ရေယုန် ဘာကြောင့် ပေါက်ရတယ်

ရေယုန်နာ မပေါက်ဖူးသူ တော်တော်ရှား ပါလိမ့်မယ်။ အများ အားဖြင့် နှုတ်ခမ်းနား တစ်ဝိုက်မှာ ရေယုန် မကြာခဏ ဖြစ် တတ် ကြပါတယ်။ ရေယုန်နာ ပေါက်ရင် အလွန်နေရ ခက်ပါ တယ်။ စိတ်က သိကအောက် ဖြစ်ရတဲ့ ဝေဒနာကိုလည်း ပေး ပါသေးတယ်။ ရေယုန်ပေါက်ရင် အနေခက်ခြင်းနှင့် အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လည်း ပျောက်ဆုံးသလို ဖြစ် တတ်ပါတယ်။

ဒီလိုနေရထိုင်ရ အဆင်မပြေလှတဲ့၊ လူအများကြား အနေရခက်စေတဲ့ ရေယုန်နာကို မဖြစ်အောင် ဘယ် လိုပြုမူနေထိုင် သင့်သလဲ၊ ရေယုန်နာ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို လေ့လာကြမယ်လေ။

ရေယုန်(၂)မျိုးရှိတယ်

ရေယုန်နာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ သာမာန်လူတွေမှာ ဖြစ်တတ်သော ပိုးဟာ Herpes Simplex ဖြစ်ပြီး HSV1နဲ့ HSV2 ဆိုပြီး အမျိုးအစား(၂)မျိုး ရှိပါတယ်။ HSV1က နှုတ်ခမ်းနား တစ်ဝိုက်မှာ ဖြစ် တဲ့ ရေယုန်နာကို ဖြစ်စေပြီး HSV2 ကတော့ လိင်အဂါင်္ ရေယုန်နာကို ဖြစ်စေတာပါ။ ဒါပေမယ့် တစ်ခါတစ်ရံ မှာလည်း HSV1 က လိင်အဂါင်္ဆီ ကူးစက်ပြီး လိင်အဂါင်္ ရေယုန်နာကို ဖြစ်စေတတ် သတဲ့။ ရေယုန်ရော ဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ ထိန်းချုပ်ရ ခက်ခဲသလို နောက်တစ်ကြိမ် ပြန်ဖြစ်တတ်တဲ့ ရောဂါပါ။

ရေယုန်နာ ကူးစက်ရာလမ်းကြောင်း

ရေယုန်နာဟာ ပထမအကြိမ် ကူးစက်ခံရတဲ့ အခါမှာ ကျိုးပြတ်ပေါက်ပြဲနေတဲ့ အရေပြား(ပါးစပ်၊ လိင်အင်္ဂါနဲ့ စအို) နံရံများနဲ့ ဗိုင်းရပ်စ်ပိုး ထိတွေ့တဲ့ အခါမှာ အရေပြားဆဲလ်တွေထဲ ၀င်ရောက် ပွားများပါတော့တယ်။
ဒီလို ကူးစက်ပွားများတဲ့ အချိန်မှာ အချို့သူတွေမှာ ရောဂါလက္ခဏာ မပြတတ်ပေမယ့် အချို့သူတွေ မှာတော့ ရေကြည်ဖု (သို့) အနာတွေ ပေါက်လာ တတ်ပါတယ်။ အာခံတွင်းထဲမှာ ဆိုရင် သွားဖုံး၊ လျှာနဲ့ လည်ချောင်း တို့မှာပါ အနာဖြစ်တတ်ပြီး ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပထမဆုံးအကြိမ် ကူးစက်ခံရမှုဟာ အများအားဖြင့် အသက် ၃နှစ်အောက် ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါ တယ်။ ရောဂါ လက္ခဏာတွေ အနေနဲ့ နာကျင်ခြင်း၊ ဖျားနာခြင်း၊ ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းများ ဖြစ်စေပြီး အစာ၊ ရေ မျိုရခက်ခဲတဲ့ ပြဿနာကိုပါ ကြုံတွေ့ရတတ်ပါတယ်။

ဒီလို အစာ၊ ရေ မျိုရတာ ခက်ခဲတာကြောင့် ကလေးဟာ ရေဓာတ်ခန်းခြောက်ပြီး နုံးနယ်တတ်တာမို့ အနာ သက်သာစေဖို့နဲ့ ရေဓာတ်ချို့တဲ့မှု မရှိဖို့ အထူးဂရုပြုသင့်ပါတယ်။ ဒီရေယုန်နာဟာ ရက်သတ္တပတ် ၁ပတ်ခန့် ကြာရင် ပျောက်ကင်း သွားတတ်ပါတယ်။ ဒီလိုပျောက်သွားတယ် ဆိုပေမယ့် ရေယုန်ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာ ကိုယ်အတွင်းပိုင်းက အာရုံကြောတွေကနေ ခန္ဓာကိုယ်အတွင်းပိုင်းက အာရုံကြောဖုထုံး (Ganglia) တွေ ဆီ ရောက်ရှိသွားပြီး ခေတ္တခိုအောင်းငြိမ်သက်နေတဲ့ ရောဂါပိုးတွေဟာ အောက်ပါ အကြောင်းအရာ များကြောင့် အာရုံကြောများမှ တစ်ဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ မူလအရေပြားဆီပြန် လာပြီး ရေယုန်နာ ပြန်ဖြစ်ခြင်းကို ရေယုန်ပြန်ကြွခြင်း (Recurrence) လို့ ခေါ်ပါတယ်။

ရေယုန်ပြန်ကြွစေတဲ့ အကြောင်းရင်းတွေက-
-အိပ်ရေးမ၀ခြင်း
-ခန္ဓာကိုယ် ပင်ပန်းခြင်း
-စိတ်ဖိစီးမှုများခြင်း
-ဖျားနာခြင်း
-ကိုယ်ခံအား ကျဆင်းခြင်း
-အပူအအေး လွန်ကဲခြင်း
-ဓမ္မတာရာသီပေါ်ခြင်း
-အခြားရောဂါပိုးများ ကူးစက်ခံရခြင်း
-အာရုံကြောများ ပျက်စီးခြင်းတို့ပဲ ဖြစ်ပါတယ်။

ရေယုန်ပြန်ကြွတဲ့အခါမှာ မူလပထမ အကြိမ်ဖြစ်နေတဲ့ နေရာမှာ ရေကြည်ဖုတွေ အနည်းငယ် စပေါ်လာ ပါတယ်။ နောက် ၃ရက်မှ ၅ရက်အတွင်း ရေကြည်ဖုငယ်တွေကနေ ပြည်ဖု၊ အနာများ အသွင်ပြောင်းသွားပြီး အနာဖေး တက်လာတတ်ပါတယ်။ ရေယုန်ပြန်ကြွချိန်မှာ စဖြစ်ပြီး ၈နာရီအတွင်း အဆိုးဆုံးဖြစ်ပြီး လူအများ စုဟာ တစ်နှစ်မှာ ၂ ကြိမ်ခန့် ပြန်ဖြစ်တတ် ပါတယ်။

ရေယုန်နာရောဂါ ပျံ့နှံ့စေသော အရာများနှင့် ကာကွယ်ကုသပုံ

ရေယုန်နာဟာ ရောဂါရှိသူရဲ့ တံတွေး၊ အသက်ရှူလမ်းကြောင်းမှ ထွက်သော အမှုန်များနှင့် အရေပြားချင်း ထိတွေ့ရာကနေ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင် ပါတယ်။ ဒါကြောင့် ရေယုန်နာ မဖြစ်အောင် ရေယုန်နာ ပေါက်သူရဲ့ တံတွေး၊ အရေပြားတို့နဲ့ ထိတွေ့မှုကို ရှောင်ကြဉ် ရမှာပါ။ ဒါ့အပြင် ရေယုန်နာ မဖြစ်အောင် အိပ်ရေး၀၀ အိပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချ၍ စိတ်ပေါ့ပါးစွာ နေခြင်း၊ ကိုယ် ခံအားကောင်းအောင် အာဟာရပြည့်ဝသော ကျန်းမာရေးနှင့် ညီညွတ်မျှတတဲ့ အစားအစာများ စားခြင်း၊ ရာသီ အကူးအပြောင်းတွင် သတိပြုနေထိုင်ခြင်းတို့ကို အထူးသတိပြုသင့် ပါတယ်။

ရေယုန်နာဟာ မျက်စိကို ကူးစက်ရင် အရမ်းအန္တရာယ် များတာမို့ ရေယုန်နာပေါက်ရင် လက်နဲ့ထိတွေ့ ကိုင်တွယ်ပြီး မျက်စိကို ပွတ်သပ်ကိုင်တွယ်မှု မရှိအောင် သတိပြုရမှာပါ။ ဒါကြောင့် ရေယုန်နာကို မဖြစ်ခင် ကာကွယ်ပါ။ ဖြစ်လာရင်လည်း စောစောစီးစီး ကုသပါ။ နောက်တစ်ကြိမ်မဖြစ်အောင် သတိပြုနေထိုင်ပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လထုတ် ဇီဝက မဂ္ဂဇင်း အမှတ် ၂၃၄ မှ)
 MP4 YoU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...