Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း

၂-၉-၂ဝ၁၄ ကနေ့ ယမုန်နာ ဆေးခန်းလေးမှာ Hernia (ဟာနီယာ) လို့ခေါ်တဲ့ အူကျတဲ့ ရောဂါကို ခွဲစိတ်ကုသ ပေးရတယ်။ ချင်းပြည်နယ်က လာတဲ့ လူနာတွေထဲမှာ အူကျတာ အတော်ကြီးကို ရှားတယ်။ မြန်မာပြည်ထဲ တုံးက ဆိုရင် ခွဲစိတ်တဲ့နေ့တိုင်း (ဟာနီယာ) လူနာ အမြဲလိုလို ပါတတ်တယ်။ ချင်းလူနာတွေထဲမှာ အဖြစ်များ လွန်းတာက ယောက်ျားလေးတွေမှာ မွေးရာပါ ပန်ငုံတဲ့ရောဂါ ဖြစ်တယ်။ မြန်မာပြည်ထဲတုံး က တွေ့ရတာထက် ၃-၄ ဆ ကိုများတယ်လို့ မှတ်ချက် ရေးခဲ့ ပါတယ်။ တိုက်ဆိုင်သေးတာက ချင်းဒုက္ခ္ခသည် တွေထဲမှာ မွေးကာစ မိန်းကလေးတွေမှာ Imperforate hymen (ဟိုင်မင်) ခေါ် အပျိုမှေးပိတ်နေတာက မြန်မာပြည်မှာ တွေ့ခဲ့တာထက် ၂-၃ ဆပိုများတယ်။

Phimosis ပန်းငုံတယ်ဆိုတာ ကျားအင်္ဂါရဲ့ထိပ်ပိုင်း ကွမ်းသီးခေါင်းကိုဖုံးထားတဲ့ Foreskin (Prepuce) အရေပြားက ဆွဲလှန်လို့ မရအောင် ပိတ်နေတာ၊ ဒါမှမဟုတ် အကုန်လုံး ပွင့်သွားအောင် လှန်လို့ မရနိုင်လောက်တာကို ခေါ်တယ်။ မွေးကတည်းကနေ ဖြစ်တာပါ။ ပန်းအဖျားက ဆီး ကောင်းကောင်း ထွက်နိုင်လောက်အောင် ပွင့်နေရ မယ်။ ငယ်တုံးမှာ အတွင်းပိုင်း သွားကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်းတော့ ဆွဲဖွင့်မပေးရပါ။

လူပျိုပေါက်ဆို ကွမ်းသီးခေါင်း အကုန်ဖွင့်လို့ရရမယ်။ နဂိုအနေမှာ ၃ ပုံ ၁ ပုံလောက် ဖုံးနေရင် ကောင်းတယ်။ ဖွင့်မရတာ အသက်ကြီးအထိ မနေသင့်ဘူး။ Circumcision ခွဲစိတ်ပြုပြင်ပါ။ ကလေးဆိုရင် ဆီးသွားလို့ ခက်ပြီး၊ ငိုလာရင် အသက်ငယ်ပါစေ ခွဲပါ။ ကြာရင် အညစ်အကြေး အောင်းနေတတ်တယ်။ အဆီဥလေးတွေလဲ ဖြစ်လာ တတ်တယ်။ အသာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်းလေး ပြာနေတာ တွေ့လာရမယ်။ သွေးကောင်းကောင်း မလျှောက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး၊ ပြန်ကောင်းသွားမယ်။

ပန်းငုံတာ အိမ်ထောင်ပြုလို့ ရပါတယ်။ ကောင်းတာက ခွဲစိတ် ပြုပြင်သင့်တယ်။ (၁) ကြာရင် မဆိုကောင်းစကား ကင်ဆာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ (၂) ဆက်ဆံတဲ့အခါ ပွင့်နေတာ ပိုကောင်းပါတယ်။ ကလေးမရစေတဲ့ အကြောင်းရင်းတွေထဲမှာ ဒီလိုဖြစ်နေတာ မပါဘူး။

အမေရိကား (၅၅-၆၅%)၊ ကနေဒါ၊ နယူးဇီလန်၊ တောင်အာဖရိကား၊ ယူကေ တို့မှာ မွေးစကလေး ပန်းဖြတ်ပေး တာကို ကျယ်ကျယ် ပြန့်ပြန့် အားပေးခဲ့တယ်။ ရည်ရွယ်တာက ပိုးမွှားနဲ့ ရောဂါ ကြိုတင် ကာကွယ်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီအလေ့ နည်းလာနေပါတယ်။ ကိုရီးယားမှာများတာက အမေရိကန် ယဉ်ကျေးမှု လွှမ်းမိုးလို့ အကျင့်ရလာတာပါ။ စပိန်၊ ဒိန်းမတ်၊ (ကိုလမ်ဘီယာ) တို့မှာ အနည်းဆုံး လုပ်ကြတယ်။

သမိုင်းကြောင်း
ဟိုရှေးရှေး BC ၁၃၆ဝ အီဂျစ် ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့တယ်လို့ အရုပ်တွေကြည့်ပြီး သိရတယ်။ အဲဒီတုံးက ခေတ်စားခဲ့တဲ့ Sacrifice ယဇ်ပူဇော်မှု သဘောအရ ကြီးကောင်ဝင်တော့မဲ့ ယောက်ျားလေးကို ဒီလိုလုပ်ထားရင် အိမ်ထောင်ရေး ဖေါက်ပြန်မှု နည်းစေအောင်၊ မိန်းမတွေကို ဆွဲဆောင်မှု နည်းစေအောင်၊ သန့်ရှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ အာဖရိကတိုက် မြောက်ပိုင်းနဲ့ အာရေဗျ ကျွန်းဆွယ်မှာ နေကြ တဲ့ ရှေးဟောင်း Semitic လူမျိုးအားလုံးက အကုန်အစင် မဟုတ်တောင် အများက လိုက်နာ ကျင့်သုံးခဲ့ကြပါသတဲ့။ ဒါပေမဲ့ မဟာအလက်ဇန်းဒါး ဒီနေရာ ဒေသတွေကို အောင်နိုင်တဲ့အခါ ဂရိတွေက ဒီနည်းကို မကြိုက်လို့ အလေ့အထ နည်းသွားစေခဲ့ပါတယ်။

ဘာသာရေး
WHO အဆိုအရ တကမ္ဘာလုံးမှာ ၃ဝ% သော ယောက်ျားလေးများ ပန်းအဖျား လှီးဖြတ်ပေးတာ လုပ်ကြရတယ်။ အဲဒီအထဲက ၇ဝ% ကတော့ မွတ်ဆလင်များ ဖြစ်ပါသတဲ့။ ဆေးပညာအရ လိုအပ်လို့ လုပ်ပေးရတာ ရှိသလို ဘာသာရေးအရ လုပ်ကြရတာလဲ ရှိတယ်။ Judaism မှာ Commandment from God အရ လုပ်ကြရပြီး၊ Islam အရ Qu’ran မှာ မပါပေမဲ့ အများအားဖြင့် Sunnah လုပ်ရိုးလုပ်စဉ်တရပ်လို့ သတ်မှတ်ပြီး၊ တွင်တွင် ကျယ်ကျယ် လုပ်ကြပါတယ်။ အာဖရိကမှာလဲ ကက်သလစ် မဟုတ်တဲ့ ခရစ်ယန် ဘုရားကျောင်းများက လုပ်စေတာပါဘဲ။ ၁၉၃၄ ကတည်းက Gomco clamp ဆိုတဲ့ ကရိယာကို သုံးတယ်။ မွေးစကလေးအတွက် Plastibell ကရိယာ ဆိုတာကို ၁၉၅၉ ကတည်းက သုံးတယ်။ ပလပ်စတစ် ကွင်းလေး တခုပါ။ အခု ကရိယာတွေ မသုံးဘဲ ခွဲစိတ် တာက ပိုများပါတယ်။ ဘာသာရေးအရ လုပ်ကြရာမှာ ရှေးကဆိုရင် အသုံးအဆောင် ကရိယာတွေကို ခန့်ညားလှ တဲ့ သားရေဖုံး သေတ္တာနဲ့ ထည့်တယ်။ ဂျူးတွေကတော့ ငွေထည်တွေ သုံးပြီး၊ သတ်မှတ်ထားတဲ့ ဝတ်စုံတွေ ဝတ်ရတယ်။ ၈ ရက် မြောက်နေ့မှာ လုပ်ရတယ်။ မလုပ်ဘဲ သေသွားသူကိုတောင် မသာမချခင် လုပ်ပေးတာလဲ ရှိတယ်။ တချို့က အကအခုန်တွေတောင် ပါတာသေးတာ။

၁၂-၇-၂ဝ၁၂ ဘီဘီစီ သတင်းအရ ဂျာမဏီမှာ (ကိုလုံး) တရားရုံးတခုက စီရင်ချက်တခုချခဲ့တယ်။ ၄ နှစ်သားလေး ကို ပန်းအဖျားဖြတ်ပေးရာကနေ နောက်ဆက်တွဲဖြစ်လို့ တရားရုံးရောက်တယ်။ ခွဲစိတ်ပေးတဲ့ ဆရာဝန် အပြစ်လွတ် ပါတယ်။ စီရင်ချက်မှာ ထူးခြားချက်က "သူ့ကိုယ်အင်္ဂါ အစိတ်အပိုင်း ဆက်လက်တည်တန့်နေမှုဟာ ကလေးရဲ့ အခွင့်အရေး ဖြစ်တယ်။ ဒါဟာ မိဘတွေ၊ ဘာသာရေးတွေရဲ့ အထက်မှာ ရှိတယ်။" ဒီတရားရုံးဆုံးဖြတ်ချက်ကို ဂျူး နဲ့ အစ်စလမ် အဖွဲ့အစည်းတွေက ကန့်ကွက်ကြတယ်။ နောက်တရက်မှာ ဂျာမန်အစိုးရက လုပ်ခွင့်ရှိတယ်လို့ ပြောရတယ်။ တရားရုံးက ဥပဒေကိုကြည့်၊ အစိုးရက နိုင်ငံရေးကိုကြည့်၊ ဘာသာရေးက ဘာသာရေးကိုကြည့်။ ဆရာဝန်တွေက ဆေးပညာဘက်က ကြည့်ကြတယ်။

အဆိုး-အကောင်း၊ လုပ်သင့်-မသင့် ငြင်းနေကြပါတယ်။ ပန်းဖြတ်လို့ မကောင်းကျိုးဆက်ရတာကို လေ့လာရင် ကိန်းဂဏန်း အမျိုးမျိုးတွေ ရှိတယ်။ ဝ့ဝ၆% ကနေ ၅၅% အထိ သွေးယိုတာနဲ့ ပိုးဝင်တာဖြစ်တယ်။ နေရာဒေသ တော့ ကွာပါတယ်။ ၁၉၉၉ က နိုက်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂%၊ ပိုးဝင်တာ ၂၁% တောင်ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝ့ဝ၁% ကနေ ဝ့ဝ၂% ရှိတယ်လို့ ထုတ်ပြန်တယ်။ အခုပြောနေတာတွေက လက်ငင်း ဆိုးကျိုးတွေသာဖြစ်ပြီး၊ ရှာရှားပါးပါး နောင်မှာ ဖြစ်နိုင်တာတွေလည်း ရှိသေးတယ်။ တစ်ရှူးတွေ ရောင်တာ၊ သွေးမလျှောက်တာနဲ့ အမာရွက်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ။ တခြားဟာတွေလဲ ရှိသေးတယ်။

ယောက်ျားရဲ့ ပန်းဖျားဖြတ်ပေးလို့ လိင်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိတယ်၊ မရှိဘူးလဲ ငြင်းကြတာဘဲ။ ၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ပြောတာက၊ လိင်ဆက်ဆံရေးမှာ ထိခိုက်မှု အနည်းနဲ့အများ ရှိနိုင်သတဲ့။ ၂ဝဝ၂ မှာ သုတေသန တခုက မိမွေးတိုင်းရှိတဲ့ ကျားအင်္ဂါမှာ ထောင်ချီတဲ့ အာရုံကြောတွေ Fine touch receptors and other highly erogenous nerve endings ရှိနေတာကို ပန်းဖြတ်တာ လုပ်လိုက်လို့ ပျက်စီးသွား စေတယ်လို့ ဆိုတယ်။ အမေရိကန် မိသားစုဆရာဝန်များ အသင်းကတော့ ၂ဝဝ၇ မှာ ဒါ မရေရာပါဘူးတဲ့။ ဘာလို့လဲ ဆိုတော့ ပန်းဖြတ်ပေး လိုက်ရင် ပန်းထိပ်ဖျားက Cornified ဖြစ်သွားလို့ ထူသွား၊ ထုံသွားတယ်။ အာရုံခံ နည်းသွားစေတယ်။ ဒါပေမဲ့ ကျေနပ်မှုကို သွားမသက်ရောက် ပါဘူးတဲ့။ ၂ဝဝ၆ မှာ ဗြိတိန် BMA က ပြောတာ ကတော့ ပန်းဖြတ်ရလို့ ခွဲစိတ်ရတာဟာ ဆေးပညာ အရရော စိတ်ပိုင်းပါ သက်ရောက်မှု ရှိတယ်တဲ့။

ခွဲစိတ်နည်း
အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလဲ မကောင်း၊ နည်းတာလဲ မကောင်း ပါ။ ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိတ်ပြူပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း။ အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner's corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီ ရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင် ကြည်လိုက်ရင်တော့ အဖုအထစ် ရှိနေသလို မြင်ရပေမဲ့ ချန်းထာတာ နောင်အတွက် ကောင်းတယ်။

ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာ မရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ သိပ်ငယ်တဲ့ ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ ပို ခက်တယ်။ မေ့ဆေးပေးတာလဲ အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိတ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့် တာလဲ အရေးပါတယ်။ ခွဲပြီး ဂရုအစိုက် နည်းရင် မကျက်သေးတဲ့ အရေပြားတွေက မတော်တဲ့ နေရာချင်း သွားဆက် နေရင် တံတားလို ဖြစ်သွား တတ်သေးတယ်။

ကလေးကို အဲလိုပန်းဖြတ်ပေးဘို့ မိဘတွေက ဆုံးဖြတ်နိုင်တယ်လို့ သတ်မှတ်တော့ တချို့က မိဘတွေ ကလေး အရေး သိပ်စွက်ဖက် လွန်းတယ်လို့ မြင်သူတွေရှိတယ်။ လူဆိုတာ အငြင်းသန်တဲ့လူက ငြင်းရမှ အိပ်ပျော်၊ စားကောင်းပုံရတယ်။ မွေးစကလေးတွေကို လုပ်ပေးရင် ထုံဆေး မသုံးတာကို ကန့်ကွက်တာတွေ ရှိတယ်။ ကျွန်တော်တော့ ပန်းဖြတ်ပေးတာမှာရော သားဦးဖွါးလို့ မအေညှစ်နေတုံး မွေးလမ်းချဲ့ရာမှာရော ထုံဆေးမသုံး တာကို ဆန့်ကျင်တယ်။

၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ထုံဆေးမပါဘဲ လုပ်တာမှာ နာကျင်မှု ဝေဒနာကြောင့် ကလေးမှာ စိတ်ထိခိုက်မှု ရှိတယ် ဆိုတာကို ထောက်ခံတယ်။ ဆွီဒင်မှာ ၂ဝဝ၁ ခုနှစ်တုံးက ထုတ်ပြန်ချက်မှာ ကြွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တွေကသာ လုပ်သင့်တယ်ဆိုတယ်။ ထောက်ခံတယ်။ (သူတို့က ထောက်ခံချက်တော့ မတောင်းပါ။) ဒါကို ဂျူးတွေကတော့ မကျေနပ်ဘူး။ ဒီလိုလုပ်တာဟာ နာဇီခေတ်နောက် ဂျူးတွေကို အစော်ကားဆုံးလို့ ပြောတယ်။ ဆွီဒင်အစိုးရက ခေါင်းမာတယ်။ (ခေါင်းကောင်းတာပါ) ၂ဝဝ၅ မှာ ပြန်ဆန်စစ်ပြီး၊ ဆက်အတည်ပြုတယ်။

အကောင်းဖက်ကလဲ ပြောတယ်။ မလုပ်ရင် ဆီးလမ်းပိုးဝင်တာက ၁ဝ% ပိုဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ အဖြစ်နည်းတယ်။ နောင်မှာ လိင်တံကင်ဆာဖြစ်တာ နည်းနိုင်တယ်အထိ လုပ်ရေးဘက်က လူတွေက ဆိုတယ်။

ပန်းငုံတာဖြတ်ခြင်းနဲ့ HIV
ပန်းငုံတာဖြတ်ပေးရင် ယောက်ျားလိင်အင်္ဂါ ပတ်ဝန်းကျင်မှာ နေတတ်တဲ့ (ဗက်တီးရီးယား ကွန်မြူနတီ) ကို ပြောင်းလဲ စေတာမို့ HIV ကို ကာကွယ်ရာကျတယ်လို့ ဆိုတယ်။ Translational Genomics Research Institute (TGen) နဲ့ Johns Hopkins University တွေက သုတေသနက “အကြောင်းနဲ့ အကျိုး ဆက်စပ်မှု ဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလဲ ပန်းငုံတာ ဖြတ်တာ အလေ့နဲပြီး၊ HIV အဖြစ်များ လှတဲ့ ဆာဟာရ အောက်ပိုင်း နေရာတွေမှာ။ သက်သာတာ ၄ဝ% ရှိတယ်။ ဆိုချင်တာက ပန်းငုံဖြတ်သူ ယောက်ျားထဲမှာ ၁ဝဝ ဆို ၄ဝ က HIV အဖြစ် နည်းတယ်။ ဘာလို့လဲဆိုတော့ အဲလို ပန်းအရေပြား ဖြတ်ပေး တာကြောင့် ဗက်တီးရီးယားတွေရဲ့ Ecosystem ပြောင်းသွားလို့တဲ့။ ဒီတော့ ယောက်ျား လုပ်သူကနေ သူနဲ့ ဆက်ဆံတဲ့ မိန်းမကို Bacterial vaginosis ဆိုတဲ့ မွေးလမ်း ပိုးဝင်တာ နည်းသွားစေလို့တဲ့။ လေမကြိုက်တဲ့ ဗက်တီးရီးယား Anaerobic bacteria တွေကို ရှင်းပြစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ် ထွက်တဲ့ အပေါ်ဖုံး Mucosal tissue က နည်းသွားလို့ ဆက်ဆံနေတုံး မိန်းမကိုယ်က ထွက်တဲ့အရည် Vaginal secretions နဲ့တွေ့ဘိုလဲ နည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမဲ့ ဗိုင်းရပ်စ် နဲ့ Target immune cells ခုခံအား ဆဲလ်တွေ အပြန်အလှန်ပြုတာလဲ နည်းစေတယ်။”

Dr. Cindy M. Liu အဆိုအရ Circumcision လုပ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာဖုံးနေတဲ့ အရေပြား အောက်လွှာ Inner foreskin ဟာ မာကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target immune cells ကို ကာကွယ်မှု ပိုရစေတယ်။ နောက်ပြီး အဲလိုဖြတ်လိုက်လို့ စိုစွတ်မှုနည်းပြီး (အောက်စီဂျင်) ပိုရစေလို့ လေမကြိုက်တဲ့ပိုး Anaerobic bacteria တွေနည်းစေတယ်။ ဒီအကောင်တွေရှိနေရင် Target immune cells တွေကို HIV ဒဏ် ခံရစေနိုင်တယ်။ ဗက်တီးရီးယား အဆိုးနဲ့အကောင်း အရေအတွက် ပြောင်းသွားတယ်။

WHO နဲ့ UNAIDS ရဲ့ ၂ဝဝ၇ ခုနှစ်ကထုတ်ပြန်ချက်၊ အမေရိကန် CDC က ၂ဝဝ၈ ခုနှစ်က ထုတ်ပြန်ချက်တွေအရ Circumcision လုပ်တာဟာ HIV ရတာကို သိသိသာသာ နည်းစေတယ်လို့ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နဲနဲသာ အကာအကွယ်ပေးနိုင်လို့ တခြားကာကွယ်နည်းတွေကို အစားထိုးလို့ မသင့်ဘူလို့ ဆိုပါတယ်။

ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား
အိမ်ထောင်ပြုနိုင်ပါတယ်။ ကလေးရဘို့လည်း မထိခိုက်ပါ။ စိတ်ပိုင်းကိုလည်း မထိခိုက်ပါ။ ခံစားမှုမှာတော့ နည်းချင် နည်းနိုင်တယ်။ ကိုယ့်အတွက် ပြောတာပါ။ ဒါလဲ သီအိုရီအရသာ ပြောတာ။ အဲလိုဖြစ်နေတဲ့ မြာပွေသလား မမေးနဲ့ဆိုသူ တယောက် တွေ့ဘူးတယ်။ အနာကျက်ဘို့ ၅-၇ ရက်သာ ကြာမယ်။ မဖြေရတဲ့ချုပ်ရိုးလည်း သုံးချင် သုံးနိုင်တယ်။ ဆက်ဆံဘို့တော့ ၂ ပါတ်ထက် မစောလေ ကောင်းလေးပါ။ အခုအရွယ်မှာ ပြင်ရတာ ငယ်သူတွေနဲ့ မတူတတ်ဘူး။ ကပ်နေတာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးရအုံးမယ်။ အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်ကို အားကိုးပါ။

ဆန်းတာတွေ သိချင်သေးရင်
Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်းကို ဖတ်ပါ။ ဒါပေမဲ့ အဲဒီ ဘလော့ခ် ပျက်သွားလို့ သိချင်သူတွေ မေးနိုင်ပါတယ်။ ဒိထက်ဆန်းတာလဲရှိသေးတယ်။ Female circumcision မိန်းကလေးတွေကို မိန်းမကိုယ် လှီးဖြတ် ပေးခြင်းဆိုတာ သူများဆီမှာ ရှိတယ်။ အာဖရိကားမှာ လုပ်နေကြတာ ကြာလှပါပြီ။ မိန်းကလေးရဲ့ မ-အင်္ဂါကို လှီးဖြတ် ထုတ်ပြစ်တာပါ။ ဒီနည်းမှာလဲ အမျိုးမျိုး။ Clitoris အစိဆိုတာကို လှီးထုတ်တာ ရှိသလို၊ နုတ်ခမ်း သားကို ထုတ်တာလဲ ရှိတယ်။ ၁၉၇၉ ရောက်မှ ကျန်းမာရေးရှုဒေါင့်ကနေ ပြောဆိုလာကြရတယ်။ အခုလဲ မပျောက်သေးပါဘူး။ ဆေးပညာအရပြောရရင် မလုပ်သင့်တာပါ။

Surgery ခွဲစိတ်ပညာ
ပန်းငုံတာကိုပြုပြင်ပေးတဲ့ (အော်ပရေးရှင်း) က (ဗဲရီး-မိုင်နာ)ပါ။ ခွဲစိတ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ “ရှေ့နေပျိုမှ၊ သမားအိုမှ” ဆိုတာရှိတယ်။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိတ် ကအစ ကြိုမြင်တတ်တယ်။ ခွဲစိတ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အချင်း ၃ ရပ် ပြောစမှတ်ရှိတယ်။ Lady’s hand, Eagle’s eyes, Lion’s heart (၁) မိန်းကလေးတွေရဲ့ လက်များလို ညင်သာ သိမ်မွေ့ရမယ်။ (၂) သိန်းငှက်မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။ (၃) နောက်ဆုံး ခြင်္သေ့တို့ထုံးနှလုံးမူပါဆိုတာ ပိုအရေးကြီး တယ်။ သားကောင်ကို ဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့ လုံ့လနဲ့ ယုံကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူထားရတယ်။

ဓါတ်ပုံ = ၂ဝ-၆-၂ဝ၁၃ နေ့က ယမုန်နာဆေးခန်းမှာ ပန်းအဖျားငုံခြင်းကိုခွဲပေးနေစဉ်၊ ဆရာမ မချိုချောင်းနဲ့ ဆေးမှူး ကိုဇော်သ်န်းတို့က ကူညီကြတယ်။


ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...