နှလုံး၏ အခန်းများနှင့် အဆို့ရှင်များအကြောင်း ( Heart Chambers and Valves)


Source of picture http://www.mayoclinic.com

နှလံးရောဂါရှင်များအနေနဲ့ Heart Chambers ဆိုတဲ့ နှလုံးရဲ့ အခန်းများနဲ့ Valves ဆိုတဲ့ အဆို့ရှင်များ အကြောင်း သိထားရင်တော့ မိမိရဲ့  ရောဂါကို ပိုပြီး နားလည်နိုင်မှာပါ။

နှလုံးဟာ မရပ်မနားတဲ့ ရေစုပ်စက် တစ်လုံးလိုပဲ သွေးတွေကို ညှစ်ထုတ်တဲ့ အလုပ်လုပ်ရပါတယ်။ လူတစ်ယောက် အမိဝမ်းထဲကနေ သေဆုံးတဲ့ အထိ နှလုံးဟာ တစ်မိနစ်တောင် မရပ်မနားပဲ လူ့ကိုယ်ခန္တာမှာ အပင်ပန်းဆုံး အလုပ်လုပ်ရတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။

နှလုံးရဲ့  အဓိက တာဝန်ကတော့ လူ့တစ်ကိုယ်လုံးက အောက်ဆီဂျင်သုံးပြီးသား သွေးဟောင်းတွေကို Veins (သွေးပြန်ကြောတွေ) ကနေ တစ်ဆင့်လက်ခံပြီး Lungs (အဆုပ်တွေ)ကိုပို့ပေးရတာပါ။ Lungs ကတစ်ဆင့် အောက်ဆီဂျင်သွင်းထားတဲ့ သွေးသစ်တွေဟာ နှလုံးရဲ့ ဘယ်ဘက်ခြမ်းကို ပြန်လည် ရောက်ရှိ လာပြီး တစ်ကိုယ်လုံးကို ဖြန့်ဖြူးပေးရတာ ဖြစ်ပါတယ်။

လူ့ကိုယ်အပေါ်ပိုင်းက သုံးပြီးသား သွေးများက Superior Vena Cava ခေါ် အပေါ်ပိုင်းသွေးပြန်ကြောမ ကနေတဆင့်၊ လူ့ကိုယ်အောက်ပိုင်းက သွေးများက Inferior Vena Cava ခေါ် အောက်ပိုင်းသွေးပြန်ကြော မ ကနေတစ်ဆင့် Right Atrium လို့ခေါ်တဲ့ နှလုံးရဲ့ ညာဘက်အပေါ်ခန်းကို ရောက်ပါတယ်။ Right Atrium ကနေတစ်ဆင့် Right Ventricle လို့ခေါ်တဲ့ နှလုံးညာဘက် အောက်ခန်းဆီကို ရောက်သွားပါတယ်။ Right Atrium နဲ့ Right Ventricle ကြားမှာ အဆို့ရှင်ခြမ်း ၃ ခု ပါတဲ့ Tricuspid Valve ရှိပါတယ်။ Tri ဆိုတာက ၃ ဆိုတဲ့ အဓိပ္ဗာယ် ရပါတယ်။ Valves တွေရဲ့  တာဝန်ကတော့ သွေးများကို နောက်ပြန် မသွားအောင် ကာကွယ်ပေးရတာပါ။

Right Ventricle ကနေ သွေးများကို ညှစ်ထုတ်တဲ့အခါ Pulmonary Valve ခေါ် အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကိုဖြတ်ပြီး Lungs ထဲကို ရောက်သွားပါတယ်။ Lungs ထဲမှာ အောက်ဆီဂျင်သွင်းထား တဲ့ သွေးများဟာ Pulmonary Veins လို့ခေါ်တဲ့ အဆုပ်သွေးပြန်ကြော ၄ ချောင်းကတစ်ဆင့် Left Atrium နှလုံးရဲ့ ဘယ်ဘက် အပေါ်အခန်းကို ပြန်ပြီး ရောက်သွားပါတယ်။ Left Atrium ကတစ်ဆင့် Left Ventricle လိ့ခေါ်တဲ့ နှလုံးရဲ့  ဘယ်ဘက်အောက်ခန်း ကို Mitral Valve အဆို့ရှင်ကတစ် ဆင့် ဖြတ်ပြီး ရောက်သွားပါတယ်။

Mitral valve ဆိုတာက ပုပ်ရဟန်းတွေဆောင်းတဲ့ Mitre (ခေါင်းပေါင်း) နဲ့တုလို့ ခေါ်တာပါ။ Rheumatic Fever လို့ခေါ်တဲ့ လေးဘက်နာ ရောဂါရှိသုတွေမှာ Valve တွေကို ထိခိုက်နိုင်ပါတယ်။ အဲဒီအထဲမှာ Mitral Valve ကျဉ်းတဲ့ Mitral Valve Stenosis ရောဂါရနိုင်တာမို့ လေးဘက်နာရောဂါကို သေချာကုသဖို့ အရေးကြီးတဲ့ အကြောင်းတစ်ကြောင်း ဖြစ်ပါတယ်။

Left Ventricle ကတော့ တစ်ကိုယ်လုံးကို တာဝန်ယူပြီး သွေးပို့ပေးရတာမို့လို့ နှလုံးရဲ့  အရေးအကြီးဆုံး အခန်းးပါပဲ။ တစ်ကိုယ်လုံးကိုသွေးရောက်အောင် ကိုယ်ခန္တာက သွေးပေါင်ချိန်နဲ့ ညီတဲ့အားနဲ့ ပြိုင်ပြီးညှစ်ရတာမို့ ကြွက်သားတွေက တခြားအခန်းတွေထက် အများကြီး ထူပါတယ်။ အဲဒါကြောင့်လည်း သွေးတိုးရောဂါ ရှိနေသူတွေမှာ နှလုံးကြွက်သားတွေ အရမ်းထူလာပြီး ကြာလို့ မနိုင်ရင် အားပျော့သွားတတ်ပါတယ်။

Left Ventricle ကနေ အောက်ဆီဂျင် ရလာတဲ့ သွေးသစ်များဟာ Aorta ခေါ် သွေးကြောမကြီးထဲကို Aortic Valve အဆို့ရှင်ကတစ်ဆင့် ဖြတ်ပြီး တစ်ကိုယ်လုံးကို ရောက်သွားဖို့ အသင့် ဖြစ်တာ့တာပါပဲ။ Aortic Valve မှာအဆို့ရှင်ခြမ်း ၃ ခုရှိပါတယ်။ မွေးရာပါ Bicuspid Aortic Valve အဆို့ခြမ်း ၂ ခုရှိသူတွေက သာမာန်လူတွေထက် Aortic Stenosis လို့ခေါ်တဲ့ အဆို့ရှင်ကျဉ်းတဲ့ ရောဂါ ပိုရလွယ်တတ်ပါတယ်။ Bi ဆိုတာ ၂ လို့ အဓိပ္ဗါယ်ရပါတယ်။

နှလုံးရောဂါရှင်အပေါင်း ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...