ရေပန်းစား တက်တူး ဖက်ရှင်

အင်္ကျီဗလာ ဖြစ်နေသော အမျိုးသမီးငယ် တစ်ဦး၏ ကျောပေါ်တွင် “ဂျီး ... ဂျီး” ဆိုသော အသံနှင့်အတူ လက်တစ်ဝါးစာမျှသာ ရှိသော စက်ကလေးက ပြေးလွှားနေသည်။ ထိုစက်ကလေး၏ ထိပ်တွင် တပ်ဆင်ထားသည့် အပ်ကလေးက အမျိုးသမီးငယ် ၏ ဖွေးအိနေသော အသားပြင်ပေါ်တွင် ပြေးလွှား နေပြီး တစ်ခါတစ်ရံ အမျိုးသမီးငယ်၏ ချစ်စဖွယ် မျက်နှာလေးက နာကျင်မှုကြောင့် အနည်းငယ် ရှုံ့မဲ့သွားသည်။

ယခင်က အမျိုးသားများသာ ထိုးလေ့ရှိသော တက်တူးယဉ်ကျေးမှုက ၂၁ ရာစုတွင် မြန်မာအမျိုးသမီးများ ထိပါ ရိုက်ခတ်လာချေပြီ။ အမျိုးသမီးငယ်၏ ကျောပေါ်တွင် ရေးထိုးနေသော တက်တူးက လှပကြော့ရှင်း စွာ ကနေသည့် အငြိမ့်သမလေး ရုပ်ပုံလွှာ ဖြစ်သည်။

မြန်မာလူငယ်ထုကြား အထူးသဖြင့် မြန်မာ လုံမေပျိုတို့ကြားတွင် တက်တူးယဉ်ကျေးမှုနှင့် ဖက်ရှင် တွင်ကျယ်လာပြီး တက်တူးမပါလျှင်ပင် ခေတ်မမီတော့သည့် အခြေအနေ ဖြစ်လာသည်။ တစ်ဦးနှင့်တစ်ဦး အပြိုင် တက်တူးဒီဇိုင်း ပုံစံများ ရေးထိုးကြလေ့ရှိပြီး တက်တူးထိုးသော လူငယ်များကြားတွင် ရေပန်း စားလာသည်က မြန်မာ့ရိုးရာ ရုပ်ပုံလွှာ တက်တူးများ ဖြစ်ကြောင်း တက်တူး ရေးထိုးပေးသည့် ဆိုင်များ ထံမှ သိရသည်။

“အငြိမ့်မင်းသမီး ကနေဟန်ကို တက်တူးနဲ့ ထိုးတာတွေ ရှိတယ်။ မင်းသမီးကနေတဲ့ ဟန်ဆို တစ်ရက် တည်းနဲ့ မပြီးဘူး။ စိန်ပြေနပြေ ထိုးမှ ပုံလှတာ။ သူအားတဲ့အချိန် ကိုယ်အားတဲ့အချိန် ကိုက်ပြီး တက်တူး ကို ပြီးအောင်ထိုးမယ်” ဟု Mandalay Ink တက်တူး စတူဒီယိုမှ တက်တူးဆရာ ကိုတွတ်ပီက ဆိုသည်။

မန္တလေးမြို့ အထိမ်းအမှတ်ပုံများ၊ မြန်မာ့ရိုးရာ ကစားစရာ အရုပ်ပုံစံများ၊ အခြားဒီဇိုင်းများဖြင့် ရောကာ တက်တူးအဖြစ် အလှဆင်လာကြသည့်အပြင် ရှေးမြန်မာ ဓလေ့တစ်ခု ဖြစ်သည့် ထိုးကွင်း တက်တူးများ ကိုလည်း လူငယ်များ ကြိုက်နှစ်သက်စွာ ရေးထိုးလာကြသည်။ လေဆာဖြင့်ဖျက်ရန် မလွယ်သည့် တက်တူးကို လူငယ်အများစု စိတ်ကြိုက်ဒီဇိုင်းများဖြင့် ရေးထိုးကြပြီး စက်ပစ္စည်းပုံ၊ ကနုတ်ပုံ၊ စာသားများ အပြင် ဗုဒ္ဓရုပ်ပွားတော်ပုံများ၊ လူထုခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ မြန်မာနိုင်ငံမြေပုံ၊ နိုင်ငံတော် လက်ရှိအလံနှင့် အလံဟောင်း၊ မြန်မာ့ရိုးရာအရုပ်များပါ အမြတ်တနိုး ဒီဇိုင်းဆင်ကာ တက်တူးထိုးလာကြသည်။

မြန်မာရိုးရာဓလေ့များအပြင် ကိုးကွယ်ယုံကြည်မှုအရ ဗုဒ္ဓရုပ်ပွားတော်ပုံများကို တက်တူး ထိုးလိုသူများ အတွက် ထိုင်းနိုင်ငံက ထုတ်သည့် ဒီဇိုင်းများကိုကြည့်ကာ ထိုးပေးရကြောင်း၊ အများအားဖြင့် တက်တူး ဒီဇိုင်းများကို အင်တာနက်မှ ကူးယူပြီး လိုသလို လှအောင် ဆွဲကာ ဝယ်သူစိတ်ကြိုက် တက်တူး ထိုးပေးလေ့ ရှိကြောင်း IRRAWADDY TATTOO STUDIO မှ တက်တူးဆရာ ကိုဖိုးလုံးက ပြောကြား သည်။ 

“လေးစားလို့ ယုံကြည်လို့ထိုးတဲ့ ပုံတွေတော့ ဘယ်သူမှ ခန္ဓာကိုယ် အောက်ပိုင်းထိုးတာ မတွေ့သေးသလို ထိုးလည်း ထိုးမပေးဘူး။ ကုပ်၊ လက်မောင်း၊ ရင်အုံ၊ ကျောတွေမှာ ထိုးကြတာ များပါတယ်” ဟု တက်တူး ဆရာ ကိုဖိုးလုံးက ရှင်းပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့တွင် လာရောက်လည်ပတ်သည့် ကနေဒါနိုင်ငံသား တစ်ဦး၏ ခြေထောက်တွင် ဗုဒ္ဓပုံတော်များ ဆေးမင်ကြောင် ထိုးထားသဖြင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ကာ သြဂုတ်လဆန်းပိုင်းက ပြည်နှင်ဒဏ်ပေးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

“နိုင်ငံခြားသားက သူ့အယူအဆနဲ့သူ ထိုးတာ။ ဒါပေမဲ့ ဒီနိုင်ငံက ထေရဝါဒ ထွန်းကားတဲ့ နိုင်ငံကို လာ တာမို့ နိုင်ငံခြားသားတွေအနေနဲ့ ဆင်ခြင်သင့်တယ်။ အဲဒါမျိုး မလုပ်စေချင်ဘူး” ဟု ကိုတွတ်ပီက ဆိုသည်။

တက်တူးထိုးခြင်းသည် လူငယ်များအကြား ပြိုင်ဆိုင်ကြသော အထိမ်းအမှတ်တစ်ခု ဖြစ်လာပြီး အင်္ကျီ အဝတ်အစားဒီဇိုင်း၊ တန်ဖိုးမြင့်ဟန်းဖုန်း၊ မော်တော်ဆိုင်ကယ်၊ ကား စသည်တို့ ယှဉ်ပြိုင်လေ့ရှိသည့် နေရာတွင် တက်တူးဒီဇိုင်းများကပါ ယှဉ်ပြိုင်စရာတစ်ခု ဖြစ်လာသည်။

“လူငယ်အချင်းချင်း တွေ့ရင်တောင် သူဘာပုံ ထိုးထားတာလဲ၊ ငါဘာပုံ ထိုးထားတာလဲဆိုပြီး အပြိုင်အဆိုင် လုပ်ကြတယ်” ဟု ကိုတွတ်ပီက ဆိုသည်။ 

ဖက်ရှင်အတွက် တက်တူး ဝါသနာပါသည့် အမျိုးသား တစ်ဦးမှာ တစ်ကိုယ်လုံး တက်တူး အပြည့် ထိုးထားသည်များ ရှိပြီး အချို့မှာလည်း ထိုးပြီးသား ဒီဇိုင်းကို ပိုလှစေရန် လွတ်နေသည့် နေရာများတွင် အကြိမ်ကြိမ် တက်တူးထိုးလေ့ ရှိသည်။ ချစ်သူရည်းစားတို့၏ နာမည်နှင့် ရုပ်ပုံလွှာ တို့ကိုလည်း တက်တူးရေးထိုးသူများ ရှိပြီး အမှန် တကယ် လမ်းခွဲပြတ်စဲချိန်တွင် ရေးထိုးခဲ့သော တက်တူးများပေါ်တွင် တက်တူးသစ်များ ထပ်မံ ရေးထိုးမှုများလည်း ရှိသည်။

ယခင်က တက်တူး ထိုးထားသူများသည် လူမိုက်နှင့် ထောင်ထွက်ဟု မြန်မာ့လူမှုအသိုင်းအဝိုင်းက သတ်မှတ်မှုများ ရှိခဲ့သော်လည်း ယခုတွင်မူ တက်တူးမရှိလျှင် ခေတ်မမီတော့သည့် ယဉ်ကျေးမှုက တဖြည်းဖြည်း ပိုမိုရုပ်လုံး ပေါ်လွင်လာသည်။

“ဒီကရှေ့လျှောက် ကျွန်တော်တို့ မိဘအရွယ် ရောက်လာပြီးတော့ သားသမီးတွေခေတ်မှာ ပိုကောင်း လာမယ်။ တက်တူးအပေါ် အမြင်တွေလည်း ပိုကောင်းလာမယ်” ဟု Mandalay Ink အမည်ဖြင့် တက်တူး စတူဒီယို ဖွင့်လှစ်ထားသူ အသက် ၃၆ နှစ်အရွယ် ကိုတွတ်ပီက ပြောကြားသည်။

လူငယ်များအကြား တက်တူးယဉ်ကျေးမှု တဖြည်းဖြည်း တွင်ကျယ် ထွန်းကားနေသော်လည်း မိဘ ဆွေမျိုးနှင့် အသိုင်းအဝိုင်းများက လူငယ်များ၏ တက်တူးရေးထိုးမှုကို လုံးဝလက်မခံသေးချေ။ သို့ရာတွင် လူငယ်ထု၏ အားပေးလက်ခံမှုတို့ကြောင့် တက်တူးထိုးပေးသည့် စီးပွားရေးလုပ်ငန်း အရှိန်တက် လာချေပြီ။

မန္တလေးမြို့တွင် တက်တူးထိုးသည့် စတူဒီယိုဆိုင်ကြီး ၁၀ ဆိုင်ထက်မနည်း ရှိလာပြီး တက္ကသိုလ် ကျောင်း သားများ စုဝေးရာ မန္တလေးတက္ကသိုလ် အနီးတွင်ပင် တက်တူးဆိုင်ကြီး လေးဆိုင် ရှိကြောင်း IRRAWADDY TATTOO STUDIO မှ တက်တူးဆရာ ကိုဖိုးလုံးက ဆိုသည်။

ဆိုင်တစ်ဆိုင်လျှင် တက်တူးထိုးသူ လူငယ်များ တစ်ရက်လျှင် အနည်းဆုံး ခုနစ်ဦးခန့် ရှိတတ်ပြီး တက်တူးထိုး ဆရာမှာလည်း တစ်ဆိုင်လျှင် ငါးဦးအထိ ရှိတတ်သည်။ လူငယ်အများစု တက်တူး ရေးထိုးကြလေ့ရှိသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းမှာ လက်ပြင်၊ ရင်ညွန့်နှင့် ခြေထောက်များတွင် ဖြစ်ပြီး အမာရွတ်ရှိသည့် နေရာများကို ဖုံးထားရန်အတွက် အမျိုးသမီးအချို့က တက်တူး ရေးထိုးကြသည်။

“ငယ်ငယ်ကတည်းက တက်တူး ထိုးထားတာဆို သဘောကျတယ်။ ကိုယ်တိုင်လည်း ကျောကုန်းမှာ ဇာမဏီပုံ ထိုးထားတာ။ သူများကိုလည်း တက်တူးထိုးတာ ဝါသနာပါလို့ ခုသင်နေတာ သုံးလရှိပြီ” ဟု အသက် ၂၃ နှစ်အရွယ် မဇူးဇူးက ပြောကြားသည်။

ခန္ဓာကိုယ်အပေါ်ပိုင်း၊ လက်မောင်းနှင့် ခြေထောက်တွင် တက်တူးထိုးထားသော လူငယ်များသည် စွပ်ကျယ်လက်ပြတ်နှင့် ကွာတားဘောင်းဘီတို ဝတ်ဆင်ကာ မန္တလေးရာသီဥတု ပူအိုက်အိုက်တွင် ဆိုင်ကယ်တစ်စီးဖြင့် လျှောက်လည်ရသည်ကို ဖက်ရှင်တစ်ခုအဖြစ် လူငယ်များအကြား ရေပန်းစား လာသည်။

မြန်မာ့သမိုင်းရာဇဝင်တွင် တက်တူးကိုဘုရင်နှင့် မင်းညီမင်းသားများ၏ ခန္ဓာကိုယ်ပေါ်တွင် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာအရ အင်းနှင့် ထိုးကွင်းမင်ကြောင်များ အဖြစ် ပုံဖော်ထိုးခဲ့ကြပြီး အာဏာပါးကွက်သား၊ ရာဇဝတ်သားများ၏ မျက်နှာနှင့် ရင်ဘတ်ပေါ်တွင် သက်ဆိုင်ရာ အလုပ်အကိုင်၊ ရာထူးပေါ် မူတည်၍ တက်တူး အမှတ်အသားများ၊ စာတန်းများကို သိသာထင်ရှားစွာ ထိုးလေ့ရှိသည်ဟု ဆေးမင်ကြောင် ရေးထိုးမှုနှင့် ပတ်သက်သော စာအုပ်စာတမ်း အချို့တွင် ဖော်ပြထားသည်။

တက်တူးယဉ်ကျေးမှုသည် နှစ်ပေါင်းများစွာကတည်းက လူ့အဖွဲ့အစည်း ပေါင်းစုံတွင် တည်ရှိနေခဲ့ပြီး ရည်ရွယ်ချက်မျိုးစုံ၊ အယူအဆမျိုးစုံဖြင့် ရေးထိုးခဲ့ကြသော်လည်း ယနေ့ခေတ်တွင်မူ တက်တူးရေးထိုးမှု၏ အဓိက ရည်ရွယ်ချက်မှာ ဖက်ရှင်အတွက်ကိုသာ ဦးစားပေးလာခြင်းဟု တက်တူး ရေးထိုးပေးသူများက ဆိုကြသည်။ 

ယခုနောက်ပိုင်းတွင် တက်တူးထိုးဆေးများမှာ အရောင် အနု၊ အရင့် စုံသည့်အပြင် မတူညီသော စုတ်ပုံစံများဖြင့် ပုံတူများ၊ အစစ်အမှန်နှင့်တူသော သုံးဘက်မြင် 3D တက်တူးများအထိ ထိုးနိုင်ပြီး တက်တူးထိုးခြင်း ပညာလည်း အဆင့်မြင့်လာသည်။ တက်တူးရေးထိုးရာတွင် တစ်ခါသုံး ပစ္စည်းများပါ လိုသလောက် ရလာနိုင်သည့်အတွက် တက်တူးရေးထိုးခြင်းမှ ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာမှာ အနည်းငယ် သက်သာ သွားပြီ ဖြစ်သည်။

သို့ရာတွင် တက်တူးထိုးသည့်အခါ မမျှော်လင့်နိုင်သော ကျန်းမာရေး အန္တရာယ်အချို့ ရှိနေပြီး ရောဂါပိုးဝင်ခြင်းနှင့် ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်ခြေ ရှိသေးသည်။ သန့်ရှင်းမှု မရှိသော တက်တူးရေးထိုးမှုမှ အရေပြားနာ၊ ရေယုန်၊ မေးခိုင်၊ မှို၊ အသည်းရောင်၊ တီဘီနှင့် HIV ကူးစက်မှုရောဂါ ဖြစ်ပွားနိုင်သည်။ ယခင်က တက်တူးထိုးရာတွင် ပစ္စည်းများ ရှားပါးသဖြင့် တစ်ဦးတက်တူး ရေးထိုးပြီးတိုင်း တက်တူးထိုး ပစ္စည်းများကို ရေနွေးဖြင့် ပြန်ပေါင်းခြင်းများ ပြုလုပ်လေ့ရှိရာ အခန့်မသင့်ပါက ရောဂါပိုး ကူးစက်မှုများ ဖြစ်ပွားခဲ့သည်။

ယနေ့ခေတ်တွင် တစ်ခါသုံး တက်တူးထိုးစက် ခေါင်း၊ ဆေးခွက်များ အလွယ်တကူ ဝယ်ယူရနိုင်သဖြင့် တက်တူးထိုးခြင်းနှင့် ပတ်သက်၍ မည်သည့်ရောဂါမှ မဖြစ်ပွားနိုင်ဟု အာမခံ တက်တူးထိုးပေးမှုများ ပေါ်ထွန်းလာကြောင်း၊ တက်တူးထိုးခ ဈေးနှုန်းများမှာ ကျပ် တစ်သောင်းမှ စရှိကာ ရေးထိုးမည့် ပုံသဏ္ဌာန်ပေါ် မူတည်ကာ ဈေးနှုန်း အမျိုးမျိုးရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

ကမ္ဘာကျော် ဘောလုံး အားကစားသမားများ၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား မင်းသမီး၊ တေးသံရှင်များ ကလည်း တက်တူး ထိုးလာသည့်အတွက် မြန်မာနိုင်ငံရှိ လူငယ်များအကြား ပိုမိုရေပန်းစားလာ ခဲ့သည် ဟုလည်း ဆိုနိုင်သည်။

“တက်တူးထိုးတဲ့ လူငယ်တွေကို ပြောချင်တယ်၊ သူများထိုးတိုင်း လိုက်မထိုးပါနဲ့။ ကိုယ်ထိုးမယ့်ပုံက အဓိပ္ပာယ်ရှိတဲ့ပုံ၊ ကိုယ့်ခံစားချက်အရ ခံယူချက်အရ ထိုးတဲ့ပုံ ဖြစ်စေချင်တယ်” ဟု ကိုတွတ်ပီက ပြောကြားသည်။

အရေပြားတွင် တက်တူးရေးထိုးခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း မသင့်လျော်သည့် နေရာများတွင် ပုံများ ထိုးထားပါက ဂုဏ်ကျက်သရေ ညှိုးနွမ်းစေသဖြင့် တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က သတိပေး ပြောကြားသည်။

အငြိမ့်မင်းသမီး၏ ကနေဟန်ကို ကျောပေါ်တွင် ရေးထိုးပြီးနောက် အမျိုးသမီးငယ်သည် မိမိကျောပြင်တွင် ရေးထိုးထားသော တက်တူးပုံကိုကြည့်ပြီး ကျေနပ်အပြုံးများနှင့် တက်တူးရေးထိုးသည့် ဆိုင်အတွင်းမှ တရွေ့ရွေ့ ပြန်လည် ထွက်ခွာသွားတော့သည်။ 


မယ်တင့်
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...