Windows Phone 8 အပါအဝင်မတူညီသော OS ပလက်ဖောင်းများတွင် အသုံးပြုနိုင်မည့် Viber Ver 4.1 ထွက်ရှိ

အတွဲ (၁၅)၊ အမှတ် (၁၅)


Windows Phone 8 အပါအဝင် မတူညီသောပလက်ဖောင်း (Cross -Platform) များတွင်အသုံးပြုနိုင်သော Viber Version ၄.၁ ကို ယခုလ ၂ ရက်က ထုတ်လုပ်လိုက်ကြောင်း Viber Media မှ သိရသည်။ အဆိုပါ Viber Ver 4.1 တွင် Viber ၏ နောက်ဆုံးပေါ် နည်းပညာဖြစ်သော Viber Out ကို စတင်အသုံးပြုနိုင် မည်ဖြစ်ပြီး Viber Out ကို အသုံးပြု၍မတူညီသည့် ပလက်ဖောင်း (Cross-Platform) များဖြစ်သော ကြိုးဖုန်းများနှင့် Viber ထည့်သွင်းအသုံးပြု ထားခြင်းမရှိသော ဖုန်းများကို Viber ထည့်သွင်းထားသော ကွန်ပျူတာ (သို့မဟုတ်) စမတ်ဖုန်းများမှ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။

“Microsoft ရဲ့ Windows စနစ်သုံးဖုန်းတွေအတွက်ပါ တိုးချဲ့လိုက်တဲ့ ဗားရှင်းအသစ်နဲ့အတူ ကျွန်တော်တို့ ဟာ Viber ကိုနည်းစနစ်တွေ အကုန်လုံးမှာ အသုံးပြုလို့ရအောင် ဆောင်ရွက်သွားမှာပါ။ ဖုန်းအသုံးပြုတွေရဲ့ ဆက်သွယ်ရေး လိုအပ်ချက်တွေတိုင်းကို Viber တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်အောင် စီမံထားပါတယ်။

ဗားရှင်းအသစ်နဲ့အတူ Viber out ကိုသုံးပြီး ကြိုးဖုန်းတွေနဲ့ Viber မသုံးထားတဲ့ဖုန်းတွေကို ဈေးနှုန်းသက် သာစွာနဲ့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အခုမိတ်ဆက်လိုက်တဲ့ ဗားရှင်း 1.4 ဟာဆိုရင် Windows 8 စနစ်သုံးဖုန်းနဲ့ ကွန်ပျူတာတွေမှာပါ Viber out အသုံးပြုပြီး ဘယ်ဖုန်းကိုမဆို ခေါ်ဆိုနိုင် မှာဖြစ်ပါတယ် ”ဟု Viber ၏ အမှုဆောင်အရာရှိချုပ် Mr. Talmon Marco ကပြောသည်။

ယခုအသစ် မိတ်ဆက်လိုက်သည့် ဗားရှင်းအသစ်ဖြင့် ဗီဒီယိုများပေးပို့ခြင်း၊ ဓာတ်ပုံများကို တစ်ပြိုင်နက်ပေး ပို့နိုင်ခြင်း၊ ဘလူးတုသ်ဖြင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းစသည့် အဆင့်မြှင့်ထားသော လုပ်ဆောင်ချက် အသစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ Version Out ဗားရှင်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာမှစတင် ၍ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း Viber ထည့်သွင်း အသုံးပြုထားသော ဖုန်းများ တွင်သာ အသုံးပြုနိုင်ခြင်းဖြစ်ပြီး ယခုဗားရှင်း 1.4 မှစတင်၍မတူညီသည့် ပလက်ဖောင်း (Cross-Platform) များတွင်အသုံးပြုနိုင်ခြင်းနှင့် Viber out ကို iOS, Android OS စနစ်၊ Windows စနစ်၊ Mac စနစ်တို့တွင် သာမကဘဲ Windows Phone 8 စနစ်တို့တွင်ပါ အသုံးပြုနိုင်လာခြင်းဖြစ်သည်။

Viber out စနစ်အသုံးပြု၍ ဖုန်းခေါ်ဆိုခြင်းအတွက် တစ်နာရီစာကို ကြိုးဖုန်းကန်ဒေါ်လာ ၁ ကျပ်မှ ကန်ဒေါ်လာ ၅ ကျပ်အတွင်း၊ မိုဘိုင်းဖုန်းကန်ဒေါ်လာ ၂ ကျပ်မှ ကန်ဒေါ်လော ၁၀ ကျပ်အတွင်း ကျသင့်နိုင်ကြောင်း Viber Media မှ သိရသည်။ ပြည်တွင်းအတွက် Viber out ဖြင့်ဖုန်းခေါ်ဆိုမှု ကျသင့်နှုန်းထားများ ကို https://account.viber.com တွင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ငွေပေးချေမှုကို အွန်လိုင်း Credit Card ဖြင့်သာငွေပေးချေနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ Viber အသုံးပြု သူ ၈၅,၇၃၂ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၃.၆ ရာခိုင်နှုန်းဖြင့် Version အသုံးပြုမှု အများဆုံး နိုင်ငံအလိုက်တွင် အဆင့် ၅ ရှိကြောင်း www.socialbakers.com ၏ ထုတ်ပြန်ချက်အရ သိရသည်။ Viber ကိုနိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အသုံးပြုလျက်ရှိပြီး သုံးစွဲသူ သန်း ၂၀၀ ကျော်ရှိကြောင်းသိရသည်။

Viber ဖြင့် စာတိုများအခမဲ့ ပေးပို့ခြင်း၊ ရုပ်ပြောင်ကာတွန်း စတစ်ကာများ၊ ဗီဒီယို၊ ဓာတ်ပုံ၊ Doodles ဖြင့်ပုံ များ ရေးဆွဲပေးပို့ခြင်း၊ တည်နေရာများမျှဝေခြင်း၊ အခမဲ့ဖုန်းခေါ်မဆိုမှု၊ အသံမက်ဆေ့ခ်ျ ပေးပို့ခြင်းတို့ ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး iPhone, Android Phone, Tablets, Windows Phone, Blackberry, Windows, Windows 8, Mac, Linux, Symbian, Nokia 540 နှင့် Bada Devices များတွင် 3G/4G ကွန်ရက် (သို့မဟုတ်) ဝိုင်ဖိုင်ကွန်နက်ရှင်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

-ရဲထွဋ်ဝင်း
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...