မာန်လုပ်လျှင် လွယ်သည်သာပ

rantsofamuslima
Written by ခင်မောင်ဌေး (ပညာရေး)

လူမှု ပတ်ဝန်းကျင်သည် အလွန်ပင် ကျယ်ဝန်း လှပါသည်။ မိမိနှင့် ပတ်သက်သည့် အလုပ်ဌာန၊ မိမိတို့ပါ ဝင်ရာ အသင်းအပင်း၊ အဖွဲ့အစည်း များတွင် ပါဝင် လှုပ်ရှားရ၏။ မိမိတို့နေထိုင်ရာ ရပ်ရွာအတွင်း၌ လည်း သင့်တင့် လျောက်ပတ်စွာ ပေါင်းသင်း ဆက်ဆံရ၏။ သို့ဖြစ်၍လည်း လူသည် ပေါင်းသင်း ဆက်ဆံရေး သတ္တဝါ (Social Beings) ဟု ဆိုခြင်းဖြစ်သည်။

လူတို့သည် အတ္တကြီးသည်မှာ အမှန်ဖြစ်၏။ “ငါ” တည်းဟူသော အတ္တလွန်ကဲ စိတ်ကြီး ဝင်တတ်သည် ဖြစ်ရာ လူ့အဖွဲ့အစည်းအတွင်း ပေါင်းသင်း ဆက်ဆံ ကြရာ တွင် ယင်းအတ္တ၊ မာနများကို မပယ်ခွာနိုင် သရွေ့ အဆင်ပြေချောမွေ့မှု မရှိနိုင်သည်ကို တွေ့ရတတ်၏။ လူ အများနှင့် ဆက်ဆံရာတွင် မိမိဖြစ်လိုသည့် ဆန္ဒတစ်ခု တည်းကို ရှေ့တန်းတင်၍ မိမိ၏ အမြင်တစ်ခု တည်းနှင့် မရနိုင်။ နှစ်ဖက်စလုံး အဆင်ပြေ နိုင်မည့်လမ်းကိုသာ ရွေးချယ်၍ပြုမူ ဆက်ဆံခြင်းဖြင့်သာ အဆင်ပြော လွယ်ကူမှု ကို ဖြစ်စေနိုင်ပါသည်။

“ဘဝင် မမြင့်ပါနှင့် ဘဝမြှင့်ပါ” ဆိုသည့် လမ်းညွှန်စကား ရှိသည်။ မိမိဘဝ အနေကိုမြှင့်တင်နိုင်ရန် မည်သို့ သော ရိုးသားကြိုးစာမှုမျိုးဖြင့် ပုံဖော်ဖန်တီးသင့်သည်ကို အစဉ်သတိချပ်သင့်၏။ မိမိ၏ အတတ်ပညာ ဂုဏ်၊ ကြွယ်ဝမှုဂုဏ်၊ သြဇာအာဏာ အရှိန်အဝါဂုဏ်တို့ဖြင့် မော်ကြွားမှုသည် မောက်မာမှုပင်ဖြစ်သည်။ စိတ်ဘဝင်မြင့်ကာ မည်သူနှင့်မျှ ပြောဆိုဆက်ဆံမှုမရှိခြင်း၊ ပြောဆိုရာတွင်လည်း ပြေပြစ်ချောမွေ့မှုမရှိ ခြင်းသည် တစ်ကိုယ်ကောင်းဆန်သည့်စိတ်ကို ဖြစ်စေပါသည်။

“မာန်တက်လျှင် ဟန်ပျက်မည်။ မာန်ချလျှင် ဟန်ကျမည်” ဆိုသည့် စကားမှာအလွန်ပင်မှတ်သားလိုက် ပါသည်။ လူတို့တွင် မာန်မာနခံနေလျှင် တတ်သင့်သည့်ပညာတွင်လည်း အဟန့်အတားဖြစ်၏။ ပြောဆို ဆက်ဆံရာတွင် လည်း အဖုအထစ်ရှိနိုင်၏။ မိမိသည်မည်သို့သောလူ၊ မည်သို့သောအဆင့်ပင် ဖြစ်စေကာမူ မိမိ၏မာန်မာနကို လျှော့ချနိုင်မှသာ အောင်မြင်မှုကို ခံစားရနိုင်မည်ဖြစ်၏။

ပညာရှာရာတွင် “ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးနှင့်၊ ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍားပမာ” ပြုရမည်ဆိုခြင်းမှာ မာန်မာနကို လျှော့ချစေခြင်းပင်ဖြစ်သည်။

စင်စစ်လူတို့၏ နှလုံးသားကို အဓိက ထိန်းကျောင်းပေးနေသည်မှာ စာနာစိတ် ပင်ဖြစ်သည်။ မိမိကိုယ်တိုင် အခြား ခံစားမှု စိတ်နယ်ပယ် တစ်ခုတွင် ထပ်တူထပ်မျှ ခံစားနိုင်မှသာ ယင်းစာနာစိတ်ကို နားလည် ခံစားနိုင်မည်ဖြစ်သည်။ ယင်းစိတ်ဖြစ်ပေါ် လာသူများသည် ညင်သာသိမ်မွေ့သော စိတ်နှလုံးရှိကာ ချို သာပြေပြစ်သော လူမှုဆက်ဆံရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

မာန်မာနနှင့် ပတ်သက်၍ ငယ်မည် “မောင်မာ” ဟုတွင်ခဲ့သည့် မန်လည်ဆရာတော်ကြီးက “မာန်မလုပ်ချင်ဘု မာန်လုပ်လျှင် လွယ်သည်သာပ ငယ်မည်မှာ နကိုသတ်ရုံပဲ” ဟု လွယ်လွယ်ကူကူပင် ဆုံးမတော်မူခဲ့ပါသည်။

‘နိဝါတ’ သည် နှိမ့်ချမှုဖြစ်သည်။ မိမိကိုယ်ကို နှိမ့်ချနိုင်သမျှ အကျိုးရှိနိုင်၏။ သို့ဖြစ်၍ “လူ့အောက်ကျို့ ၍ လူမပိ” ဟူ၍ပြောဆိုကြခြင်းဖြစ်၏။ ‘မာန’ သည်ထောင်လွှားမှုဖြစ်၏။ မည်သို့သောထောင်လွှားမှုမျိုး မှအကျိုးမရှိ။ ထို့ပြင် မိမိအတွက် ဘေးဥပါဒ်ပင် ကြီးစွာကြုံတွေ့နိုင်လေ့၏။ လူတို့သည် အောက်ပါအ ခြေအနေအရပ်ရပ်တွင် မာနထောင်လွှား တတ်ကြသည် ကိုတွေ့ရ၏။

၁။ ဇာတိမာန-ဇာတိကိုစွဲ၍ မာန်ထောင်ခြင်း

၂။ ဣဿရိယမာန-အစိုးရခြင်းကိုစွဲ၍ မာန်ထောင်ခြင်း

၃။ ဂေါတ္တမာန-အမျိုးအနွယ်ကိုစွဲ၍ မာန်ထောင်ခြင်း

၎။ သေဋ္ဌမာန-ငါသည်သာမြတ်၏ဟု မာန်ထောင်ခြင်း

၅။ သဒိသမာန-ငါနှင့်တန်းတူဟု မာန်ထောင်ခြင်း

၆။ ဟိနမာန-ငါ့အောက်ကလူပဲဟူ၍ မာန်ထောင်ခြင်းအမှုကို ပြုတတ်ကြပါသည်။

“ဂုဏ်-ဂုဏ်-ဂုဏ်-ဂုဏ် ဆိုတာငွေကိုခေါ်တယ်” ဟူ၍ ရှေးဟောင်းသီချင်းတစ်ပုဒ်ရှိ၏။ စင်စစ်ငွေဂုဏ် သာမောက်ကြသည်မဟုတ်။

ရာထူးဌာန္တရဂုဏ်၊ အတတ်ပညာဂုဏ်အားဖြင့်လည်း မာန်မာနတက်ကြ၍ မောက်မာတတ်ကြပါသည်။ စင်စစ် ဂုဏ်ဆိုသည်မှာ ထူးခြားသောအရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ သို့သော် ထင်ရှားချင်မှ ထင် ရှားနိုင်ပါသည်။ ယင်းကိုထင်ရှားလေအောင် စွမ်းဆောင်ကြိုးပမ်းသည်မှာ “ဂုဏ်တုဂုဏ်ယောင်” ပင် ဖြစ်သည်။ “ဂုဏ်ပကာသန” ဆိုသည်မှာ “ဂုဏ်ပကာသန” များပင်ဖြစ်သည်။ ယင်းဂုဏ်ပကာသနများ ကိုမက်မောကြသူများသည် တစ်နည်း မဟုတ် တစ်နည်းဖြင့် ထင်ပေါ်ကျော်ကြားအောင် လုပ်တတ်ကြပါ သည်။ ထိုသူများသည် မာန်မာနရှိသူများအဖြစ် ပေါ်လွင်နေတတ်ပါသည်။

ထို့ကြောင့် မာန်မာနသည် လူသားတိုင်းအတွက် အတားအဆီး အပိတ်အဆို့သဖွယ်ခုခံ၍ နေတတ်၏။ မာန်မာန ကင်းသူသည် ပလွှားမှုမရှိ။ ကြွားဝါမှုမရှိ။ ပေါ်လွင်ထင်ရှားမှု မပြုသည်ကိုတွေ့ရ၏။ အထူးသ ဖြင့် “သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်” တို့သည် ဂုဏ်အစစ်ဖြစ်သည်။ ထိုဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ တို့သည် မာန်မာန ကင်း၍ အေးငြိမ်း၏။ လူလည်းရိုသေ ရှင်လည်းရိုသေ၏။ လေးစားတန်ဖိုးထားခံရ၏။ မာနတံခွန်အလံထူနေသူများကား မန်လည်ဆရာတော် မိန့်ကြားသကဲ့သို့ပင် “မာန်မလုပ်ချင်ဟု မာန် လုပ်လျှင်လွယ်သည်သာပ” ဟူ၍သာ။ ။ 


ကြေးမုံသတင်းစာ
စက်တင်ဘာ (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...