Cramps ကြွက်တက်ခြင်း

• ဆရာ သမီးကမကြာခဏ ကြွက်တက်လေ့ ရှိပါတယ်။ Calcium လဲ စစ်ပြီးပါပြီ။ ဘာမှမဖြစ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကြွက်တက်တာနဲ့ အကြောတွေ ကတ်တာ ခဏခဏဖြစ်ပါတယ်။ အေးရင် ပိုဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်တာလဲ သိချင်ပါတယ် ဆရာ။
• အသက် ၃၆ နှစ်ပါဆရာ။့ နိုင်ငံမှာ အလုပ်လုပ်နေ ပါတယ်။ ကိုယ်ဝန်ဆောင် ထားတာ ၃ လ ကျော် ရှိပါပြီ။ အရင်ထဲက ခြေသလုံးကြော တက်တတ်တဲ့ ရောဂါရှိပါတယ်။ အခုကိုယ်ဝန်ဆောင် ချိန်မှာ ပိုတက်ပါတယ်။

ဘောလုံးသမားတွေ ကြွက်တက်တာကို ဝါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက် တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့် ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော် သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။ ကိုယ်ဝန်ဆောင်ရင်လဲ ကြွက်တက်တယ်။

ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အဝလွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေး သင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။ ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။

ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။

ဓါတ်ဆားတွေ ကြွယ်ဝတဲ့ အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥ။

ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာ ကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။

Nocturnal Leg Cramps ညအိပ်နေစဉ် ကြွက်တင်ရင်
နာတဲ့နေရာကို ခြေသလုံးကြွက်သားနဲ့ ဆန့်ကျင်ပြီးဆွဲပါ။ ခြေထာက်ကို အပေါ်ဆီကို ဆွဲယူပါ။ နာတဲ့ခြေထောက်နဲ့ မတ်တပ်ရပ်ပါ။ အပူဖြစ်ဖြစ် အအေးဖြစ်ဖြစ် တင်ပေးပါ။

ဘယ်ဆေးကမှ အတိအကျပျောက်မယ်လို့ အာမခံချက် မရှိပါ။
• Calcium ကယ်လ်စီယန်သောက်ပါပြောရတာများတယ်။
• Quinine sulfate ကွီနင်း ငှက်ဖျားဆေးကို အများဆုံးညွှန်းတယ်။
• Chloroquine phosphate ငှက်ဖျားဆေး၊
• Diphenhydramine hydrochloride (Benadryl) အင်တီဟစ်တမင်းဆေး၊
• Meprobamate, Equanil, Robaxin ကြွက်သားပြေလျှော့ဆေး၊
• Verapamil hydrochloride (Calan, Isoptin, Verelan)
• Carbamazepine အတက်ရောဂါ-ဝက်ရူးပြန် ရောဂါဆေး၊ ကြောက်စိတ်အတွက်ဆေး၊
• Phenytoin (Dilantin), Dilantin, Epilentin, Eptoin အတက်ရောဂါ-ဝက်ရူးပြန်ရောဂါကုဆေး၊

Leg cramps ခြေထောက် ကြွက်တက်ခြင်း
- အလိုအလျှောက် ခြေထောက် ကြွက်သားတွေမှာ ကွက်ပြီး၊ ရုတ်တရက်နာတာကို ခေါ်တယ်။ ညပိုင်းမှာ ဖြစ်တာ များတယ်။
- ဘာလို့ဖြစ်သလဲ ရှင်းရှင်းလင်းလင်း မသိသေးပါ။ ဖြစ်နိုင်ခြေများတာတွေ ရှိတယ်။ ကိုယ်ဝန်ဆောင်၊ ကိုယ်လက် လှုတ်ရှာ-အားကစား၊ ဓါတ်ဆား-မျှခြေပျက်ခြင်း၊ အဖျားပိုင်း အာရုံကြော-သွေးကြော-ကြွက်သား ရောဂါများ၊ ကျောက်ကပ် စစ်ယူမှု ချို့ယွင်းခြင်း နဲ့ တချို့ဆေးဝါးတွေကြောင့် ဖြစ်မယ်လို့ ထင်ရတယ်။ ဘာလို့ ဖြစ်မှန်း မသိတာ လဲ ရှိတယ်။ အသက်ကြီးလာလေ အဖြစ်များလေ။
- (RCTs) စတစ်တကျလေ့လာမှု ၁၂ ခုလုပ်ခဲ့တယ်။
- အနာသက်သာဆေးများ၊ အတက်သက်သာဆေးများ၊ (ကယ်လ်စီယမ်) ဓါတ်ဆား၊ ခြေထောက်ကို ကြပ်ကြပ် စည်းတဲ့ ခြေအိတ်၊ (မက်ဂနီဆီယမ်) ဓါတ်ဆား၊ ဗီတာမင်နဲ့ ဓါတ်ဆားများ၊ (ကွီနင်း) ဆေး၊ (ကွီနင်း + (သီယိုဖိုင်လင်း)၊ (ဆိုဒီယမ်-ကလိုရိုက်)၊ ကိုယ်လက်ဆန့်တန်း-လေ့ကျင့်ခန်း တွေကို စမ်းသပ်ခဲ့တယ်။

- (ကွီနင်း) ငှက်ဖျားဆေးကနေ သိသိသာသာ သက်သာစေတယ်။ ဒါပေမဲ့ ဆေးကို ဘယ်လောက် အလေးချိန်နဲ့ ဘယ်လောက် ကြာကြာ ပေးရမယ်ဆိုတာ အတိအကျ မသိရသေးဘူး။
- (ကွီနင်း) နဲ့အတူ (သီယိုဖိုင်လင်း) ဆေးပါတွဲပေးရင် (ကွီနင်း) တမျိုးထဲပေးတာထက် ပိုပြီးသက်သာမယ်လို့ ယူဆတယ်။
- Quinine ဆေးကြောင့် နှလုံးခုန်မမှန်တာ၊ သွေးမှုံနည်းတာ၊ ဆေးနဲ့ မတည့်တာတွေ ဖြစ်စေနိုင်တယ်။ pregnancy ကိုယ်ဝန်ဆောင်တွေနဲ့ လုံးဝမသင့်တာတော့ သိကြပြီးသားပါ။
- အနာသက်သာဆေးတွေ၊ အတက်သက်သာဆေးတွေ၊ (ကယ်လ်စီယမ်) ဓါတ်ဆား၊ ခြေထောက်ကို ကြပ်ကြပ် စည်းတဲ့ ခြေအိတ်၊ (မက်ဂနီဆီယမ်) ဓါတ်ဆား၊ ဗီတာမင်နဲ့ ဓါတ်ဆားတွေရဲ့ ထိရောက်မှုကို အသေအခြာ မပြောနိုင်ပါ။

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုအရ ထွက်လာတဲ့ ရလဒ်တွေ
၁။ Quinine ငှက်ဖျားဆေး၊ (ကွီနင်း) ပေးတာဟာ ညအချိန် ကြွက်တက်တာကို ၄ ပါတ်မှာ သက်သာစေတာ အတိအကျ သိရတယ်။
၂။ Quinine + Theophylline ဆေးတွဲပေးတာက ပိုသက်သာစေတယ်ဆိုတဲ့ အထောက်အထား နည်းနည်းလေး သာ တွေ့ရသေးတယ်။
၃။ Analgesics အနာ-အကိုက် သက်သာဆေးတွေပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိသေးပါ။
၎။ Vitamin E ဗီတာမင် အီး ပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။
၅။ Magnesium salts ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် Magnesium lactate, Magnesium citrate ပေးတာ ၃ ပါတ်နေရင် သက်သာစေတယ်လို့ အထောက်အထား တွေ့ရတယ်။
၆။ Calcium Salts ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် (ကယ်လ်စီယမ်) ပေးရင် သက်သာစေတယ် ဆိုတဲ့ အထောက်အထား မရှိပါ။
၇။ Multivitamins and minerals ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။


Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...