Lego တုံးလေးများဖြင့် တည်ဆောက်ထားသည့် ကမ္ဘာ့ထူးဆန်းအံ့ဖွယ် နေရာများ



နိုင်အာဂရာရေတံခွန်၊ ဂရိတ်ဘယ်ရီရာ သန္တာကျောက်တန်းကြီး၊ မဟာတံတိုင်း အစရှိသည်တို့မှာ ကမ္ဘာပေါ် တွင် အလှပဆုံး၊ အဆန်းကျယ်ဆုံး လူသားတို့ ဖန်တီးမှု လက်ရာများ၊ ပင်ကိုသဘာဝ နေရာများအဖြစ် လူတိုင်းသိရှိပြီး ဖြစ်သည်။ သို့သော်လည်း ယင်းတို့ကို ကစားစရာ ပလပ်စတစ် အုတ်ချပ်လေးများဖြင့် ပုံတူတည်ဆောက်ထားလိုက်သည့်အခါ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် အခြေအနေတစ်ခု ဖြစ်လာ သည်။ ရှေးဟောင်းရော၊ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံများနှင့် သဘာဝတရားက ဖန်တီးထား သည့် အထင်ကရ နေရာများကို ကစားစရာ Lego တုံးလေးများဖြင့် ဖန်တီးထားသည့် ဓာတ်ပုံမှတ်တမ်း စာအုပ်ကို ယခုအခါ ထုတ်ဝေလိုက်ပြီ ဖြစ်သည်။



အဆိုပါ စာအုပ်ထဲတွင် စတုန်းဟန်း ကျောက်တောင်များ၊ ပီထရာ ကျောက်ထွင်းမြို့ကြီး၊ ဂရင်းကင် ညွန် ချောက်ကမ်းပါးကြီး၊ ဘေဘီလုံမှ မိုးပျံဥယျာဉ် အစရှိသည့် ကမ္ဘာ့ရှေးဟောင်းနှင့် ခေတ်သစ်အံ့ဖွယ် အဆောက်အအုံနှင့် နေရာပေါင်း (၆၀)ကို Legoရောင်စုံတုံးလေးများဖြင့် တည်ဆောက်ထားခြင်း ဖြစ် သည်။ ခေတ်သစ်လက်ရာများအဖြစ် ဟူဗာရေကာတာကြီး၊ ပနားမားတူးမြောင်း၊ နိုင်ငံတကာ အာကာသ စခန်း အစရှိသည်တို့ကို ဝါရန်အက်စ်မောရ်က လက်စွမ်းပြ တည်ဆောက်ထားသည်။



Brick Wondersဟု အမည်ပေးထားသည့် အဆိုပါ ဓာတ်ပုံမှတ်တမ်း စာအုပ်ကို Mitchell Beazley က ယခုသီတင်းပတ်အတွင်း တာဝန်ယူ ထုတ်ဝေပေးလိုက်သည်။ “ဒီစာအုပ်ကို ဖတ်ကြည့်ခြင်းဟာ တစ်ကမ္ဘာ လုံးက အထင်ကရ အံ့ဩစရာ နေရာတွေကို ထူးခြားတဲ့ အတွေ့အကြုံ ပုံစံတစ်မျိုးနဲ့ လျှောက်လည်ရသလိုမျိုး ခံစားမိစေမှာပါ”ဟု အီဒင်ဘာ့ဂ်တွင် နေထိုင်သည့် အက်စ်မောရ်က ပြောကြားခဲ့သည်။



၎င်းက “လူတိုင်းက Brick Wonders စာအုပ်လေးကို သဘောကျဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ ဒီထဲက ပုံတွေကို နမူနာယူပြီး Lego အဆောက်အအုံလေးတွေ တည်ဆောက်ဖြစ်ကြမယ်ဆိုရင် ကျွန်တော် ကျေနပ်မိမှာပါ။ ကျွန်တော် ဆောက်သလို မဆောက်တတ်လို့လည်း စိတ်မပျက်ပါနဲ့။ ကိုယ့်နှလုံး သားထဲမှာ ရှိနေတဲ့ ပုံရိပ်တွေကို စိတ်ကူးယဉ်ပြီး ဖန်တီးပါ။ ဒါကို ခင်ဗျားတို့ကိုယ်တိုင်လည်း ကိုယ်ပိုင် Brick Wondersတွေကို တည်ဆောက်လာနိုင်ပါလိမ့်မယ်”ဟု တိုက်တွန်းသွားခဲ့သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...