြီး စကားတွေအရမ်းပြောလာပါလိမ့်မယ်။ လုကလည်း မျက်စေ့ကြောင်သလို ဖြစ်နေတတ်ပါတယ်။ အစားလည်း မစားချင်တော့ဘူး။ အံကြိတ်ပြီး ပူတဲ့ခံစားမှုတွေ ရပတတ်ပါတယ်။ သွေးပေါင်ချိန် တိုးလာပြီး နှလုံးခုန်နှုန်းလည်း မြန်လာတတ်ပါတယ်။ နိုက်ကလပ်သွားရင် တေးသွားနဲ့အတူ ခေါင်းကို စည်းဝါးအလိုက် မလှုပ်ပဲ မနေနိုင်အောင် ဖြစ်လာတတ်ပါတယ်။ အသက်ရှုမြန်လာပြီး ချွေးတွေ လည်း ပြန်လာတတ်ပါတယ်။ မျက်စေ့တွေ ပြူးကြောင်နေတတ်တယ်။

သုံးပြီးနောက်တစ်နေ့မှာတော့ စိတ်ဓာတ်ကျ၊ မှိုင်းဝေပြီး အားအင်ကုန်ခန်းနေတတ်ပါတယ်။ သုံးတာ များလေ ပိုပြီးဆိုးလေပါပဲ။ သုံးရင်းသုံးရင်းနဲ့ မသုံးရရင် မနေနိုင်အောင် စွဲတတ်ပါတယ်။ ရေရှည်သုံးရင် ဦးဏှောက်ကိုထိခိုက်ပါတယ်။ သူများကို ယုံထင်ကြောင်ထင်ဖြစ်တတ်၊ စိတ်ဓာတ်ကျတတ်ပါတယ်။ Heart attack နှလုံးရောဂါ ရနိုင်ပါတယ်။ တစ်ခါတည်းသုံးပြီး အသက်ဆုံးသူ လူငယ်တွေလည်း ရှိပါတယ်။ ၀က်ရူးပြန်ရောဂါလည်း ရနိုင်ပါတယ်။ လေဖြတ်ပြီး သတိလစ်သူတွေလည်း ရှိပါတယ်။ သုံးတာ များလာတာ နဲ့အမျှ ဆေးမတိုးတော့တာကြောင့် ဆေးပမာဏ ပိုပြီးလိုလာပါတယ်။

ဒီလို မူးယစ်ဆေးဝါးတွေဟာ တိုင်းပြည်အတွက် ဆူးညှောင့် ခလုတ်တွေပါပဲ။ အထူးသဖြင့် လူငယ်တွေကို သတိထားစစေချင်ပါတယ်။ ခဏအပျော်ဆိုပြီး ပိုးဖလံမျိုးမီးကိုတိုးမိရင်တော့ တစ်ဘ၀လုံး လုံးပါသွားနိုင်လို့ လူငယ်များ ရှောင်ရှားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မြန်မာနှလုံးဖောင်ဒေးရှင်းရဲ့ စာမျက်နှာ https://www.facebook.com/pages/Myanmar-Heart-Foundation/560619810651716 ကို Like လုပ်ဖို့ Invite လုပ်ပေးခြင်း၊Share လုပ်ခြင်းများဖြင့် မျှဝေပေးပါရန်။)



မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...