ကြက်ဥ ဟင်းလျာ (Egg Korma)

တောင်ပိုင်း အိန္ဒိယစတိုင် ကြက်ဥ ဟင်းလျာပါ။ ကြက်ဥကို ပြုတ်ပြီ အုန်းနို့၊ အိန္ဒိယဟင်းခတ် အမွှေး အကြိုင် အစုံအလင်နဲ့ ရောချက် ထားတာမို့ အရသာက စိမ့်ပြီ ရိုးရိုး ကြက်ဥ ဟင်းလျာတွေထက် တမူထူးခြား ကောင်းမွန် ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့် ရအောင်…

ပါဝင်ပစ္စည်းများ

ကြက်ဥ – ၄လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာ ထားပေးပါ)
ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ)
ကြက်သွန်နီ – ၂လုံး (ညက်အောင် ထောင်းထားပါ)

ဂျင်း – လတ်တဆစ် (ညက်အောင် ထောင်းထားပါ)
ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
မဆလာ – စားပွဲတင်ဇွန်း တ၀က်
နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
အုန်းနို့အနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
နွားနို့ – စားပွဲတင်ဇွန်း ၄ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
သီဟိုဌ်စေ့ – ၈ခု (ညက်အောင် ထောင်းပါ)
နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
ဂီ (သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း



ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဂီ(သို့)ထောပတ်ကို အပူပေးပြီ ပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း တို့ကို ၁မိနစ်ခန့် ဆီပူထိုးပေးပါ။

၂။ ပြီမှ မဆလာ၊ နံနံစေ့မှုန့်၊ ငရုတ်သီးစိမ်း တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။



၃။ ထို့နောက် ခရမ်းချဉ်သီးထည့်၊ ရေ(၂၀၀ မီလီလီတာ) ထည့်ပြီ ခရမ်းချဉ်သီးနွှမ်းသည် အထိ တည် ထားပေးပါ။

၎။ ပြီလျှင် ပြုတ်ထားတဲ့ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ နွားနို့၊ အုန်းနို့ ထည့်ကာ နောက်ထပ် ၂မိနစ်ခန့် မီးအတင့်သင့်ဖြင့် တည်ထားပါ။



၅။ ထို့နောက် သီဟိုဌ်စေ့၊ နံနံပင် အုပ်ကာ အရသာရှိသော ကြက်ဥ ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…



Wutyee Food House
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...