တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မြေပုံ

ဘဝ တစ်ဆစ်ချိုးဟုတော့ ဆိုကြသည်။ အချို့သူတွေ အတွက် တစ်ဆစ် မချိုးတောင်မှ အပြောင်းအလဲ တစ်ရပ်ကို ဖော်ဆောင်ပေးသည့် နေရာမှာ တက္ကသိုလ်များ ဖြစ်သည်။ အခြေခံပညာမှ နောက် တစ်ဆင့်တွင် ပညာရပ်ဆိုင်ရာ များအပြင် လောကကြီး အတွင်း ချင်းနင်း ဝင်ရောက်ရေး အဓိက ဝင်ပေါက် နေရာလည်း ဖြစ်သည်။

အများနှင့်မတူ တစ်မူထူးခြားသော ဝင်ခွင့်ကြောင့် လျှောက်လွှာတင်ချိန် ကတည်းက အာရုံထွေပြားပြီး ရွေးချယ်စရာ ဘာသာရပ်နှင့် တက္ကသိုလ်များ တစ်ပုံတစ်ပင် ပေါ်ကာ ရည်ရွယ်ချက်နှင့် လမ်းလွဲတတ်သည်။ နိုင်ငံကျော် တက္ကသိုလ်၊ လူကြိုက်များသော ဘာသာရပ်များတွင် အုံနှင့်ကျင်းနှင့် စုပြုံတိုးလာသည်။

လူငယ်အများစု ကိုယ်တိုင်လည်း စိတ်ပါဝင်စားသော ဘာသာရပ်ကို ရွေးချယ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်း လာကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန်နေကြသည်။

“ခက်တာက ကျောင်းသားတွေက ဘာသာရပ်ကို ချစ်မြတ်နိုးတတ်အောင်၊ စိတ်ဝင်စားလာအောင် သေချာ မသင်ခဲ့ တော့လည်း နောက်ဆုံးတော့ ရောက်တဲ့နေရာ၊ ရတဲ့ဘာသာရပ်ကို အကောင်းဆုံး သင်ကြားမယ်ဆိုတဲ့ စိတ်ဝင်စား လိုမှုလေးပဲ အဓိကပါပဲ” ဟု ရုက္ခဗေဒ ကထိကဟောင်း ဆရာဦးလှမိုးက အကြံပြုသည်။

ကိုယ်ပိုင်ရမှတ်နှင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် ရွေးချယ်နည်းအတွက် အတွေ့အကြုံရှိ ပါမောက္ခများနှင့် ပညာရေး အသိုင်းအဝိုင်းက ယခုကဲ့သို့ လမ်းညွှန်ထားပါသည်။ 

ကျောင်းသားထက်ဝက်လျှော့မည့် နည်းပညာတက္ကသိုလ်

ပညာရေးဝန်ကြီးဌာနက နည်းပညာ တက္ကသိုလ် ၂၉ ခုလုံးအတွက် ဝင်ခွင့်ဦးရေကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင် တစ်ဝက်နီးပါး လျှော့ချမည် ဖြစ်ကြောင်း ကြေညာထားသည်။ ယခင်က နည်းပညာ တက္ကသိုလ် ဝင်ခွင့်ရဦးရေ တစ်သောင်းကျော် ရှိသည့်အနက် ၂၀၁၄ ခုနှစ်တွင် ၅၀၈၀ ဦးသာ လက်ခံသွားမည် ဖြစ်သည်။ နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ဝင်ခွင့်အရေအတွက် လျှော့ချပေးခြင်း ဖြစ်သောကြောင့် လျှောက်ထားသူများ အနေနှင့် အပြိုင်အဆိုင် ပိုတွေ့ရနိုင်ကြောင်း လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု ကော်မတီ၏ အသက်မွေးဝမ်းကျောင်း ပညာရေး ကော်မတီဝင် ဦးအောင်ဝင်းက ဆိုသည်။

ပညာသင်နှစ် ခြောက်နှစ် ကြာမြင့်မည် ဖြစ်ပြီး ရမှတ် တက္ကသိုလ်ဝင်တန်း အမှတ် ၃၈၀ နှင့်အထက် ရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း၊ အထူးပြု ဘာသာရပ်များကို တက္ကသိုလ်ဝင်တန်း ရမှတ်အလိုက် စိစစ်သွားမည် ဖြစ်သောကြောင့် အချို့ဘာသာရပ်များကို အောင်စာရင်းရမှတ် နည်းပါက ကိုယ်တိုင် ရွေးချယ်ခွင့်ရမည် မဟုတ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က ထုတ်ပြန်ထားသည်။

နည်းပညာတက္ကသိုလ် စိတ်ဝင်စားသော်လည်း လျှောက်ထားရန် အမှတ်မမီပါက အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းတွင် ဒီပလိုမာ သင်တန်းတက်ပြီး ထူးချွန်ကျောင်းသားအဖြစ် ထပ်မံရွေးချယ်ခံရလျှင် အင်ဂျင်နီယာဘွဲ့ ရနိုင်ကြောင်း ဦးအောင်ဝင်းက ဆိုသည်။

အင်ဂျင်နီယာ ဘာသာရပ်များအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မြို့ပြ၊ လျှပ်စစ်နှင့် စက်မှု အထူးပြု ဘာသာရပ် များသည် အလုပ်အကိုင် အခွင့်အလမ်းအတွက် ပိုအားသာချက် ရှိနိုင်ကြောင်း ၎င်းကခန့်မှန်းသည်။

ရမှတ် ၅၀၀ နီးပါး ရှိသူများအတွက် ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် (COE) ကို လျှောက်ထားနိုင်ပြီး အဆိုပါ တက္ကသိုလ် ပြီးဆုံးထားသူများအတွက် နိုင်ငံတကာ အင်ဂျင်နီယာ ပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုရန် အခွင့်အလမ်းများ ရှိကြောင်း နည်းပညာ တက္ကသိုလ် အသိုင်းအဝိုင်းက ဆိုသည်။ 

ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့်


၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ကွန်ပျူတာပညာ စိတ်ဝင်စားသူများအနက် ရမှတ် ၄၈၀ နှင့် အထက်ရှိသူများက ရန်ကုန် (ဗဟန်း) နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ် (COE) ကို ဦးစားပေး လျှောက်ထားနိုင် ပြီး ရမှတ် ၃၆၅ နှင့်အထက် ရှိသူအတွက်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကွန်ပျူတာ တက္ကသိုလ် ၂၄ ခုတွင် လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က ထုတ်ပြန်ထားသည်။

သာမန် ကွန်ပျူတာ တက္ကသိုလ်များမှ ပြီးဆုံးထားသူများသည် ကွန်ပျူတာ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာ နည်းပညာဘွဲ့ ကိုသာ ရရှိမည် ဖြစ်သော်လည်း COE ပြီးဆုံးထားသူများက ဘာသာရပ်ခြောက်ခုကို စိတ်ကြိုက်ရွေးချယ်၍ အထူးပြုဘွဲ့ ရယူနိုင်သည်။

နိုင်ငံတကာ အစိုးရ၏ ပံ့ပိုးမှုများကြောင့် COE တက္ကသိုလ်များမှ ပြီးဆုံးထားသူများသည် ပညာဆက်လက် သင်ကြားခွင့်နှင့် လုပ်ငန်း ကျွမ်းကျင်မှုတွင် အခက်အခဲ မရှိနိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ကြ သည်။

နည်းပညာ တက္ကသိုလ်ဝင်ခွင့် အမှတ်နည်းသူများအတွက် အစိုးရ စက်မှုလက်မှု သိပ္ပံမှတစ်ဆင့် နည်းပညာ တက္ကသိုလ်သိုလ်သို့ ပေါင်းကူးခွင့် ရှိသော်လည်း ကွန်ပျူတာ တက္ကသိုလ်များအတွက် သတ်မှတ်ရမှတ် ပြည့်မီမှသာ တက်ရောက်ခွင့် ရနိုင်သည်။ 

ပျိုပျိုမေတို့အတွက် လေကြောင်းတက္ကသိုလ်

အမျိုးသမီး လေယာဉ်မောင်း အိပ်မက်မက်နေသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူများအတွက် အခွင့်အလမ်း သစ်တစ်ခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။

မကွေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က ယခု ပညာသင်နှစ်တွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်းကို ပထမဆုံး လက်ခံခဲ့ပြီး ၂၀၁၄-၂၀၁၅ တက္ကသိုလ် ပညာသင်နှစ် တွင် ဝင်ခွင့်ဦးရေ ၁၄၀ ဦး ခွင့်ပြုထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာထားသည်။ ယခင်ပညာ သင်နှစ်က ကျောင်းသား ၁၅၀ ဦးသာ လက်ခံခဲ့ရာမှ ယခုနှစ်တွင် ဝင်ခွင့်ဦးရေ လျှော့ချပြီး မိန်းကလေးများကိုပါ စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခင်က အာကာသပညာနှင့် လေယာဉ်မှူး စိတ်ဝင်စားသော မိန်းကလေးများက နိုင်ငံတကာ လေကြောင်း တက္ကသိုလ် များတွင်သာ သွားရောက် သင်ကြားခွင့် ရခဲ့သည်။

လေကြောင်းတက္ကသိုလ် စိတ်ဝင်စားသူများအတွက် တက္ကသိုလ်ဝင်တန်း ရမှတ် ၄၂၀ နှင့်အထက် သတ်မှတ် ထားပြီး လျှောက်ထားသူတိုင်းကို လူတွေ့စစ်ဆေးသွားမည် ဖြစ်သည်။ စိတ်ဝင်စားသူများက လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ ဦးစားပေးနေရာတွင် ထည့်သွင်း လျှောက်ထားနိုင်သည်။
လူကြိုက်မြဲ ဥပဒေ၊ အင်္ဂလိပ်စာနှင့် နိုင်ငံတကာ ဆက်ဆံရေး

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် နှစ်စဉ်နှစ်တိုင်း လူကြိုက် အများဆုံးဘာ သာရပ်စာရင်း၌ ထိပ်ဆုံးရောက် ဥပဒေ ပညာ၊ အင်္ဂလိပ်စာနှင့် နိုင်ငံတကာ ဆက်ဆံရေးပညာ (IR) တို့က လာမည့်နှစ် များတွင်လည်း ဆက်လက် လူကြိုက်များနိုင်ကြောင်း တက္ကသိုလ် ကထိကဟောင်း ဦးလှမိုးက သုံးသပ်သည်။

သို့သော် အလုပ်အကိုင်ဘက်တွင် အမှန်တကယ် လေ့လာသူများသာ အခွင့်အလမ်း ရနိုင်ပြီး နှစ်စဉ် ထောင်နှင့် ချီသော အထူးပြုဘာသာရပ် ကျောင်းသား၊ ကျောင်းသူတို့အတွက် ဘွဲ့နှင့်ဆက်စပ်သော လုပ်ငန်းခွင် ရှားပါးမှု ကြုံတွေ့နေရဆဲ ရှိသည်။ 

“သေချာတာကတော့ ဘယ်ဘာသာနဲ့ဘွဲ့ရရ အလုပ်ခွင်မှာ အဆင်ပြေတာ တစ်ခုမှ မရှိသေးဘူး” ဟု ၎င်းက ပကတိ အခြေအနေကို ဝေဖန်သည်။

မည်သို့ပင်ဆိုစေ ပညာရပ်ကို စိတ်ဝင်သူ လူငယ်များ၊ ဘွဲ့တစ်ခုခု လက်ဝယ်ပိုင်ဆိုင်လိုသော လူငယ်များအတွက် ဝိဇ္ဇာ၊ သိပ္ပံ အထူးပြုဘာသာများကို လျှောက်ထား နေကြမြဲ ရှိသေးသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနက ရေပေါ်ရေအောက် သုတေသန လုပ်ငန်းများအတွက် အဓိက သင်ကြားသော အဏ္ဏဝါသိပ္ပံ၊ ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးအတွက် အခြေခံ ဖော်မြူလာနှင့် နည်းပညာတို့ကို သင်ကြားသော ကုန်ထုတ်ဓာတု၊ ဘူမိဗေဒနှင့် သံတမန် ဆက်ဆံရေးအကြောင်း စိတ်ဝင်စားသူတို့အတွက် နိုင်ငံတကာ ဆက်ဆံရေး အထူးပြု ဘာသာရပ်များတွင် လူတွေ့စစ်ဆေးခံရန် လိုအပ်သည်။

အလားတူ ရူပဗေဒ စိတ်ဝင်စားသူများအနက် နျူကလီးယား ဘာသာရပ်ကို စိတ်ဝင်စားသူများသည် သီးသန့် လျှောက်ထားရန် လိုအပ်ပြီး ရူပဗေဒ ဂုဏ်ထူးမှတ်၊ သင်္ချာတွင် ရမှတ် ၇၀ နှင့်အထက်၊ အင်္ဂလိပ်စာတွင် ရမှတ် ၆၀ နှင့်အထက် သတ်မှတ်ထားသည်။ 

အနုပညာတက္ကသိုလ် အလားအလာ

နိုင်ငံတကာ ရုပ်ရှင်များ လွှမ်းမိုးနေချိန် ရုပ်ရှင်ကဏ္ဍ တစ်ခန်းရပ် ပြန်ပေါ်လာချိန် အနုပညာ ဘာသာရပ် စိတ်ဝင် စားသူများက ရုပ်ရှင်နှင့် ပြဇာတ် အထူးပြု ဘာသာရပ်ကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တို့တွင် တက်ရောက်နိုင်သည်။ ရမှတ် ကန့်သတ်ချက် မရှိသော်လည်း လူတွေ့စစ်ဆေးမှုနှင့် ဝင်ခွင့်ဦးရေ ကန့်သတ်ချက် တွင် အခက်အခဲ ရှိနိုင်သည်။

ဇာတ်ညွှန်း၊ စီစဉ်ညွှန်ကြားမှုပညာ (ဒါရိုက်တာ)၊ ရုပ်ရှင်ဓာတ်ပုံ၊ သရုပ်ဆောင်နှင့် တည်းဖြတ်ပညာတို့ကို သင်ကြားပေးမည် ဖြစ်သောကြောင့် အမှန်တကယ် စိတ်ဝင်စားသူများအတွက် ပြင်ပ ဒီပလိုမာ သင်တန်းများကို အားကိုးရန် မလိုအပ်တော့ချေ။

ယခင်က အလုပ်အကိုင် မသေချာမှုများနှင့် ရမှတ်ဦးစားမပေးဘဲ အနုပညာ ဝါသနာကို ဦးစားပေးခြင်းကြောင့် ယဉ်ကျေးမှု တက္ကသိုလ်ကို သိရှိသူ နည်းပါးသော်လည်း ယခုနောက်ပိုင်း နိုင်ငံကျော် အနုပညာရှင် အများစုကို မွေးထုတ် ပေးနိုင်ခဲ့ခြင်းကြောင့် စိတ်ဝင်စားသူများ တစ်ဖန်မြင့်တက်လာသည်။

ရုပ်ရှင်ဘာသာရပ်အပြင် ပန်းချီ၊ ပန်းပု၊ သဘင်နှင့် ဂီတပညာရပ် များကိုလည်း စိတ်ပါဝင်စားသည့် အလျောက် ယဉ်ကျေးမှု တက္ကသိုလ်တွင် သွားရောက် လျှောက်ထားပြီး ဝင်ခွင့်ဖြေဆိုနိုင်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဘာသာရပ်အစုံနှင့် ထူးချွန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ဝင်ခွင့်

ပညာရေးဝန်ကြီးဌာန၏ ထူးချွန်ကျောင်းသား လေ့ကျင့်ပျိုးထောင်ရေး အစီအစဉ်အရ ၂၀၁၃ ခုနှစ်ကစပြီး ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များထဲမှ ရမှတ်အမြင့်ဆုံး ကျောင်းသား၊ ကျောင်းသူများကို စိစစ်ပြီး ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် (COE) တွင် ထူးချွန်ဘွဲ့ကြို ကျောင်းသားများအဖြစ် လက်ခံခဲ့သည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်မူ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာတို့တွင် ရမှတ် ၉၀ ဖြင့် ကန့်သတ်ခေါ်ယူပြီး ကျန် သမိုင်း၊ ဒဿနိက၊ စိတ်ပညာ၊ ဥပဒေပညာနှင့် အရှေ့တိုင်း ဘာသာရပ်တို့တွင် အင်္ဂလိပ်စာရမှတ် အနည်းဆုံး ၆၅ မှတ် သတ်မှတ်ကာ ရမှတ် ၃၈၀ နှင့် အထက် ရှိသူတိုင်းကို ဝင်ခွင့်ခေါ်ယူရန် ကြေညာထားသည်။

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့တွင် နိုင်ငံဖွံ့ဖြိုးရေး စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် ယခုနှစ်မှ ထပ်တိုးခဲ့သော နိုင်ငံရေးသိပ္ပံ၊ မြန်မာမှုပညာနှင့် ကွန်ပျူတာသိပ္ပံ အပါအဝင် ဘာသာရပ်ပေါင်း ၂၀ နီးပါးရှိပြီး စိတ်ဝင်စားသော ဘာသာရပ်ကို တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာတွင် ဦးစားပေး ထည့်သွင်း လျှောက်နိုင် သည်။

ယခုနှစ်အတွက် ဘာသာရပ်အလိုက် အမှတ်စာရင်းများ လျှော့ချပေးထားပြီး ဝင်ခွင့်ဦးရေ ထပ်တိုးပေးထား သောကြောင့် လျှောက်ထားသူများအတွက် အခွင့်အလမ်း ပိုရသည်။ အလားတူ အမေရိကန်နှင့် ဗြိတိန် ထိပ်တန်း တက္ကသိုလ်များ၏ အထောက်အပံ့ တို့ကြောင့် ဘာသာရပ်ဆိုင်ရာအလိုက် ပညာဆက်လက် သင်ကြားခွင့် အလား အလာများစွာ တွေ့ရသည်။ သို့သော် သင်ကြားမှုပိုင်းတွင် သင်ရိုးမာတိကာနှင့် သင်ကြားရေး အခြေခံ လိုအပ်ချက် အားလုံး အခြား ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များနှင့် ကွဲပြားမှု မရှိသေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန် ထောက်ပြမှုများရှိသည်။

မည်သို့ပင်ဆိုစေ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်ပံ့ပိုးပေးပြီး လစဉ် ထောက်ပံ့ကြေး ပေးသည့်အတွက် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားသူ တက္ကသိုလ်ဝင်တန်း ရမှတ်မြင့်သူများက စိတ်ဝင်စားလျက် ရှိသည်။ 

နိုင်ငံခြားဘာသာ လေ့လာလိုသူများအတွက် တက္ကသိုလ်

နိုင်ငံတကာ ဘာသာစကားများကို လေ့လာလိုသူများနှင့် ဧည့်လမ်းညွှန် စိတ်ဝင်စားသူအချို့က ရန်ကုန်နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်များကို ရွေးချယ်နိုင်သည်။

အနိမ့်ဆုံးရမှတ် ၄၀၀ နှင့်အထက် ရှိသူများက ရုရှား၊ ဂျာမန် ဘာသာရပ်များကို ရွေးချယ်နိုင်ပြီး တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ကိုရီးယားနှင့် ဂျပန် ဘာသာစကားတို့တွင် ရမှတ် အတိတကျ သတ်မှတ်ချက် မရှိသော်လည်း တက္ကသိုလ် ဝင်တန်း ရမှတ် ၄၅၀ နှင့်အထက် ရှိသူတို့သာ ဝင်ခွင့်ရဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ် အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုင်းဘာသာစကား စိတ်ဝင်စားသူများအတွက် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်သာ တက်ရောက်နိုင် သောကြောင့် ယင်းဘာသာ တက္ကသိုလ်တွင် အထူးပြု ဘာသာစကား ရှစ်မျိုးနှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ခုနစ်မျိုး သင်ကြားနိုင်သည်။ 

စီးပွားရေးနှင့် ဖွံ့ဖြိုးရေး စိတ်ဝင်စားသူများအတွက် စီးပွားရေးတက္ကသိုလ်

ဘောဂဗေဒ ဘာသာတွဲနှင့် အောင်မြင်ထားသူများ အများဆုံး ရွေးချယ်သော တက္ကသိုလ်စာရင်းတွင် ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာ စီးပွားရေး တက္ကသိုလ်တို့လည်း ပါဝင်သည်။ စာရင်းအင်းပညာ၊ ဝါဏိဇ္ဇ၊ ဖွံ့ဖြိုးရေး၊ အသုံးချ ဘောဂဗေဒနှင့် စာရင်းကိုင်ပညာ အထူးပြု ဘာသာရပ်အလိုက် ဘွဲ့အမျိုးအစား ပြောင်းလဲသွားသည်။ ဘာသာရပ် တိုင်း ရမှတ် ၅၀ စီနှင့် ရမှတ် ၃၅၀ အထက် ရှိမှသာ ဝင်ခွင့် လျှောက်ထားခွင့်ပြုမည် ဖြစ်သည်။

ပထမနှစ် တက်ရောက်ပြီးမှသာ ဘဏ်လုပ်ငန်းဆိုင်ရာ အပါအဝင် အခြားစီးပွားရေးပညာ ဘာသာရပ်များကို ပြန်လည် ခွဲခြားသည့်အတွက် ဘာသာရပ် ရွေးချယ်မှုပိုင်းတွင် အခက်အခဲ မရှိနိုင်တော့ပါ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စီးပွားရေး တက္ကသိုလ်အားလုံး၌ ကျောင်းသားဦးရေ ၃၆၀၀ လက်ခံသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။ 

အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်က အသက်မွေးပညာဘွဲ့များ

လွန်ခဲ့သော ခုနစ်နှစ်ကမှ ရန်ကုန်မြို့တွင် ပထမဆုံး ဘွဲ့ကြိုသင်တန်းများ လက်ခံပေးခဲ့သော ဗိုလ်တထောင်မြို့နယ် ရှိ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်း ပညာဘွဲ့များဖြစ်သော စီးပွားရေး စီမံခန့်ခွဲမှုပညာ၊ သတင်းနှင့် စာနယ်ဇင်းပညာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ပညာ၊ ကျွမ်းကျင် အင်္ဂလိပ်စာပညာ အထူးပြု ဘာသာရပ်များကို သင်ကြားမည် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ထုံးစံအတိုင်း ရမှတ်အနည်းငယ် မြင့်ပြီး လူဦးရေ ကန့်သတ်ချက် ရှိသည်။ သတင်းနှင့် စာနယ်ဇင်း အတတ်ပညာအတွက် ရမှတ် ၄၄၀ ဝန်းကျင် ရှိသူတိုင်း လျှောက်ထားခွင့် ရှိသလို စီမံခန့်ခွဲမှုပညာ စိတ်ဝင်စားသူများက ရမှတ် ၄၆၀ နှင့် အထက်ရှိလျှင် ဦးစားပေး လျှောက်ထားနိုင်သည်။

အလားတူ ဟိုတယ်နှင့် ခရီးသွားလာရေးပညာ၊ ကျွမ်းကျင် အင်္ဂလိပ်စာပညာ သင်တန်းတို့ကိုလည်း တက္ကသိုလ် ဝင်တန်း ရမှတ် ၄၅၀ နှင့်အထက်ရှိသူတိုင်း အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်မှ လျှောက်လွှာ ခေါ်ယူစဉ်တွင် တိုက်ရိုက် လျှောက်ထားခွင့် ရှိသည်။ 

တိ/မွေးကု၊ စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်

ဝင်ခွင့်စာမေးပွဲ သီးသန့် ဖြေဆိုရမည့် တက္ကသိုလ်များအနက် နေပြည်တော် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် သစ်တော တက္ကသိုလ်တို့သည် နယ်မြို့များရှိ တက္ကသိုလ် ဝင်တန်း အောင်မြင်ထားသူများအကြား လူကြိုက်အများဆုံး ဖြစ်နေသေးသည်။

လူဦးရေ သတ်မှတ်ချက်နှင့် အရည်အသွေးကို အဓိကထား သင်ကြားသောကြောင့် အသက်မွေးဝမ်းကျောင်းပညာ စိတ်ဝင်စားသူများက ဦးစားပေး လျှောက်ကြသည်။ ယင်းတက္ကသိုလ် ဝင်ခွင့်များအတွက် ဇီဝဗေဒ ဘာသာတွဲနှင့် အောင်မြင်သူများသာ လျှောက်ထားခွင့် ရှိသည်။

၂၀၁၄-၂၀၁၅ ခုနှစ် မွေးမြူရေး ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးလက်ခံပြီး ဇီဝဗေဒ၊ မွေးမြူရေး ဗဟုသုတနှင့် အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်မှသာ ဝင်ခွင့်လက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။

အလားတူ စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်တို့ အတွက်လည်း လူတွေ့စစ်ဆေးခြင်း၊ ဘာသာရပ်ဆိုင်ရာနှင့် ကျန်းမာရေး စစ်ဆေးခြင်းခံယူရန် လိုအပ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာထားသည်။

နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်း၏ အသက်သွေးကြော လယ်ယာစိုက်ပျိုးရေးအတွက် သုတေသနနှင့် နည်းပညာ သစ်များ စိတ်ဝင်စားသူတိုင်းအတွက် လက်တွေ့နှင့် စာတွေသင်ကြားခွင့် ရလိုလျှင် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကို ရွေးချယ်နိုင်သည်။ အဆိုပါ တက္ကသိုလ် အားလုံးအတွက် ဝင်ခွင့်လျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာတွင် ကြေညာသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံတကာတွင် တက္ကသိုလ် တစ်ခုတည်းတွင် မဟာဌာနပေါင်းစုံမှ စိတ်ကြိုက် ဘာသာရပ်တစ်ခုကို ရွေးချယ် သင်ကြား ကြသော်လည်း မြန်မာနိုင်ငံတွင် ဘာသာရပ်တစ်ခုကို တက္ကသိုလ်တစ်ခု အနေနှင့် တစ်သီးတစ်သန့် လျှောက်ရဆဲ ရှိသေးသည်။ ယင်းအပြင် တက္ကသိုလ် ဝင်ခွင့်တိုင်းအတွက် လူတွေ့စစ်ဆေးမေးမြန်းပြီး ဝင်ခွင့် စာမေးပွဲ ဖြေဆိုရမည့်စနစ်ကို အစိုးရ၏ ပညာရေးပြောင်းလဲမှု စီမံကိန်းတွင် ထည့်သွင်း စဉ်းစားရန် ပညာရေး ပြုပြင်ပြောင်းလဲမှု လှုပ်ရှားသူများက တောင်းဆိုထားသော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အထိ ပညာရေး ဝန်ကြီးဌာနက ပြင်ဆင်ထားခြင်း မရှိချေ။

ကျောင်းသား ၁၂၀၀ နီးပါး လက်ခံမည့် ဆေးတက္ကသိုလ် များတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ကျောင်းသား၊ ကျောင်းသူများကို အချိုးကျ လက်ခံမှု ရာခိုင်နှုန်း ထပ်တိုးမြှင့်ရန်နှင့် ဝင်ခွင့်လက်ခံမှု ပုံစံပြောင်းလဲရန် ယခုနှစ်အတွင်း ကျင်းပခဲ့သော ပညာရေး မြှင့်တင်မှု ဆွေးနွေးပွဲများတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က ပြောကြားထားသည်။

နိုင်ငံတကာ ပညာရေးအတိုင်း အမီလိုက်မည်ဟု နိုင်ငံတော်သမ္မတကိုယ်တိုင် ထုတ်ဖော် ပြောကြားနေချိန် လက်ရှိ ပကတိပညာရေး အဆင့်အတန်းက ရှေးရိုးစွဲ တက္ကသိုလ်ဝင်ခွင့်က ကိုယ်လွတ်ရုန်းမထွက်နိုင်သေး။ တက္ကသိုလ် ဝင်တန်းအောင် လူငယ်တိုင်းလိုလို၏ ရွေးချယ်စရာက နိုင်ငံပိုင် တက္ကသိုလ်များသာ။ ကမ္ဘာ့ပညာရေး အဖွဲ့အစည်း အချို့ အသိအမှတ်ပြု ပုဂ္ဂလိက တက္ကသိုလ်များက ဝေဝေဝါးဝါး၊ မပီမပြင်သာ ရှိသေးသည်။

ရမှတ်အနည်း၊ အများ ကွာခြားမှု မည်မျှပင်ရှိပါစေ ဝင်ခွင့်လမ်းညွှန် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများ အတွက် ကထိကဟောင်း ဦးလှမိုးက ယခုကဲ့သို့ အကြံပြု ပေးထားသည်။ 

“နောက်ဆုံးတော့ ရောက်တဲ့နေရာ ရတဲ့ဘာသာရပ်ကို အကောင်းဆုံး သင်ကြားမယ်ဆိုတဲ့ စိတ်ဝင်စားလို မှုလေးတွေက အဓိကပါပဲ”

လဲ့ရည်မြင့်

The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...