Ooredoo ဆင်းမ်ကတ် ရောင်းသူများ Telenor ဆင်းမ်ကတ် ရောင်းရမည်မဟုတ်

အတွဲ (၁၅)၊ အမှတ် (၁၅)


Ooredoo သည် မြန်မာတယ်လီကွန်း ဈေးကွက်အတွင်း ၎င်း၏ မိုဘိုင်းဖုန်းဆင်းမ်ကတ် ရောင်းချလို သူများကို စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်အရ ၎င်း၏ အဓိက ဈေးကွက်ပြိုင်ဘက်ဖြစ်သည့် Telenor ကုမ္ပဏီ၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

Telenor အနေဖြင့် ၎င်း၏အရောင်းဆိုင်များကို စာချုပ်ချုပ်ဆိုခြင်း မရှိသေးသည့်အတွက် Ooredoo ၏ စာချုပ်နှင့် ကွာခြားပုံကို မသိရှိရသော်လည်း Ooredoo ၏ စာချုပ်အရ Telenor မှအပ ကျန်အော်ပရေတာများ၏ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချခွင့်ရှိသည်ဟု သိရသည်။

“Telenor နဲ့ အလုပ်တွဲလုပ်ဖို့ ဆက်သွယ်တယ်။ ဒါပေမယ့် သူတို့ကဈေးကွက်ထဲကို ဆင်းမလာဘူး။ စာချုပ်လည်း လိုက်ပြီးမချုပ်ကြသေးဘူး။ Ooredoo ကတော့ ဈေးကွက်ထဲကို အိမ်အရောက်လာပြီးတော့ စာချုပ်ချုပ်ဆိုသွားတာပဲ” ဟု Ooredoo နှင့် လုပ်ငန်းစာချုပ်ချုပ်ဆိုခဲ့သူ ကိုဥာဏ်လင်းမြင့်က ဆိုသည်။

Ooredoo သည် ၎င်း၏ မိုဘိုင်းဖုန်းငွေဖြည့်ကတ်များအတွက် ရောင်းချသူများကို ၄.၅ ရာခိုင်နှုန်း အမြတ်ငွေပေးအပ်မည်ဟု စာချုပ်ချုပ်ဆိုထားပြီး အဆိုပါစာချုပ်သည် မတ်လနှင့် ဧပြီလအတွက်သာ အကျုံးဝင်သည်ဟု သိရသည်။ “ အခု အစမ်းချုပ်ထားတဲ့ သဘောပါ။ သူတို့တွေ ကတ်တွေစရောင်းတဲ့အ ခါ ပြန်ပြီးချုပ်ရမှာပါ။ ဆင်းမ်ကတ်ရောင်းရရင်လည်း အမြတ်က ရာခိုင်နှုန်းအနေနဲ့ရမှာပါ” ဟု ကိုဥာဏ်လင်းမြင့် က ပြောသည်။

Ooredoo သည် စာချုပ်ကို ရွှေ၊ ငွေ၊ ကြေးဟူ၍ အမျိုးအစားသုံးမျိုး ခွဲခြားချုပ်ဆိုခဲ့ပြီး အမျိုးအစားအလိုက် လစဉ်ရောင်းအားကို သတ်မှတ်ပေးထားကြောင်း သိရသည်။ လက်ရှိအချိန်၌ စာချုပ်ချုပ်ဆိုထားသူများသည် ၎င်းအတွက် ဈေးကွက်စစ်တမ်းများကို ကောက်ယူပေးနေရသည်ဟု စာချုပ်ချုပ်ဆိုထားသူက ဆိုသည်။

အထက်ပါ အော်ပရေတာနှစ်ခုသည် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကိုလည်း လုပ်ကိုင်ကြမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းအတွက်လည်း စာချုပ်များ ချုပ်ဆိုလုပ်ကိုင်သွားမည်ဟု သိရသည်။

မြင့်ကျော်လှိုင်
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...