Stroke ဆိုတဲ့ လေသင်ဓုန်းဖြတ်ခြင်းအကြောင်း သိကောင်းစရာများ


Source of picture http://www.singleton-associates.org


(အပိုင်း(၁) လေသင်ဓုန်းဖြတ်ခြင်းဆိုတာဘာလည်း နှင့် လေသင်ဓုန်း ဖြစ်ရခြင်းအကြောင်းများ)
……………………………………………………………………………
(အင်္ဂလန်နိုင်ငံမှ အထူးကုသမားတော်ကြီး Dr Min Phone Myint MRCP(UK), Consultant Physician in Stoke Medicine, Durham, UK က Myanmar Heart Foundation ရဲ့  တောင်းဆိုချက်အရ လေဖြတ်တဲ့ လူနာများအတွက် ပေးပို့ထားတာဖြစ်ပါတယ်။ အပိုင်း (၃)ပိုင်း ခွဲပြီး ဖေါ်ပြပေးပါမယ်။)

၁) လေသင်ဓုန်းဖြတ်ခြင်းဆိုတာ ဘာလည်း
……………………………………………
လေသင်ဓုန်းဖြတ်ခြင်းဆိုတာ ဦးဏှောက်သွေးလှည့်ပတ်မှု ချက်ခြင်းရုတ်တရက် ပြတ်တောက်သွားမှုကြောင့် သွေးလှည့်ပတ်မှုအပေါ် မှီခိုနေရတဲ့ ဦးးဏှောက်အစိတ်အပိုင်း ပျက်စီးသွားရခြင်းကို ခေါ်ပါတယ်။

၂) ဘာဖြစ်လို့ ဦးဏှောက်သွေးလှည့်ပတ်မှု ချက်ခြင်းရုတ်တရက် ပြတ်တောက်သွားရပါသလည်း
………………………………………………………...............
အဓိက ဦးဏှောက်သွေးလှည့်ပတ်မှု ချက်ခြင်း ပြတ်တောက်သွားရခြင်းအကြောင်း နှစ်ရပ် ရှိပါတယ်။
ပထမအကြောင်းကတော့ ဦးဏှောက်တွင်းသွေးကြောကိုပဲဖြစ်ဖြစ၊် ဦးဏှောက်ကိုထောက်ပံ့တဲ့သွေးကြောကိုပဲဖြစ်ဖြစ် သွေးခဲများကြောင့် ဦးဏှောက်အတွင်းသွေးလှည့်ပတ်မှု ချက်ခြင်း ပြတ်တောက်သွားခြင်း (Ischaemic Stroke) ဖြစ်ပါတယ်။
ဒုတိယ အကြောင်းကတော့ ဦးဏှောက်တွင်း သွေးကြောပေါက်မှု (Haemorrhagic Stroke)ကြောင့် ဖြစ်ပါတယ်။

၃) ဘယ်လေသင်ဓုန်းဖြတ်ခြင်းမျိုးက ပိုပြီး ဖြစ်တတ်ပါသလည်း
…………………………………………………………………
သွေးခဲများကြောင့် လေသင်ဓုန်းဖြတ်ခြင်း(Ischaemic Stroke) က ပိုပြီးအဖြစ်များပါတယ်။ လေသင်ဓုန်းဖြတ်တဲ့ လူနာတွေရဲ့  ၈၀%က သွေးခဲများကြောင့် ဖြစ်ပါတယ်။ ကျန် ၂၀% ကတော့ ဦးဏှောက်တွင်း သွေးကြောပေါက်မှု (Haemorrhagic Stroke) ကြောင့် ဖြစ်ပါတယ်။

၎) ဘာလို့ ဦးဏှောက်တွင်းသွေးကြော ပိတ်ရပါသလည်း
…………………………………………………………
ဦးဏှောက်တွင်းသွေးကြော ပိတ်ရခြင်း အဓိကအကြောင်းရင်း ၂ ချက်ရှိပါတယ်။
ပထမ အကြောင်းကတော့ သွေးကြော နံရံတွေအပေါ် အဆီလွှာဖုံးလာတာကနေ သွေးကြောတွေ တဖြည်းဖြည်း မာလာပြီး သွေးခဲဖြစ်ပေါ်ပိတ်ဆို့မှုကို ဖြစ်စေပါတယ်။ အဲဒီလို သွေးကြောတွေပိတ်တာဟာ ဦးဏှောက်တွင်းသွေးကြော( Cerebral Arteries) ထဲမှာပဲဖြစ်ဖြစ၊် ဦးဏှောက်ကိုထောက်ပံ့တဲ့သွေးကြော(Carotid Arteries,Vertebral and Basilar arterie) ထဲမှာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။
ဒုတိယ အကြောင်းကတော့ နှလုံးထဲမှာ ဖြစ်တဲ့ သွေးခဲတွေက ပြုတ်ထွက်လာပြီး ဦးဏှောက်ကိုထောက်ပံ့တဲ့သွေးကြောကို ပိတ်ဆို့ဖြင်းကြောင့် ဖြစ်ပါတယ်။ နှလုံးထဲမှာ သွေးခဲဖြစ်ရခြင်းကတော့ အများစုဟာ နှလုံးခုန်မမှန်ပဲတုန်ခါနေခြင်း (Atrial Fibrillation) ကြောင့်ဖြစ်ပါတယ်။

၅) ဘာလို့ ဦးဏှောက်တွင်း သွေးကြောပေါက်ရပါသလည်း
……………………………………………………………
ဦးဏှောက်တွင်း သွေးကြောပေါက်ရခြင်း အများစုက သွေးတိုးရောဂါ(ံHypertension) နဲ့ ဆက်စပ်နေပါတယ်။ တစ်ချို့လူနာများကတော့ ဦးဏှောက်သွေးကြောထုံး၍သော်၎င်း၊ ဦးဏှောက်သွေးကြောဖြစ်ပေါ်မှု ပုံမမှန်ဖြစ်ခြင်းကြောင့်၎င်း၊ ဦးဏှောက်အကြိတ်ကြောင့်သော်၎င်း၊ သွေးကျဲရောဂါနဲ့ ပါတ်သက်၍၎င်း၊ သွေးကျဲဆေးများနှင့် ပါတ်သက်၍သော်၎င်း၊ သွေးကြောနံရံများ အားပျော့လာသည့် ရောဂါနှင့် ဆက်စပ်၍သော်၎င်း ဦးဏှောက်သွေးကြောပေါက်ခြင်း ဖြစ်တတ်ပါတယ်။ တချို့လူနာများမှာတော့ အကြောင်းရင်းကို လုံးဝရှာမရပဲ ဦးဏှောက်သွေးကြောပေါက်ခြင်း ဖြစ်တာလည်း တွေ့ရပါတယ်။

(အပိုင်း (၂) မှာ လေသင်ဓုန်းဖြတ်သည့် လက္ခဏာများနှင့် ကုထုံးများ၊
အပိုင်း (၃) မှာ လေသင်ဓုန်းဖြတ်ရောဂါ ကာကွယ်ခြင်းနှင် လေသင်ဓုန်းဖြတ်ရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဆက်လက်ဖော်ပြပါဦးမယ်။

Myanmar Heart Foundation ကို Like လုပ်ပေးခြင်းအားဖြင့် ၎င်း၊ Share လုပ်ခြင်းဖြင့်၎င်း လူအများကို ကျန်းမာရေးဗဟုသုတ ဝေမျှပေးနိုင်ပါတယ်။

မြန်မာပြည်သူများ ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...