တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက်

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်

မည်သည့် မျက်နှာပြင်တွင်မဆို တောက်တဲ့များ အံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ ခြေချောင်း များပေါ်ရှိ အမွေးအမှင် များကြောင့် ဖြစ်သည်ဟု သုတေသန လေ့လာချက် အသစ် တစ်ရပ်အရ သိရသည်။

အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာ ဟုခေါ်သည့် ၎င်းတို့၏ ခြေချောင်း များပေါ်ရှိ သေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးမိုးမျှော် အနေအထားဖြင့်ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။

တောက်တဲ့များသည် ၎င်းတို့၏ အံ့ဖွယ် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ မှီတွယ်နိုင်မှုနှင့် ခြေချောင်း အမွေး အမှင် များဆန့်နိုင်မှုတို့ကြောင့် မည်သည့် မျက်နှာပြင်တွင်မဆို တွယ်ကပ် နေနိုင်ခြင်းဖြစ်သည်ဟု သုတေသန စာတမ်း ဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ် တက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အလက်စ်ဂရီးနီး က ပြောကြားသည်။

ဖော်ပြပါအချက်များကြောင့် တောက်တဲ့များသည် ၎င်းတို့၏ ခြေဖဝါးများကို လျင်မြန်စွာ ကပ်၊ ခွာပြုလုပ်နိုင် သဖြင့် မျက်နှာပြင်များတစ်လျှောက် တစ်စက္ကန့် လျှင်ခန္ဓာကိုယ် အရှည်၏ အဆနှစ်ဆယ်အထိ လျှပ်တစ်ပြက် ပြေးလွှား နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

တောက်တဲ့များ၏ ခြေချောင်းများအပေါ် သုတေသန စုံစုံလင်လင်ပြုလုပ် ထားကြောင်း၊ ရှေးဟောင်း ဂရိခေတ် ကတည်းက လူများသည် တောက်တဲ့များ နံရံများပေါ်တွင် မည်ကဲ့သို့ တွယ်တက်နိုင်သည်ကို အံ့ဩလာကြ ကြောင်း အလက်စ်ဂရီးနီးက ပြောကြားသည်။

တောက်တဲ့များသည် ခြေချောင်းအမွေးအမှင်များ၏ မော်လီကျူးများမှလာသည့် အီလက်ထရွန်များနှင့် နံရံမော် လီကျူးများမှ လာသည့် အီလက်ထရွန်များ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဓာတ်ပြုရာမှ ဖြစ် လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့မှုဖြစ်သည့် van der Waals ကို အသုံးပြုပြီး တွယ်ကပ်မှုပြုလျက် အီလက်ထရွန် မဂ္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီးကာ မည်သည့် မျက်နှာပြင်တွင်မဆို တွယ်ကပ်နိုင်ခြင်း ဖြစ်သည်ဟု အမေရိကန် စက်ရုပ်ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း၏ လုပ်ဖော် ကိုင်ဖက်များက ၂၀၀၀ ပြည့်နှစ်တွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။


ထန်ဆွင်း။
MOI Webportal Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...