အရက်သောက်မှု ကျဆင်းစေရန် ဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ ယမကာ အရောင်းဆိုင် တစ်ဆိုင်၌ ယမကာ ၀ယ်ယူနေသူ တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

အရက်ယမကာ သုံးစွဲမှု လျှော့ချရေးအတွက် အချက် ငါးချက်ဖြင့် ထိန်းချုပ်ဆောင်ရွက် သွားမည်ဟု ဩဂုတ် လ ၂၈ ရက် ရက်နေ့က ပြုလုပ်သည့် အရက်ယမကာ သုံးစွဲမှုလျော့နည်းရေး မူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းအောင် က ပြောကြားခဲ့သည်။

အဆိုပါ အချက်ငါးချက်မှာ အရက်ဝယ် ယူရေးကို ခက်ခဲစေရန် စီစဉ်ခြင်း၊ အရက် ရောင်းချမှု ထိန်းချုပ်ခြင်း၊ အရက် ရောင်းအားမြှင့်တင်မှု ထိန်းချုပ်ခြင်း၊ ကုန်သွယ်မှု ထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက်ခံ ခြင်းတို့ဖြစ်သည်ဟု ၎င်းက ပြောသည်။ "ယနေ့ကာလမှာ အရက်သောက်သုံးမှု ဖြင့် နောက်ဆက်တွဲ ရာဇ၀တ်မှုများဖြစ်ပွား ကြတာ တွေ့ရှိရပါတယ်၊ အရက်ယမကာ သောက်သုံးမှုလျှော့ချရေးဆိုင်ရာ ကိစ္စများ ကို လူမှုရေးနဲ့ ယဉ်ကျေးမှုအရ ကျန်းမာရေး ရှုထောင့်မှာပါ စဉ်းစားရမယ့်အချိန်ဖြစ်လာ ပါပြီ။ မူဝါဒရှုထောင်က စဉ်းစားရင် လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ နည်းဗျူဟာများ ဟာ သက်ရောက်မှုရှိရဲ့လား၊ အကောင် အထည်ဖော်နေတဲ့ မဟာဗျူဟာများဟာ လည်း မူဝါဒ ဆိုင်ရာကို အထောက်အကူပြုနိုင်ရဲ့လားဆိုတာ ယေဘုယျအားဖြင့် သိနိုင် မှာဖြစ်ပါတယ်"ဟု ၎င်းက ပြော သည်။ "အရက်သုံးစွဲမှု လျော့နည်းစေရေးအတွက် မရှိမဖြစ်လိုအပ်တာက ပြည်ထောင်စုအဆင့်အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည် နယ်အဆင့်တွေမှာရှိတဲ့ လွှတ်တော် ကိုယ် စားလှယ်တွေ၊ အစိုးရအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်မှု၊ တာဝန်သိမှုနဲ့ တာဝန်ယူမှု တွေ ပီပီပြင်ပြင်ရှိဖို့ ဖြစ်ပါတယ်"ဟု ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောသည်။ အရက်သုံးစွဲမှု လျော့နည်းစေရေးကို ယစ်မျိုးဥပဒေတစ်မျိုးတည်းဖြင့် မဆောင်ရွက်နိုင်ဘဲ ဘက်ပေါင်းစုံမှ ဆောင်ရွက်မှု များကို အမြဲလေ့လာဆန်းစစ်နေမည့် အမျိုး သားအဆင့် သုတေသနနှင့် မူဝါဒဆိုင်ရာ ဌာနတစ်ခု(သို့မဟုတ်) သုတေသနဆောင် ရွက်သောဌာနများ ချိတ်ဆက်ထားသော ကွန်ရက်တစ်ခု ထူထောင်ရန် လိုသည်ဟု လည်း ၎င်းက ဆွေးနွေးခဲ့သည်။ "မြန်မာနိုင်ငံရဲ့ အရက် ယမကာ သောက်သုံးမှုကို လျော့နည်းစေရန် လုပ်ဆောင်မှုတွေမှာ ဥပဒေအသစ်တွေကို ပြဋ္ဌာန်းခြင်းမပြုနိုင်သေးတဲ့အပြင် လက်ရှိ ဥပဒေဘောင် အတွင်း ဆောင်ရွက်နိုင်တာတွေလည်း အားနည်းနေပါတယ်၊ ယာဉ်အန္တရာယ် ကာကွယ်ရေး အတွက် ယာဉ်မောင်းသူ တွေ အရက်မသောက်ရေး အရေးယူမှုများမှ လွဲပြီး အခြားအရေးယူမှုတွေ၊ စည်းမျဉ်းသတ် မှတ်မှုတွေမှာ အားနည်းနေပါတယ်" ဟု ဒေါက်တာသန်းစိန်က ဆွေးနွေးခဲ့သည်။ အရက်ထုတ်လုပ်ရောင်းချမှု အခွန်ကို နှစ်ဆတိုးမြှင့်ပေးရန် အဆိုပါဆွေးနွေးပွဲ တွင် အကြံပြုခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဆွေ က ပြောသည်။ "ကျွန်တော်တို့တစ်တွေက အရက် သောက်သုံးမှု ထိန်းချုပ်ရအောင် အကောင် အထည်ဖော်လို့ရတဲ့ အာဏာရှိသူတွေ မဟုတ်ပါဘူး၊ အခုလူတွေအရက် သောက်သုံး မှုများလာတဲ့ အတွက် အရက်သောက်သုံးမှု ကို လျှော့ချနိုင်ရေးအတွက် ဘယ်လို နည်း လမ်းတွေ လုပ်သင့်တယ်၊ ဘယ်လိုပြဿနာ တွေရှိတယ်ဆိုတာကို အကြံပြုပေးလို့ပဲ ရနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့ သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး၏ ဆေးရွက်ကြီးနှင့် အရက်ထုတ်ကုန် များတွင် အခွန် ၂၀၀ ရာခိုင်နှုန်းထိ တိုးကောက်မည့် အဆိုတင်သွင်းမှုကို လွှတ်တော်မှ ပယ်ချခဲ့သည်။ လက်ရှိတွင် အကောက်ခွန် ဦးစီးဌာနမှ သွင်းကုန်ထုတ်ကုန် အရက်၊ ဘီယာ၊ ၀ိုင်များ အတွက် တင်သွင်း ရောင်းချမှုကို ၅၀ ရာခိုင် နှုန်းအထိ ကောက်ခံလျက်ရှိသည်။ မြန်မာနိုင်ငံယမကာအသင်းမှ တာဝန်ရှိသူတစ်ဦးကမူ လုပ်ငန်းရှင်များအနေဖြင့် အစိုးရသို့ ယစ်မျိုးခွန်နှင့်ကုန်သွယ်မှု ပုံမှန် ပေးဆောင်နေရပြီး ယခုထက်ပိုပြီး အခွန်တိုးကောက်လာပါက ပြည်တွင်းယမကာ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအရ အနည်းငယ်ထိခိုက်နိုင်ကြောင်းပြောသည်။ အရက်ရောဂါကု စိတ်ရောဂါ ဆရာဝန်ကြီး ပါမောက္ခဒေါက်တာမောင်မောင် ကြီး၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ တွင် အရက်ကို စတင် သုံးစွဲသည့် အသက် အရွယ် အုပ်စုကိုလေ့လာရာတွင် ၁၅ နှစ်နှင့် ၂၅ နှစ် အရွယ်မှစ၍ အရက်ကိုသောက် သူ ၁၂ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိကြောင်း ဦးသိန်းဆွေက ပြောသည်။ ထို့ပြင် အရက်သောက်သုံးသည် လူငယ် ၁၅ နှစ်နှင့် ၂၅ နှစ်ကြား ပြဿနာဖြစ်သည့် ရာခိုင်နှုန်းမှာ ၁၄ ရာခိုင်နှုန်းရှိပြီး အိမ်တွင်းအကြိမ်းဖက်မှုကို ပြုလုပ်သည့် လူငယ်မှာ ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိရှိကြောင်း ၎င်းက ပြောသည်။


Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...