Ubuntu OS ပေါ်ကနေ Active Directory Client အဖြစ် ချိတ်ဆက်ခြင်း

အတွဲ (၁၅)၊ အမှတ် (၁၄)


ရုံးလုပ်ငန်းတွေမှာ ရုံးရဲ့ ကွန်ပျူတာ Network စနစ်ဖြစ်တဲ့ Active Directory ထဲကို Client အဖြစ်ဝင်ရောက် ချိတ်ဆက်အသုံးပြုမှသာ အင်တာနက် အသုံးပြုခွင့်ရမယ့် Ubuntu User တွေအနေနဲ့ Active Directory ကို ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင် Ubuntu OS ပေါ်ကနေ AD Client အဖြစ်အလွယ်တကူနဲ့ ချိတ်ဆက် နိုင်မှာဖြစ်ပါတယ်။

Ubuntu အသုံးပြုသူတွေဟာ AD Client အနေနဲ့ Ubuntu OS ပေါ်ကနေ ချိတ်ဆက် အသုံးပြုချင်တယ်ဆိုရင် Likewise ဆိုတဲ့ App ကို ထည့်သွင်းရမှာဖြစ်ပါတယ်။ Likewise ကို ထည့်သွင်းဖို့အတွက် နည်းလမ်းနှစ်မျိုးနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Likewise ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Likewise ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ဖြစ်တဲ့ sudo apt-get install likewise-open-gui ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ဒီ Command ထည့်သွင်းပြီးသွားရင် အင်တာနက်ပေါ်မှ Likewise နဲ့ ပတ်သက်တဲ့ Package ဖိုင်တွေကို Download ဆွဲချသွားပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ Likewise Deb ဖိုင်ကို http://goo.gl/ygU7lw ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကနေ သွားရောက်ပြီး Download လုပ်ယူရမှာဖြစ်ပါတယ်။ Download လုပ်ယူလို့ပြီးတဲ့ဖိုင်ကို အလွယ်တကူနဲ့ Install ပြုလုပ်ဖို့အတွက် Desktop ပေါ်မှာတင်ထားလိုက်ပါ။ ပြီးသွားရင် Terminal ကိုဖွင့်ပြီး cd ~/Desktop/ ဆိုတဲ့ Command နဲ့ Desktop ရှိတဲ့လမ်းကြောင်းကို ရွေးချယ်လိုက်ပါ။ ခုနက Download ပြုလုပ်ထားတဲ့ liskwise Deb ဖိုင်ကို Install ပြုလုပ်ဖို့အတွက် sudo dpkg -i likewise-open_6.1.0.406-0ubuntu5_i386.deb ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ အကယ်၍ 64bit Version အသုံးပြုတဲ့သူတွေ ဆိုရင် likewise-open_6.1.0.406-0ubuntu5_amd64.deb ဆိုတဲ့ဖိုင်ကို Download ပြုလုပ်ရမှာဖြစ်ပြီး၊ အသုံးပြုရမယ့် Command ကတော့ sudo dpkg -i likewise-open_6.1.0.406-0ubuntu5_amd64.deb ဆိုတဲ့ Command ပဲဖြစ်ပါတယ်။

အသုံးပြုပုံကတော့ Likewise ကိုဖွင့်ပြီး Domain နေရာမှာ ကိုယ်အသုံးပြုမယ့် Domain Name ကို ထည့်ရမှာဖြစ်ပါတယ်။ ပြီးသွားရင် Join Domain ကို နှိပ်ပြီး Domain User Name နဲ့ Password ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အားလုံးပြီးဆုံးသွားရင်တော့ Restart ပြုလုပ်ပြီး Boot ပြန်တက်လာရင် AD Client အဖြစ် ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

သီဟ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...