ရင်ကို မထိသော ခေတ်သတင်းများ

alexsnextmove.wordpress.com
မနက် မိုးလင်းရင် သတင်းစာ မဖတ်ရ မနေနိုင် တဲ့ ရောဂါ၊ သတင်းမစူး စမ်းရရင် မနေနိုင် တဲ့ရောဂါ ကျွန်တော့်မှာ စွဲကပ်လာတာ ကြာခဲ့ ပါပြီ။ ငယ်စဉ်က သတင်းမဖတ်ရရင် မနေနိုင် အောင် လုပ်ပေးတဲ့ သူတွေထဲမှာ ကျွန်တော်တို့ မြို့က သတင်းစာ ရောင်းတဲ့ ဦးလေးအုန်းကြီး လည်းပါတယ်။ ဦးလေးအုန်းက မနက် မိုးလင်း တာနဲ့ ဘူတာရောက်ပြီ။ ရန်ကုန် ဘက်က လာတဲ့ စာပို့ရထားကို လာစောင့်တာ။ စာပို့ ရထား ဆိုက်ရင် သတင်းစာတွေ ပါလာ လိမ့်မယ်။ ဘူတာထဲကို သတင်းစာထုတ် ဘုတ်ခနဲ ပြုတ်ကျလာ တာနဲ့ ဦးလေးအုန်းက သတင်းစာတွေကို စီထပ်ပြီး၊ တစ်စောင်ချင်းဖတ်တယ်။ ပြီးတော့ ကြီးမားလှတဲ့ သူ့လွယ်အိတ်ကြီး ထဲထည့်၊ လက်ကပွေ့ပြီး သူ့ရဲ့သတင်းစာ အော်ပရေးရှင်းကို စတင်ပါတော့တယ်။

ဦးလေးအုန်းက အသံသြဇာကောင်းတယ်။ သူ့အသံကြီးနဲ့ ဈေးထဲကိုဝင်လာပြီး ဈေးထိပ်ကအော်လိုက်တာ ဈေးအရောင်းအဝယ် လုပ်နေသူတွေ ကြောင်ပြီးယောင်နနနဲ့ ငေးကြည့်ရတဲ့အထိ သတင်းအ ထုတ် ကောင်း၊ အအော်ကောင်းတဲ့သူ ဖြစ်ပါတယ်။ ဥပမာပြောရရင် သတင်းဂျာနယ်မှာပါတဲ့ ရုပ်ရှင်မင်းသား စိန်မြင့်နဲ့ ဆွေဇင်ထိုက်တို့ ခိုးပြေးကြတဲ့ မျက်နှာဖုံးသတင်းကို “စိန်မြင့်ကို ဘယ်သူခိုးသွားသလဲ” “ကိုကို့ကို ကျွန်မကခိုးတာလို့ပြောပြီ” ဆိုပြီး ဈေးထဲကို အော်ဝင်လာတာ။ လူတွေကလည်း အလွန်စိတ်ဝင်စားစွာနဲ့ ဟောတစ်စောင်၊ ဟောတစ်စောင် ဝိုင်းဆွဲလိုက်ကြတာ သူ့မှာ ရောင်းစရာ မကျန်တော့ဘူး။ ဒီလိုပဲ ပန်တျာကြည်လင် ဇာတ်အဖွဲ့က ပျောက်သွားတာကိုလည်း “ပန်တျာကြည်လင် လင်နောက်သွားပြီ” ဆိုပြီး အော်ရောင်းလိုက်တော့ လူတွေစိတ်ဝင်စားတာပေါ့။ ပန်တျာကြည်လင်ဆိုတာက မင်းသား။ ဇာတ်ကနေ ရင်းနဲ့ ညမှာ ပျောက်သွားတာကို သတင်းတွေက အဲဒီအချိန်မှာ ဖွကြတာ စိတ်ဝင်စားစရာ ဖြစ်သွားတယ်။ ကျွန်တော်လည်း ငယ်ငယ်ကတည်းက သတင်းကိုစွဲခဲ့တယ်ဆိုတာ အဲဒီလိုခေတ်မျိုးကို ကြုံခဲ့လို့၊ ဦးလေးအုန်း လို သတင်းစာရောင်းသမားမျိုးတွေနဲ့ ကြုံခဲ့လို့ဖြစ်ပါတယ်။

ခုခေတ်သတင်းတွေ ဖတ်ရတာ ဆားမပါတဲ့ဟင်းကို စားနေရသလိုပဲဗျ။ ကဲဒီမနက်ပဲကြည့် မျက်နှာဖုံး သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရတာ။ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ် ပြဋ္ဌာန်းပြီးနောက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတို့အကြား အယူအဆ လွဲမှားမှုများ ဖြစ်ပေါ်လျက်ရှိဟုဆို” အဲဒါ သတင်းခေါင်းစီးပဲ ရှိသေးတယ်။ ဖတ်လိုက်တာနဲ့ တစ်ခါတည်း နောက်ဆက်မဖတ်ချင်လောက်အောင် ဖြစ်သွားစေတဲ့ အရေးအသားမျိုးကို ဒီခေတ် သတင်း သမားတွေ ထူးချွန်ပြောင်မြောက်စွာ လက်စွမ်းပြနိုင်လို့ စိတ်ပျက်သွားမိတယ်။

တစ်ခေတ်က သတင်းသမားကြီးတွေရဲ့ ဉာဏ်စွမ်းနဲ့ အရည်အချင်းတွေကို ပြန်ပြောင်း သတိရမိပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းခေါ် (အောင်ဗလ) ရဲ့ ဉာဏ်စွမ်းလေး တွေကို ပြန်ပြောင်းသတိရပြီး ပြောပြချင်တယ်။

၁၉၅၂ ခုနှစ်လောက်က ဗမာ့ခေတ် သတင်းစာက မီးတုတ်ဆေးတိုက်မှာ ဆေးတုတွေ မိတယ်ဆိုပြီး သတင်းစာထဲ ထည့်တယ်။ ဆေးတိုက်ပိုင်ရှင်ကုလား (မစ္စတာ အက်စ်ကေနာနာဘာဝါး) က သူ့ဆေး တိုက် သိက္ခာကျအောင် လုပ်တယ်ဆိုပြီး တရားစွဲတယ်။ အမှုကလည်း မှန်နေတာကြောင့် ဗမာ့ခေတ်က မလျှော့ဘူး။ အဲဒီအချိန်မှာ ဗမာ့ခေတ်သတင်းစာကိုမုန်းတဲ့ ရှေနေကြီး ဦးချန်ထွန်းက နာနာဘာဝါးဘက်က လိုက်ပေးတယ်။ အဲဒါကို ဗမာ့ခေတ်က သူတို့သတင်းစာတိုက်ကို နို့တစ်အပေးခံရတယ်ဆိုတဲ့ သတင်း ခေါင်းစဉ်ကို “နာနာဘာဝ ဦးချန်ထွန်း” ဆိုပြီး တပ်လိုက်လို့ ဦးချန်ထွန်း တစ်ယောက် ဆွေ့ဆွေ့ခုန်ခဲ့ရ ဖူးတယ်။

သတင်းခေါင်းစဉ်ကြောင့် ဗမာ့ခေတ် သတင်းထောက်ကို ပါလီမန်က နှင်ထုတ်တာတွေ ဖြစ်ခဲ့ဖူးတယ်။ ဘုတလင် အမတ်၊ စာရေးဆရာသိန်းဖေမြင့် နိုင်ငံရေးလုပ်တုန်းက ‘ကွဲပြန်ပြီ ဘယ်သူ့ကြောင့်၊ သိန်းဖေကြောင့်’ ဆိုတာမျိုးတွေ တပ်တယ်။ ပြီးတော့ ပါလီမန်အမတ်မင်းတွေရဲ့ လစာနဲ့ပတ်သက်ပြီး ငေါ့တော့တော့နဲ့ ‘အလိုလေး လန့်စရာပါလား’ ဆိုတာမျိုးတပ်လို့ ပါလီမန်က ဗမာ့ခေတ် သတင်းထောက် ဦးဘရင်ကို လွှတ်တော် အစည်းအဝေးက နှင်ထုတ်ခဲ့လို့ ‘ဂတ်ဒေါက်ဘရင်’ (Get out) ဆိုပြီး နာမည် ကျော်တဲ့အထိ ဖြစ်ခဲ့ရတယ်။

ဆိုရှယ်လစ်ပါတီ လာဘ်စားပြီး၊ ညစ်ပတ်တာကို ‘ဆိုရှယ်လစ် ရေမချိုး’ ဆိုပြီး ကလိလို့ဆိုရှယ်လစ်တွေက ဝန်ကြီးချုပ်ဦးနုကို တိုင်တယ်။ ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်က ‘သတင်းက ဒါလောက် မဆိုးပါဘူး။ ခေါင်း စဉ်က ဆိုးတာပါ’ လို့ မှတ်ချက်ပေးပြီး၊ ဗမာ့ခေတ် အယ်ဒီတာအဖွဲ့ကို နံနက်စာ ဖိတ်ကျွေးတယ်။ ပြီးတော့ ‘သိပ်မကလိ ကြပါနဲ့’ လို့ ပြောယူရတဲ့အထိ ဖြစ်ခဲ့ရတယ်။

ဒါတွေကို ပြန်သုံးသပ်ပြီးတစ်ခေတ်က သတင်းစာဆရာကြီးတွေ ဘယ်လောက် တော်တယ်၊ ဘယ်လောက် လူစိတ်ဝင်စားအောင် လုပ်နိုင်စွမ်းရှိတယ်၊ အစိုးရ ကြောက်ရတဲ့ သတင်းရေးနည်းတွေကို တတ်ကျွမ်းကြတယ် ဆိုတာတွေကို တွေ့ရပြီး အရမ်းလေးစားသွားမိတယ်။

ခုခေတ်သတင်းတွေက ခေါင်းစဉ်က ရှည်လျားထွေပြား၊ အကြောင်းအရာတွေက ဘာပြောမှန်းမသိ၊ တစ်ခါတလေ သေသူနဲ့ သတ်သူ ဘယ်သူဆိုတာတောင် အတော်လေးတွေးယူရတဲ့ အနေအထားမျိုးတွေ တွေ့နေရတယ်။ ပိုဆိုးတာ ရှိသေးတယ်။ ဒီနေ့သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်ရင် နောက်တစ်နေ့ မဖတ်ရင်တောင် ရတယ်ဆိုတဲ့ အနေအထားမျိုးတွေလည်း တွေ့ရတယ်။ အဲဒါဘာလဲဆိုတော့ ဒီနေ့ ဒီသတင်းစာတစ်စောင်မှာ ပါပြီးသား သတင်းကို နောက်တစ်နေ့မှာ သတင်းအသစ်ပြန်လုပ်ပြီး စာဖတ် သူကို ပညာပြတာမျိုးတွေပေါ့။

ခုခေတ်သတင်းသမားတွေ သတင်းလိုက်တယ်ဆိုတာ Facebook လောက်ကနေ ကိစ္စပြီးနေတာ။ ကြေးမုံ ဦးသောင်းတို့ခေတ်က မနက်တိုက်ကို သတင်းပို့ပြီး စက်ဘီးတစ်စင်းနဲ့ တစ်မြို့လုံး ပတ်ရတာ ညနေ ၃ နာရီမှ တိုက်ပြန်ဝင်ပြီး၊ ည ၆ နာရီနောက်ဆုံးသတင်း တင်ရတယ် ဆိုတာတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ခုခေတ်လူတွေ အားထုတ်မှုက အသေးအမွှားတွေလောက် ဖြစ်နေပါလိမ့်မယ်။

တစ်ခေတ်တစ်ခါက သတင်းသမားကြီးတွေဟာ စာဖတ်ကြတယ်၊ အင်္ဂလိပ်လို ကျွမ်းကျင်ကြတယ်၊ အပင်ပန်း အဆင်းရဲ ခံကြရတယ်၊ ဒုက္ခတွေကြားထဲက သတင်းကိုပဲ သဲသဲမဲမဲလိုက်ကြလို့ သတင်းခွေးများ ဆိုပြီး သူတို့ကိုခေါ်တာတောင် ပြုံးပြုံးကြီး ကျေနပ်နေတဲ့ လူစားတွေ။

ခေတ်တွေက အများကြီး ကွာသွားပေမယ့် သတင်းပေး သတင်းယူတင်ဆက်မှုတွေ တိုးတက်မလာသေး ဘဲ၊ ရင်ကိုမငြိတဲ့ သတင်းတွေသာ နေ့စဉ်ဖတ်နေရလို့ စိတ်ပျက်မိပါရဲ့။ ဒါပေမဲ့ သတင်းကို ဘိန်းလို စွဲနေတဲ့ ကျွန်တော်တို့လို လူတွေအတွက် ‘စာနာ’ တဲ့ သတင်းသမားတွေရဲ့ ထိမိတဲ့ အရေးအသားတွေကို မျှော်လင့် တောင့်တမိပါတယ်။

ကိုးကားစာအုပ် - ဗမာ့ခေတ်မှ ကြေးမုံသို့ (ကြေးမုံဦးသောင်း)

The Voice Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...