နေ့စဉ် သရက်သီး ၁၀၀ ဂရမ် စားသုံးခြင်းက အဝလွန်သူများ၏ သွေးအတွင်းမှ သကြားဓာတ် ပမာဏကို လျော့ကျစေဟုဆို

သရက်သီး သို့မဟုတ် သရက်သီးမှ ထုတ်လုပ် ထားသော အချိုရည်များကို နေ့စဉ်ပုံမှန် စားသောက်ခြင်း က အရွယ်ရောက် ပြီးသား အဝလွန် သူများတွင် သွေးအတွင်း သကြားပါဝင်မှု ပမာဏကို လျော့ကျစေပြီး ခန္ဓာကိုယ် အလေးချိန် အတွက်လည်း ဆိုးကျိုး သက်ရောက်ခြင်း မရှိကြောင်း လေ့လာမှု တစ်ခုတွင် တွေ့ခဲ့ရသည်။ ထိုလေ့လာမှုကို အမေရိကန်နိုင်ငံ အိုကလာ ဟိုးမားပြည်နယ်တွင် ပြုလုပ်ခဲ့ပြီး အသက် ၂၀ မှ ၅၀ အကြားရှိ အဝလွန်သူ ကျား၊ မ အယောက် ၂၀ ပါဝင်ခဲ့သည်ဟု သိရသည်။

လေ့လာသူများက လေ့လာမှုတွင် ပါဝင်သူများကို အေးခဲထားသော သရက်သီးခြောက်များ သို့မဟုတ် သရက်သီးမှ ထုတ်ယူထားသော အရည်များကိုနေ့စဉ်ဂရမ် ၁၀၀ နီးပါး စားသုံးစေခဲ့ပြီး ၎င်းတို့၏ ပြောင်းလဲမှုများကို လေ့လာခဲ့ သည်။ ၁၂ ပတ်ကြာ နေ့စဉ်ပုံမှန် သရက်သီးစားသုံးစေပြီး နောက်လေ့ လာမှုတွင်ပါဝင်သူများ၏ သွေးအတွင်း သကြားဓာတ်ပါဝင်မှု လျော့နည်းလာကြောင်း တွေ့ရှိခဲ့ရပြီး ထို သက်ရောက်မှုကို အမျိုးသမီးများတွင်သာမက အမျိုးသားများတွင်ပါ တွေ့ခဲ့ရသည်။ ယင်းအပြင် သရက်သီးစားသုံးခြင်းက အမျိုးသားများတွင် ကိုယ်အလေးချိန် အနည်းငယ်သာကျဆင်းသွားစေပြီး အမျိုးသမီးများတွင် ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲမှုမျိုးကို မတွေ့ခဲ့ရပေ။

“ဒီလေ့လာမှုအရ သရက်သီးကို ပုံမှန်စားသုံးခြင်းက အဝလွန်သူများအတွက် ၎င်းတို့သွေးအတွင်း သကြားဓာတ် ပါဝင်မှု ပမာဏကိုလျှော့ချရန် သို့မဟုတ် ထိန်းထားရန် အထောက်အကူ ပြုနိုင်ကြောင်းကို သက်သေပြခြင်းဖြစ် သည်ဟု လေ့လာမှုတွင်ပါဝင်သူတစ်ဦးက ဆိုသည်။ ထိုသို့ဖြစ်ရခြင်းက သရက်သီး တွင် bio-active ဒြပ်ပေါင်း များနှင့် သွေးအတွင်းမှ သကြားဓာတ်ကို ထိန်းသိမ်းရာတွင် အထောက်အ ကူဖြစ်စေသည့် antioxidant တစ်မျိုး ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း ယင်းက ထပ်မံပြောကြားခဲ့သည်။

သရက်သီးသည်ဗီတာမင် C ၊ ဗီတာမင် A နှင့် ဗီတာမင် B6 တို့ကြွယ်ဝစွာပါဝင်သော အသီးအနှံတစ် မျိုးဖြစ်ပြီး ယင်းတွင်သွေးအတွင်းသို့ သကြားဓာတ်များဝင်ရောက်ခြင်းကို လျော့ကျစေသည့် အမျှင် ဓာတ်တစ်မျိုးပါ ပါဝင် သည်ဟုလည်း သိရသည်။ သို့သော် ယခုလေ့လာတွေ့ရှိမှုသည် ကနဦးရလဒ် တစ်ခုသာဖြစ်ပြီး ယင်းကို ဆေးပညာ ဆိုင်ရာ စမ်းသပ်မှုများ ထပ်မံပြုလုပ် ရဦးမည်ဟုလည်း ယခုလေ့လာ မှုကိုဦးဆောင်ပြုလုပ်ခဲ့သူ ဒေါက်တာလူးကပ်စ်က ပြောကြားခဲ့သည်။ 


Democracy Today Daily
စက်တင်ဘာ (၁၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...