ရှင်သန်အောင်မြင်ဆဲ New- Age ဂီတပညာရှင်သုံးဦး



၁၉၇ဝ ခုနှစ်နောက်ပိုင်း ကာလများတွင် စတင်ရေပန်းစားလာသော ငြိမ့်ညောင်း သာယာသော ဂီတအမျိုးအစားတစ်မျိုးမှာ New- Age ဂီတ ဖြစ်သည်။ အပြု သေ ဘာဆောင်သော စိတ်၊ အနားယူအပန်းဖြေ ခြင်း၊ ယောဂလေ့ကျင့်ခန်း၊ နှိပ်နယ်ခြင်း တရားထိုင်ခြင်း၊ စာဖတ်ခြင်းစသည်တို့တွင်လည်း New- Age ဂီတကို အ သုံးပြုနေကြသည်။ သံစဉ်ဆန်း၊ တင်ဆက်မှုဆန်း၊ ရသဆန်းကို ပေးစွမ်းနိုင်သော New- Age ဂီတကို ကမ္ဘာအရပ်ရပ်တွင် လူတန်းစားပေါင်းစုံက အမျိုးမျိုးခံစားနေကြပြီ ဖြစ် သည်။

Kitaro (သို့) မှော်ဝင်ဂီတ

၁၉၅၃ ခုနှစ်ဖွား ဂျပန်ဂီတပညာရှင် Kitaro ကို New- Age ဂီတဦးဆောင်သူတစ်ဦးအဖြစ် တင်စားကြသည်။ သူသည် ဂရမ်မီဆု၊ Golden Globeဆုအပါအဝင် ဂီတဆုများစွာရရှိထားသူဖြစ်သည်။ သူသည် တေးသီချင်းများကို ရေးသားသည့်အပြင် ကီးဘုတ်၊ ဂစ်တာ၊ပလွေ၊ဒရမ်၊ အခြားစည်းချက်တူရိယာများကို ကျွမ်းကျင် စွာတီးခတ်နိုင်သူလည်း ဖြစ်သည်။သူသည် ဟင်းချက်ခြင်း၊ ဝန်ထမ်းလုပ်ခြင်းတို့ကို အချိန်ပိုင်းလုပ်ကိုင်ပြီး တေးသီချင်းများ ရေးစပ်ခြင်းနှင့် ဂီတပညာ လေ့လာခြင်းတို့ကို ကြိုးစားလုပ်ကိုင် ခဲ့သည်။ ၁၉၇ဝ ခုနှစ်တွင် ကီးဘုတ်ကို အထူးလေ့ကျင့်ခဲ့ပြီး Far East Family အဖွဲ့တွင်ပါဝင်ခဲ့သည်။ ယင်းအဖွဲ့နှင့် ဥရောပသို့သွားရောက်စဉ် ဂျာမန်ဂီတပညာရှင် Klaus Schulze နှင့်တွေ့ဆုံခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် အဖွဲ့မှထွက်ပြီး တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ နိုင်ငံများသို့ လှည့်လည်သွားရောက်ခဲ့သည်။

၁၉၇၇ ခုနှစ်တွင် တစ်ကိုယ်တော်တီးခတ်ဖျော်ဖြေမှုကိုစတင်ခဲ့ ပြီး Ten Kai နှင့် Full Moon Story ဟူသော အယ်လ်ဘမ်နှစ်ခုထုတ်ခဲ့ပြီး လူကြိုက် များလာခဲ့သည်။ သူ၏ ပထမဆုံး သံစုံစပ်ဖျော်ဖြေရေးအဖွဲ့ကို တိုကျိုမြို့၊ ရှင်းဂျုခုရှိ Small Hall တွင် ကျင်းပခဲ့သည်။သူ၏အကျော်ကြားဆုံး တေးတစ်ပုဒ်ဖြစ်သော ” ပိုးလမ်းမကြီး” (The Silk Road: The Rise and Fall of Civilization)ကို ၁၉၈ဝ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် NHK သတင်းဌာနမှ ပထမဆုံးထုတ်လွှင့်ပေးခဲ့သည်။ ယင်းဂီတသံစဉ်ကို ကမ္ဘာအရပ်ရပ်ရှိ လူအများက နှစ်ခြိုက်ကြပြီး သန်းနှင့်ချီရောင်းချခဲ့ ရသည်။၁၉၈၆ ခုနှစ်တွင် Geffen Records တေးထုတ်လုပ်ရေး၏ စီစဉ်မှုကြောင့် Kitaro ကို ကမ္ဘာက ပိုသိလာခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် The Light of the Spirit အယ်လ်ဘမ်နှင့် ၁၉၉၂ ခုနှစ်တွင် Dream အယ်လ်ဘမ်တို့ကို ထုတ်လုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ခွေပေါင်း ၁ဝ သန်းကျော်ရောင်းချခဲ့ရသည်။ သူ၏ Heaven & Earth တေးသံစဉ်ဖြင့် Golden Globe ဆုရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် Return From the River Kwai ရုပ်ရှင်ကားအတွက် သံစဉ်ရေးသားပေးခဲ့သည်။

၁၉၉၉ ခုနှစ်တွင် Thinking of You အယ်လ်ဘမ်ဖြင့် ဂရမ်မီဆု ရရှိခဲ့သည်။ သူသည် ဂရမ်မီဆု အတွက် ၁၅ ကြိမ်ကျော် အမည်တင်သွင်းခြင်း ခံရသူဖြစ်သည်။၂ဝဝ၇ မှ ၂ဝဝ၉ ခုနှစ် အတွင်းတွင် Love and Peace World Tour ခရီးစဉ် ကိုပြုလုပ်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ဂရိနိုင်ငံသို့ရောက်ခဲ့စဉ်က Kitaro သည် ဂရိဂီတပညာရှင် Vangelis နှင့် အတွေ့အကြုံ၊ အတွေးအခေါ်များ ဖလှယ်ခဲ့ကြသည်။

” ဂီတကိုသင်ယူလေ့လာရာမှာ နားနဲ့ခံစားချက်တွေကို ယုံကြည်ပြီး သင်ယူခဲ့ပါတယ်။ ကျွန်တော့်သံစဉ်တွေဟာ ကျွန်တော့်စိတ်ကလာတာ မဟုတ်ပါ ဘူး။ ကောင်း ကင်ဘုံ က လာတာပါ။ ကျွန်တော် သီချင်း တွေ ရေးတယ်။ ဒါပေမဲ့ သူတို့ ဟာ ကျွန်တော့်သီချင်းတွေ မဟုတ်ပါဘူး” ဟု ဖြေကြားဖူးသည်။

Enya (သို့) အသံဧကရီ

အိုင်းရစ်လူမျိုး Enya ကို ၁၉၆၁ခုနှစ်၊ မေလ ၁၇ရက် နေ့တွင် မွေးဖွားခဲ့ပြီး အဆိုတော်၊ အတီးအမှုတ်သမား၊ တေးရေးသူဖြစ်သည်။ သူ၏ဂီတခရီးကို ၁၉၈ဝ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၇ခုနှစ်တွင် ဘီဘီစီစီးရီးဖြစ်သော The Celts အစီအစဉ်ကြောင့် Grammy ကို လူသိများလာခဲ့သည်။ သူသည် Grammy ဆု ၅ဆုရခဲ့သည့်အပြင် အော် စကာဆုအတွက်လည်း အမည်တင်သွင်းခံခဲ့ရသည်။

Enya သည် ၁၉၉ဝနှင့် ၂ဝဝဝ ခုနှစ်ကျော်ကာလအတွင်း အထူးအောင်မြင်ခဲ့ပြီး သူ၏ A Day Without Rain အယ်လ်ဘမ်သည် အချပ်ရေ ၁၅သန်းကျော် ရောင်း ခဲ့ရသည်။ သူကိုယ်တိုင်ရေးစပ်သီဆိုထားသော Only time သီချင်းကို Sweet November ရုပ်ရှင်ကားတွင် အသုံးပြုခဲ့သည်။ ၂ဝဝ၁ခုနှစ်၊ စက်တင်ဘာ ၁၁ရက်နေ့တွင် အကြမ်း ဖက်တိုက်ခိုက်မှုခံရပြီး နောက်ပိုင်းတွင် သူ၏ Only Time သီချင်းကို များပြားသော ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများက Soundtrack အဖြစ် အသုံးပြုခဲ့ကြသည်။

၂ဝဝ၁ခုနှစ်တွင် သူ၏ May It Be သီချင်းကို The Lord of the Ring , The Fellowship of the Ring ရုပ်ရှင်ကားတွင်အသုံးပြုခဲ့ပြီး အော်စကာဆုအတွက် အမည် တင် သွင်းခြင်းခံခဲ့ရသည်။ ၂ဝဝ၇ခုနှစ်တွင် Enya သည် သန်း ၈ဝကျော် ရောင်းချခဲ့ရသည်။ ၂ဝဝ၇ခုနှစ်၊ ဇွန်လတွင် အိုင်ယာလန် အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးေ ဆာင် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ သူ၏ တင်ဆက်မှုသည် တေးဂီတနှင့် သီဆိုခြင်းအသုံးပြုထားသော Semi-Live ဖြစ်သည်။

” ကျွန်မရဲ့အသံကို ကိရိယာတစ်ခုအဖြစ်အသုံးပြုတယ်” ဟု Enya ကပြောဖူးသည်။

Yanni (သို့) ခမ်းနားသော အိပ်မက်

Yanni ကို ၁၉၅၄ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဂရိနိုင်ငံ၌မွေးဖွားခဲ့ပြီး အမေရိကန်ပြည်ထောင်စု၌ ကြီးပြင်းခဲ့သည်။ သူသည် တေးရေးဆရာ၊ စန္ဒရားဆရာ၊ ထုတ်လုပ် သူတစ်ဦးလည်းဖြစ်သည်။ သူသည် ဂျက်ဇ်ဂီတ၊ ဂန္ထဝင်ဂီတ၊ ကမ္ဘာ့ဂီတ စသည်တို့ကို ပေါင်းစပ်ပြီးသံစဉ်ဆန်းများ ဖန်တီးတင်ဆက်နေသူလည်း ဖြစ်သည်။ သူ၏ Yanni Live at the Acropolis ဖျော်ဖြေပွဲသည် ကမ္ဘာ့ဒုတိယအရောင်းရဆုံး ဂီတဗီဒီယိုခွေဖြစ်သည်။ သူ၏ဂီတဖျော်ဖြေပွဲများတွင် အိန္ဒိယမှ Taj Mahal ၊ တရုတ်မှ Forbidden City ၊ ဆော်ဒီအာရေဗီးယားမှ Barj Khalifa ၊ ရုရှားမှKremlin လက်ဘနွန်မှ Byblos စသည့်သမိုင်းဝင်နေရာများကို သံစဉ်နဲ့ လိုက် လျောညီထွေစွာ တင် ဆက်ပြသသည်။

Yanni ၏အယ်လ်ဘမ် ၁၄ ခုသည် နံပါတ်တစ်စာရင်းဝင်ခဲ့ပြီး Dare to Dream နှင့် In My Time အယ်လ်ဘမ် နှစ်ခုသည် Gammy အမည်စာရင်းဝင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် သူသည်နိုင်ငံပေါင်း ၂ဝ ကျော်ရှိ လူ၂သန်းကျော်ကို ဖျော်ဖြေတင်ဆက်ခဲ့ပြီးဖြစ်သည်။ သူ၏ ဂီတကို အိုလံပစ်အားကစားပြိုင်ပွဲ၊ ယူအက် တင်းနစ်နှင့် ဂေါက်ပြိုင် ပွဲများ စသည့်အားကစားပြိုင်ပွဲများတွင် အသုံးပြုကြသည်။ သူသည် ကမ္ဘာနေရပ် အမျိုးမျိုးမှ ဂီတသံစဉ်များကို လိုသလို ပေါင်းစပ်ထည့်သွင်း ဖန်တီးတတ်သည်။ ထို့ကြောင့် သူ၏ ဂီတကို One World< One People အဖြစ်တင်စားကြသည်။

” ဂီတဟာ စစ်မှန်တဲ့ခံစားချက် ဖြစ်ပါတယ်။ ဂီတရဲ့ဘာသာစကားဟာ လိင်၊ ယဉ်ကျေးမှု၊ လူမျိုးအားလုံးကို ဆက်သွယ်နိုင်ပါတယ်။ သင့်မျက်လုံးတွေကို ပိတ်ပြီး ယင်းခံစားချ က်တွေကို ခံစားဖို့ပဲလိုပါတယ်” ဟု Yanni က ပြောသည်။

အလင်းဆက်(IR)
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...