က ကလေးငယ် . . .ချစ်စဖွယ်

Written by: တိုးနှောင်မိုး

(အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းတွင် စာသင် ကြားနေသော ကလေးငယ် များအား တွေ့ ရစဉ်။)

ဥယျာဉ် ဆိုသည်မှာ ပန်းမန်များ သီးပင်များ စိုက်ပျိုး ထားသော နေရာရပ်ဝန်း တစ်ခုကို တင်မဟုတ် ကလေး သူငယ်များ နုစဉ်အခါကနေ ကိုယ့်လမ်း ကိုယ်လျှောက်နိုင်သော အချိန်ကာလအထိ ပန်းကလေး များလို ပြုပြင်စိုက်ပျိုး သီးပင်များကဲ့သို့ ဂရုတစိုက် ယုယ ပိုက်ထွေးသော ကျောင်းများ ကိုလည်း ဥယျာဉ်ဟု ဆိုပါသည်။

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ပင်မ အသက်သွေးကြောဖြစ်၏။ တိုးတက်သောနိုင်ငံသည် ကလေးငယ် များကို ငယ်စဉ်အခါကတည်းက ဥယျာဉ်များအတွင်းက ပန်းမန်သီးပင် စားပင်များလို ဂရုတစိုက်ပြုပြင်စိုက်ပျိုး ယုယပိုက်ထွေးသော စည်းစနစ်စေတနာတို့ကြောင့် တိုးတက် လာခြင်းဖြစ်သည်။ စေတနာ၊ ၀ါသနာ၊ အနစ်နာတို့ဖြင့် ကလေးသူငယ်တို့၏ ဦးနှောက် အသိဉာဏ်နုနုကို ပဲ့ပြင်ကာ ချွန်မြသော ဆူးတွေလို ဘယ်သူမှ မချွန်ပေးဘဲ သူ့ဟာသူ ချွန်မြစေခြင်းဖြစ်သည်။ ပဲ့ပြင်ဆိုသည်မှာ ဖြောင့်ဖြောင့်တန်းတန်း မသွားသောလှေကို ဖြောင့်တန်းသွားအောင် ပဲ့ကိုင်ပေးခြင်း ကိုခေါ်၏။ ထိုသို့မှ လိုရာလမ်းကို ဦးတည်နိုင် မည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်အတွက် လူတော်များစွာကို ကလေးဘ၀ကတည်းက လေ့ကျင့် ပျိုးထောင်ပေးမှဖြစ်သည်။ ဒါမှ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ရေးတွင် အရေးတကြီး လိုအပ်သော စိတ်ထား မှန်ကန်၍ ခေတ်ပညာ တတ်သော နိုင်ငံရေးဦးနှောက်ဖြင့် ပြည့်စုံသော သူရဲကောင်းဦးခေါင်းမျိုးကို ရမည် အမှန်ဖြစ်သည်။ လှေတို့မည်သည် ပဲ့ကိုင်သူမပါလျှင် သောင်တင်ချင်တင်လိမ့်မည်။ ကမ်းတိုးလျှင်တိုးမည်။ ၀ဲသြဃထဲမှာ လည်ချင်လည်နေလိမ့်မည်။ ဒါကြောင့် ပဲ့ကိုင်သူက အရေးကြီး၏။ ပဲ့ပြင်ပေးသော ပဲ့ကိုင်သူ မှားလျှင် ကလေးငယ်တို့ အသက်ရှင်နေထိုင်ရမည့် အနာဂတ်ခရီးသည်ေ၀၀ါးချာလပတ် ယမ်းနေမည်မှာ အမှန်ဖြစ်သည်။ ပဲ့ကိုင်သူမှန်လျှင် ကလေးငယ်တို့ အနာဂတ်သည် မိမိစကားပြောရာတွင် လူမှုဆက်ဆံရေး တွင် ချောမွေ့မည်။ ဘယ်နေရာတွင် ဘာစကားကို ပြောရမည်။ ဘယ်လိုပြေပြစ်အောင် ဆက်ဆံပြောဆို ရမည်ဆိုတာကို ကိုယ်ပိုင်ဦးနှောက်ဖြင့် ဆုံးဖြတ်ဆင်ခြင်နိုင်မည်မှာ အမှန်။ အရည်အချင်းပြည့်စုံသော လူငယ်များ ထွက်ပေါ်လာမည်မှာအမှန်။ အဆင့်မြင့်ပညာရေး တိုးတက်ပြောင်းလဲဖို့ ပြင်ဆင်နေချိန်တွင် သင်ကြားမှုနည်းစနစ်များ သင်ရိုးညွှန်းတမ်းများထက် ပထမဆုံးပြင်ဆင်မှုမှာ စိတ်ဓာတ်သည်သာ အရေးကြီး လိုအပ်ချက် ဖြစ်နေပါသည်။ ထိုတွင် ပဲ့ပြင်သောပဲ့ကိုင် ဆရာဆရာမများသာမဟုတ်၊ ကလေးဖြင့် တိုက်ရိုက် ဆက်ဆံ ထိတွေ့နေသော မိဘများသည်လည်း အရေးကြီးသည်။

ကျောင်းများသည် တကယ်တော့ နိုင်ငံတော်အလံနှင့် မြန်မာပြည်မြေပုံကို လှအောင်ခံ့ညားအောင် သိမြင် တတ်သိစေတာထက် ပိုသောစိတ်ဓာတ်ရေးရာနဲ့ တိုးတက်လိုချင်သော အရည်အချင်းရှိ ခေါင်းများကို ရှိနေရမည့် နေရာအခန်းကဏ္ဍအား လမ်းထွင်ပေးသော ရပ်ဝန်းဖြစ်ပါသည်။ ကျောင်းတိုင်းကျောင်းကောင်း မဖြစ်နိုင်သော်လည်း ကျောင်းကောင်းမဖြစ်နိုင်တာပဲ ရှိသေး၏။ မခဲယဉ်းလှ။ စိတ်ဓာတ်တစ်ခုဖြင့် ကြိုးစားက ဖြစ်နိုင်သည်။

မူလတန်းပညာရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် အဆင့် ၁၀ ဆင့် လိုအပ်သည်ဟု ဆရာဦးမင်းသစ် ၏ ရေးသား တင်ပြချက်ကို ဖတ်ဖူး၏။ ၎င်း ၁၀ ဆင့်မှာ

၁။ ကျောင်းနေအရွယ် သတ်မှတ်ခြင်း
၂။ မြန်မာနှင့် အင်္ဂလိပ်ဘာသာစကား သင်ကြားခြင်း
၃။ ပထ၀ီနှင့် မိတ်ဆက်ခြင်း
၎။ သမိုင်းနှင့် မိတ်ဆက်ခြင်း
၅။ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့်ပေးခြင်း
၆။ ပန်းချီ၊ ဂီတ၊ အနုပညာရပ်များနှင့် မိတ်ဆက်ပေးခြင်း
၇။ အားကစားနှင့် ကာယလေ့ကျင့်မှု ပျိုးထောင်ပေးခြင်း
၈။ အသင်းအဖွဲ့စိတ်ဓာတ် ထူထောင်ပေးခြင်း
၉။ ပြည်သူ့နီတိ သင်ကြားပေးခြင်းနဲ့
၁၀။ ဘာသာရေးအခြေခံဗဟုသုတ သင်ကြားပေးခြင်းတို့ ဖြစ်သည်။

မွန်တက်ဆိုရီ အပါအ၀င် ပညာရေးနဲ့ ထင်ရှားသူတွေက တူညီသောစကားကို သေသေချာချာ တိကျစွာ ပြောခဲ့၏။

ကျောင်းတစ်ကျောင်းဟာ ကလေးတွေကို အတန်းတက်အောင် လုပ်ပေးနိုင်ရုံ မဟုတ်ပါဘူး။ အနာဂတ်တွင် လူတစ်ဦးအဖြစ်ပါ ပြင်ဆင်ပေးရပါသည်။ လူပီသအောင် သင်ကြားပေးခြင်းဖြစ်သည်။ လိမ္မာယဉ်ကျေးတာ၊ စာတော်တာတွေ ဖြစ်မလာခင် လူတစ်ယောက် ပြည့်ပြည့်၀၀ ဦးဆုံးဖြစ်လာအောင် . . . . .

‘ကလေးသည်သာ အရာရာလို့ ခံယူကျင့်သုံးသော ကျောင်းမှ ကျောင်းနဲ့ တူတဲ့ကျောင်း’ ဟု ဆိုကြ သည်။ ကျောင်းမှာ ကလေးတွေ ဘယ်လိုချဉ်းကပ် ရမည်ဆိုတာကို ဆရာတွေ အနေနဲ့ သိထားရမှာ ဖြစ် ပါသည်။ ထိုသိထားမှ မိမိသင်ကြားမှုကို နာခံသော ပြည်ချစ် သကောင့်သား နိုင်ငံဦးသျှောင်များ ထွက်ပေါ် လာမည်ဖြစ်သလို မိမိတို့ကျောင်းကလည်း ကြည်လင်သန့်စင်၍ ကျောင်းပီသသောကျောင်းဖြစ်မည် အမှန်ပါ။ ကလေးများဖြင့် ချဉ်းကပ်နည်းကိုးချက်ရှိ၏။ ၎င်းတို့မှာ-

၁။ ကလေးများကို စကားပြောရာတွင် ညင်ညင်သာသာ ကြင်ကြင်နာနာပြောပါ။
၂။ ကလေးတို့သည် နမူနာကိုကြည့်၍ သင်ယူပါသည်။ အတုမြင် အတတ်သင်ကြပါသည်။
၃။ ကလေးတစ်ယောက်ချင်းစီဖြင့် စကားပြောဖြစ်အောင် ကြိုးစားပါ။ ကလေးများကို သူတို့အမည်နဲ့ တွဲ၍ ခေါ်နိုင်အောင် မှတ်သားထားပါ။
၎။ ကလေးတို့သည် သင့်အတွက် အရေးကြီးသည်ကို ကလေးတို့ သိရှိနားလည်အောင် ပြသပါ။
၅။ ကလေးနှင့် စကားပြောရာတွင် ကလေးမျက်စိနှင့် အနိမ့်အမြင့် ကိုက်ညီလောက်သည်အထိ လူကြီးက ခါးကိုင်း၍လည်းကောင်း၊ ဒူးကွေး၍သော်လည်းကောင်း ပြုလုပ်ပြီးမှ စကားပြောပါ။
၆။ ကလေးတိုင်းသည် အောင်မြင်မှုကို ခံစားကြပါသည်။ ကလေး၏ အစွမ်းအစဖြင့် လုပ် ကိုင်အောင်မြင်သော လုပ်ငန်းများကို ဖန်တီးပေးခြင်းအားဖြင့် အောင်မြင်မှုကို ကလေးတို့ ခံစားသိရှိနိုင် ပါစေ။
၇။ ကလေးများ အကျိုးရှိရှိ တစ်ခုလုပ်နိုင်ဖို့အတွက် သင်သည် တစ်ခုခု စီစဉ်လုပ်ပေးနိုင်ဖို့အတွက် အမြဲ အဆင်သင့်ဖြစ်နေရမည်။
၈။ သင်သည် ကလေးငယ်များနှင့် အတူရှိနေသော အချိန်များတွင် သင်၏အာရုံစူးစိုက်မှု တစ်ခုလုံးသည် ကလေးများအပေါ်တွင်သာ ရှိနေရပါမည်။
၉။ သင်သည် ကလေးငယ်များနှင့်အတူ နေထိုင်လုပ်ကိုင်သောအခါ ရယ်စရာများကို ပြောပြပါဟု ဆိုထား သည်။ ကျောင်းဆရာ၊ ကျောင်းဆရာမ အလုပ်လုပ်မည့် ကျောင်းတက်နေသော ဆရာ၊ ဆရာမလောင်းများ အတွက်လည်း အလွန်အရေးကြီးသော အချက်များဖြစ်သည်။

ဆရာ၊ ဆရာမဆိုသည်မှာ ကလေးများဖြင့် အလုပ်လုပ်မည့် သူများဖြစ်၏။ ကလေးတွေက ရွှံ့တုံးရွှံ့ခဲ ဖယောင်းတုံးတွေ မဟုတ်ဘူး။ လူတွေမို့လို့ ပုံသွင်းဖို့မလိုပါဘူး။ ဆရာဆရာမတွေအနေနဲ့ လုပ်ဆောင် ရမှာက ကလေးတွေမှာရှိသော ကိုယ့်ဘာသာကိုယ် တည်ဆောက်ယူနိုင်စွမ်း ပင်ကိုဖြစ်နိုင်စွမ်းတွေ ရှိနေသောကြောင့် အဲ့ဒီစွမ်းရည်ကို သဘာဝအတိုင်း ဖွံ့ဖြိုးဖို့မဖြစ်နိုင်ဘူး။ ငြိမ်နေတဲ့ ကလေးတွေက စိုးရိမ် ရ၏။

ကလေးများဖြင့် အလုပ်လုပ်မည့် ဆရာဆရာမ များအတွက် အချက် ကိုးချက် ရှိသည်။

၁။ ကလေးများသည် ထိတွေ့မှုအာရုံများကို စွဲစွဲမြဲမြဲ မှတ်ထားတတ်ပါသည်။ ထို့ကြောင့် ကလေး ငယ်တွေနှင့် အလုပ်လုပ်လျှင် သင့်တွင်တာဝန်ကြီးပါသည်။
၂။ ကလေးတွေကို မြတ်နိုးနှစ်သက်မှု ရှိရပါမည်။
၃။ သူတို့၏အချိန်ကို သင်နှင့်အတူ အသုံးပြုရာတွင် ပျော်ရွှင်ပါစေ၊ စိတ်ပါဝင်စားပါစေ၊ သူတို့ဉာဏ်ရည် တိုးလာအောင် လှုံ့ဆော်နိုင်ပါစေ။
၎။ ကလေးတိုင်းကိုလည်းကောင်း၊ သူ့မိသားစုကိုလည်းကောင်း၊ သူ၏နောက်ခံ အခြေအနေကို လည်းကောင်း၊ သိကျွမ်းအောင်ကြိုးစားပါ။
၅။ ကလေးသည် မိသားစု၏ လွှမ်းမိုးမှုများစွာ ခံရပါသည်။ ကလေးသည် အိမ်တွင်ကောင်းမွန်မျှတသော အစားစားရရဲ့လား နွေးနွေးထွေးထွေး ၀တ်ဆင်ရသလား။ ချစ်ခင်ယုယမှု ရပါသလား။ နောက်ခံ အခြေအနေများကို သိအောင်လေ့လာထားရမည်။
၆။ ကလေးတွေအပေါ် ကြင်နာပါ။ ကြင်ကြင်နာနာ ယုယုယယ ဂရုတစိုက်ဆက်ဆံပါ။
၇။ ကလေးတိုင်းသည် တန်ဖိုးရှိသော လူသားတစ်ဦးဖြစ်သည်ကို အသိအမှတ်ပြုပါ။ ဘာအကြောင်းကြောင့် မှ ကလေးအား သေးသိမ်စေမှု၊ နှိမ့်ချမှု၊ လှောင်ပြောင်မှုများ မပြုလုပ်ပါနှင့်။
၈။ ကလေးများအပေါ် မျှတပါ။ သူတို့မေးသော မေးခွန်းများကို ရိုးသားစွာ ဂရုတစိုက် စိတ်ရှည်လက်ရှည် မှန်မှန်ဖြေပါ။
၉။ တကယ်ဆောင်ရွက်ပေးမည်ဟု မရည်ရွယ်လျှင် အစကတည်းက ကတိမပေးပါနှင့်ဟူ၍ ဖြစ်သည်။

ကျောင်းတစ်ကျောင်းဟာ ကလေးတွေကို အတန်းတက်အောင် လုပ်ပေးနိုင်ရုံ မဟုတ်ပါဘူး။ အနာဂတ်တွင် လူတစ်ဦးအဖြစ်ပါ ပြင်ဆင်ပေးရပါသည်။ လူပီသအောင် သင်ကြားပေးခြင်းဖြစ်သည်။ လိမ္မာယဉ်ကျေးတာ၊ စာတော်တာတွေ ဖြစ်မလာခင် လူတစ်ယောက် ပြည့်ပြည့်၀၀ ဦးဆုံးဖြစ်လာအောင် ကူညီပေးခြင်းဖြစ်၏။

အတွေးအခေါ်ပညာရှင်ကန့်က ပြောဖူးသည်။ ‘ပညာရေးဆိုတာ လူကနေ လူဖြစ်လာတဲ့ ဖြစ်စဉ်’ ဟူသော စကားကို ပြောခဲ့သည်။ မြန်မာနိုင်ငံပညာရေး အဆင့်မြင့်ခိုင်မာစွာ တိုးတက်နိုင်ဖို့အတွက် စာသင်ကျောင်း တိုင်း အရေးကြီးသလို ဆရာ၊ ဆရာမနဲ့ မိဘ၊ အပေးအယူ ချိန်ခွင်လျှာညီမှလည်း ကလေးတွေရဲ့ရှေ့ရေးက သာယာပြည့်ဝ ကောင်းမွန်နေမည်ဖြစ်၏။ လက်ရှိခေတ်ကာလတွင် ပညာခေတ်ကြီးသည် ကမ္ဘာကို သူ့ထက်ငါ အပြိုင် တစ်ဟုန်ထိုး ချီတက်နေသည်။ စနစ်နှင့် အရည်အချင်းပြည့်ဝသော ပဲ့ကိုင်များရှိနေလျှင် အနာဂတ်မြန်မာနိုင်ငံအတွက် သူတို့ကလေးတွေကို ပဲ့ပြင်ပေးနေမှာ ဖြစ်သည်။ ချစ်စရာကောင်းပြီး ရိုးသားဖြူစင်သော ကလေးများကို အနာဂတ်အတွက် လူတော်လူကောင်းများဖြစ်ရန် ယခုအချိန်တွင် ပြုစု ပျိုးထောင်ဖို့အတွက် ဥယျာဉ်မှူးများ၏ တာဝန်သာ ဖြစ်ပါတော့သည်။

Eleven Daily News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...