သောကမီးစာ ပဋိပက္ခ မီးစာဖြစ်သော ဝန်ဆောင်မှု

သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုသတင်းကို ဖတ်ပြီးသည်နှင့် မဝေးလှသော အချိန်ပိုင်းဆီက အဖြစ်အပျက် အချို့ကို ဖျတ်ခနဲ သတိရမိသည်။ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ဥပဒေအချို့ ရေးဆွဲ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍ မတူညီသော အမြင်ရှိသူ များအကြား အပြန်အလှန် ဆန့်ကျင် ငြင်းခုံမှု အရှိန်မြင့် တက်နေဆဲ အချိန်ပိုင်းဆီက အဖြစ်အပျက် အချို့ဟု ဆိုရမည်။

ထိုစဉ်က ဥပဒေ ပြဋ္ဌာန်းနိုင်ရေးဘက်မှ တက်တက်ကြွကြွ ဆောင် ရွက်နေသည့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ အရှင်မြတ်က မိမိထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ သတ်မည် ဖြတ်မည် စသည်ဖြင့် ခြိမ်းခြောက်မှုများ ရှိနေကြောင်း လူမှု ကွန်ရက် စာမျက်နှာမှ ထုတ်ဖော် အသိပေးခဲ့သည်။ အလားတူပင် ဥပဒေ မပြဋ္ဌာန်းရေးဘက်မှ တက်တက်ကြွကြွ ဆောင်ရွက် နေကြ သည့် မဇင်မာအောင်၊ မခင်လေး၊ မမေစံပယ်ဖြူ၊ ဒေါ်ခွန်ဂျာ စသည့် အမျိုးသမီးများ ထံသို့လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း သတင်းမီဒီယာများမှ တစ်ဆင့် သိခဲ့ရဖူးသည်။ တယ်လီဖုန်းဖြင့် ဆက်သွယ် ခြိမ်းခြောက် ကြသူများသည် ဆရာတော် သံဃာတော် အပေါ်၌လည်း ရဟန်းသံဃာနှင့် မလျော်သည့် အခေါ်အဝေါ် အသုံးအနှုန်းများဖြင့် ရင့်သီးရိုင်းပျ ခြိမ်းခြောက် ခဲ့ကြကြောင်း သိရသည်။ အမျိုးသမီးများ အပေါ်၌လည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းက လက်မခံနိုင်သည့် စကား အသုံးအနှုန်းများဖြင့် ဆဲရေးပြစ်တင် ခြိမ်းခြောက် ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အင်တာနက် ချိတ်ဆက်ထားသော လက်ကိုင်ဖုန်းများတွင် အသုံးပြုနိုင်သည့် Viber ကုမ္ပဏီ၏ Free Text ဝန်ဆောင်မှု Software စနစ်ကို အသုံးပြု၍ ဆဲရေးခြိမ်းခြောက်စာ၊ ညစ်ညမ်းစာနှင့် ညစ်ညမ်းဓာတ်ပုံများ ပို့ခဲ့ကြ သည်ဟုလည်း သိရသည်။ တိုးတက်လာသော နည်းပညာ သစ်များဖြင့် ပေးပို့ ဆက်သွယ်သူ၏ ဖုန်းနံပါတ် အမှန်ကို မသိနိုင်အောင် ပြည်ပ ဖုန်းနံပါတ် အသွင်ဖြင့် ပေးပို့ ဆက်သွယ်မှုမျိုးလည်း ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ဆဲရေးခြိမ်းခြောက် နှောင့်ယှက် စော်ကားသည့် ဒဏ်များကို ဆရာတော် ဦးဝီရသူသည်လည်း ကြုံတွေ့ ခဲ့ရသည်။ မဇင်မာအောင်၊ မခင်လေး၊ မမေစံပယ်ဖြူ၊ ဒေါ်ခွန်ဂျာ စသည့် အမျိုးသမီး များသည်လည်း ကြုံတွေ့ခဲ့ ရသည်ဟု သိရသည်။

ဤမှာပင် ‘ဆဲရေးခြိမ်းခြောက် နှောင့်ယှက် စော်ကားသူများသည် မည်သည့် ဘက်ကသူများ ဖြစ်သည်’ စသည်ဖြင့် သဘောထားအမြင် မတူညီသည့် တစ်ဖက် အင်အားစုများထံ လက်ညှိုးညွှန် စွပ်စွဲစရာ ဖြစ်လာခဲ့သည်။ စင်စစ်တွင် မည်သူမှန်းလည်း မသိရ၊ မည်သည့်နေရာမှ ဆက်သွယ် နေမှန်းလည်း မသိရသည်ဖြစ်ရာ ထင်တိုင်းမသွေ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။ လူတစ်ဦး တစ်ယောက် သို့မဟုတ် လူအုပ်စု တစ်စုတည်းကပင် သည်ဘက် ပုဂ္ဂိုလ် များသို့ တစ်မျိုး ဟိုဘက် ပုဂ္ဂိုလ်များသို့ တစ်ဖုံ လှည့်ပတ် မွှေနှောက်၍ အမုန်းတရား အရှိန်မြင့်တက်စေအောင် ဖန်တီးနိုင်သော အခြေအနေမျိုးပင် ဖြစ်ပေရာ ‘မိမိထံ ဆက်သွယ်၍ ဆဲရေးခြိမ်းခြောက် နှောင့်ယှက် စော်ကားသူမှာ မိမိတို့နှင့် သဘောထားအမြင် မတူညီသည့် တစ်ဖက်အင်အားစုမှ ဖြစ်သည်’ ဟု တထစ်ချ တပ်အပ် သေချာပြောနိုင်မည် မဟုတ်ချေ။

သို့နှင့်တိုင် အဆိုပါ ဆဲရေးခြိမ်းခြောက် နှောင့်ယှက် စော်ကားသူများကို မည်သူမည်ဝါများဟု တိတိကျကျ မိမိရရ ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်းကိုကား ယခုအချိန် အထိလည်း မကြားသိရသေးချေ။ ဆက်သွယ်ရေး နည်းပညာနှင့် တရားဥပဒေ စိုးမိုးမှု နိမ့်ကျခြင်း၏ အကျိုးဆက်ဟုပင် ဆိုရမည်။ အဆိုပါ ဖြစ်ရပ်များကဲ့သို့ လူသိထင်ရှား ဟိုးလေးတကျော် ဖြစ်မလာသော်လည်း တယ်လီဖုန်းဖြင့် အလားတူ နှောင့်ယှက် စော်ကားမှုကို ခံကြရသည့် အမျိုးသမီးများ အကြောင်းကို မကြာခဏ ဆိုသလိုပင် ကြားသိ ဖတ်ရှုနေရသည်။ ယင်းသို့သော နှောင့်ယှက် စော်ကားခြင်းများအပေါ် တရားဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူနိုင်မည့် အနေအထား၊ နှောင့်ယှက် စော်ကားခြင်းများမှ အကာအကွယ် ပေးနိုင်မည့် အနေအထားမှာလည်း ဝေးနေသေးသည်၊ မသေချာ မရေရာသေးဟုပင် ဆိုရလိမ့်မည်။

ဤအဖြစ်အပျက်များကို သတိရမိ၊ တွေးတောမိစေသည့် သတင်းတစ်ပုဒ် ဆိုသည်မှာ Ooredoo ကုမ္ပဏီ၏ တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်ခုအကြောင်း ဖော်ပြထားသည့် သတင်းပင် ဖြစ်သည်။ အဆိုပါ သတင်းတွင် ဖုန်းလက်ခံ နားထောင်သူဘက်မှ ဆက်သွယ် ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိစေနိုင်သည့် CLIR ဝန်ဆောင်မှုကို Ooredoo ကုမ္ပဏီက တစ်လအတွက် ကျပ် ၂၅၀၀ နှုန်းဖြင့် ပေးမည် ဖြစ်ကြောင်း ဖော်ပြထား သည်ကို ဖတ်ရှုရသည်။ နည်းပညာ တိုးတက်မှု တစ်ရပ်အဖြစ် လက်ခံအသိအမှတ် ပြုရမည် ဖြစ်သော်လည်း အဆိုပါ နည်းပညာနှင့် ဝန်ဆောင်မှုသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးနှင့် ဆိုးကျိုး မည်သည်ကို ပေးစွမ်းနိုင်မည်နည်း ဆိုသည်ကိုမူ ဆင်ခြင် သုံးသပ်ရလိမ့်မည်။

၁။ လူတိုင်းသည် မိမိထံ တယ်လီဖုန်း ဆက်သွယ် ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို သိမြင်ခွင့် ရှိရမည်။ ဤသည်မှာ တယ်လီဖုန်း သုံးစွဲသူတိုင်း၏ အခြေခံ အခွင့်အရေး တစ်ခုဖြစ်သည်။ ဆက်သွယ် ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိမမြင်နိုင်သည့် နည်းပညာ ဝန်ဆောင်မှုသည် တယ်လီဖုန်း သုံးစွဲသူတို့၏ အခြေခံ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သော ဝန်ဆောင်မှု ဖြစ်သည်။

၂။ ဆက်သွယ် ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိမမြင်နိုင်သည့် နည်းပညာ ဝန်ဆောင်မှုသည် တယ်လီဖုန်းဖြင့် ဆဲရေးခြိမ်းခြောက် နှောင့်ယှက် စော်ကားလိုသူများ၊ အမုန်းတရားနှင့် ပဋိပက္ခ ဖန်တီးလိုသူများအတွက် အခွင့် အလမ်း ပိုမိုရရှိစေမည့်၊ ပိုမိုရဲတင်း လာစေမည့် အနေအထား တစ်ရပ်ကို ရရှိစေသည်။

၃။ အဆိုပါ နည်းပညာ ဝန်ဆောင်မှုကြောင့် အမျိုးကောင်းသား အမျိုးကောင်း သမီးများထံ ရင့်သီးရိုင်းပျသည့် ဖုန်းခေါ်ဆိုမှုများ၊ ဆဲရေး ခြိမ်းခြောက် နှောင့်ယှက်မှုများ၊ ဣနြေ္ဒသိက္ခာကို ပျက်ပြား ထိခိုက်စေသည့် ဆက်သွယ် မှုများ ရောက်ရှိလာရန် အခွင့်အလမ်း များပြားစေသည်။

၎။ အဆိုပါ နည်းပညာ ဝန်ဆောင်မှုကို အသုံးချ၍ မည်သူမှန်းလည်း မသိရ၊ မည်သည့်နေရာက ဆက်သွယ် နေမှန်းလည်း မသိရသည့် တယ်လီဖုန်းပေါ်မှ ဆဲရေး ခြိမ်းခြောက် နှောင့်ယှက်မှု များကြောင့် မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်းရှိ မတူညီသော ယုံကြည် ကိုးကွယ်မှု ရှိသူများ၊ မတူညီသော သဘောထားအမြင် ရှိသူများ အကြားတွင် တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားစေမည့် လုပ်ကြံ ဖန်တီးမှုများ ဖြစ်ပေါ်လာရန် အခွင့်အလမ်း များပြားစေသည်။

၅။ အဆိုပါ နည်းပညာ ဝန်ဆောင်မှုကြောင့် ဖြစ်ပေါ်လာမည့် လူမှုပြဿနာ အရှုပ်အထွေးများ၊ အထင်အမြင် လွဲမှား မှုများ၊ ပဋိပက္ခများကို ဝန်ဆောင်မှု ပေးသည့် ဆက်သွယ်ရေး ကုမ္ပဏီကဖြစ်စေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကဖြစ်စေ တားဆီးဖြေရှင်း ပေးနိုင်မည့် အလားအလာမှာ နည်းပါး ခဲယဉ်းနေသည်။ သို့ဖြစ်ရာ ဆက်သွယ် ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိစေနိုင်သည့် အဆိုပါ နည်းပညာနှင့် ဝန်ဆောင်မှုသည် မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပေးနိုင်သည်ဟု ဆင်ခြင် သုံးသပ်သည်။

ထို့ကြောင့် အဆိုပါ ဝန်ဆောင်မှုကို ပေးမည်ဟု ရည်ရွယ် လုပ်ဆောင်နေသော ဆက်သွယ်ရေး ကုမ္ပဏီအနေနှင့် ယင်းဝန်ဆောင်မှုကို မစတင်မိစေရန်နှင့် စတင်ပြီးသား ဖြစ်လျှင် ရပ်စဲရန် လိုအပ်သည်။ မည်သည့် ဆက်သွယ်ရေး ကုမ္ပဏီပင်ဖြစ်စေ သုံးစွဲသူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို ထိပါးစေနိုင်သည့် အလားတူ ဝန်ဆောင်မှုများ ပေးခြင်းကို မပြုလုပ်ရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနှင့် ဆက်သွယ်ရေး ကုမ္ပဏီ များက သုံးစွဲသူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို ထိပါးစေနိုင်သည့် ဝန်ဆောင် မှုများ ပေးခြင်းကို တားမြစ် ပိတ်ပင်ရန် လိုအပ်သည်။ ပြည်ထောင်စု လွှတ်တော် အနေနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ ဆောင်ရွက်မှုများကို ကြည့်ရှုထိန်းညှိရန် လိုအပ်သည်။ လူမှုအဖွဲ့အစည်း များကလည်း ဆက်သွယ်ရေး ကုမ္ပဏီများ၏ သုံးစွဲသူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း လုံခြုံတည်ငြိမ်မှုကို ထိပါးစေနိုင်သည့် ဝန်ဆောင်မှုများကို ကန့်ကွက် တားဆီးရန် လိုအပ်သည်။

စင်စစ်တွင် ဆက်သွယ် ခေါ်ဆိုသူ၏ ဖုန်းနံပါတ်ကို မသိမမြင်နိုင်သည့် အဆိုပါ နည်းပညာ ဝန်ဆောင်မှုနှင့် အလားတူ ဝန်ဆောင်မှုများသည် သောကမီးစာများ၊ ပဋိပက္ခ မီးစာများ ဖြစ်သည့်အတွက် အလိုမရှိအပ်သော ဝန်ဆောင်မှုများသာ ဖြစ်ကြောင်း သိစေအပ်ပေသည်။


ရဋ္ဌပါလ
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...